ဘန်ကောက်တွင် ဇီကာဗိုင်းရပ်စ်ပိုး ပျံ့နှံ့နေသဖြင့် ခြင်ကိုက်မခံကြရန် သတိပေး

0
1235

ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်တွင် ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်ပြန့်ပွားလာမှုကြောင့် ပြည်သူများအနေဖြင့် ခြင်ကိုက်မခံရရေး ဂရုစိုက်ကြရန် သတိပေးထားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ပြည်သူများအနေဖြင့် ခြင်ကိုက်မခံရရေးအတွက် သတိထားနေထိုင်ကြရန် ချူလာလောင်ကွန်းတက္ကသိုလ်၏ ဆေးပညာမဟာဌာန ရောဂါပိုးမွှားဗေဒပညာရှင် အကြီးအကဲက ဒီဇင်ဘာ နောက်ဆုံးပတ်တွင် သတိပေးပြောကြားခဲ့ဟုဆိုသည်။

ဇီကာဗိုင်းရပ်ပိုးသည် ခြင်မှတစ်ဆင့် ကူးစက်ပြီး သွေးလွန်တုပ်ကွေးရောဂါ လက္ခဏာများနှင့် ဆင်တူသော်လည်း သွေးလွန်တုပ်ကွေးကဲ့သို့ မပြင်းထန်ကြောင်း ဖော်ပြထားသည်။

သို့သော်လည်း အခြားရောဂါအသစ်များ ထပ်တိုးလာနိုင်သဖြင့် အသက်ရှူလမ်းကြောင်း ပိတ်နိုင်သည်အထိ ဖြစ်ပေါ်နိုင်ကြောင်း သတိပေးထားသည်။

ဘန်ကောက်မြို့အတွင်းသာမက စေတီပုထိုးများတွင်ပါ ကူးစက်မှုများ ရှိလာနိုင်သဖြင့် ဗိုင်းရပ်စ်ကူးစက်မှုကို စောင့်ကြည့်နေကြောင်း သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားချက်ကို ဖော်ပြထားသည်။

လက်ရှိတွင် ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်ခံနေရသော လူနာအရေအတွက်ကို အတိအကျမသိရှိရသေးသော်လည်း ကူးစက်ခံထားရသော လူနာများတွင် သေဆုံးစေနိုင်သည့် အဆင့်အထိ ပြင်းထန်သည်ကို တွေ့ရှိရကြောင်း သတိပေးချက်ကို ဖော်ပြထားသည်။

ကိုယ်ဝန်ဆောင်အမျိုးသမီးများ ကူးစက်ခံရပါက ဉာဏ်ရည်ချို့တဲ့သော ကလေးကို မွေးဖွားနိုင်သလို ပုံမှန်ထက်သေးငယ်သော ဦးခေါင်းရှိသည် ကလေးများကိုလည်း မွေးဖွားခြင်းများ ဖြစ်စေနိုင်ကြောင်း သတိပေးထားသည်။

ဇီကာဗိုင်းရပ်စ်ပိုးသည် အပူပိုင်းဒေသတွင် ပြင်းထန်သော အဖျားရောဂါဖြစ်စေသည့် အခြားတုပ်‌ကွေးဗိုင်းရပ်စ်ကဲ့သို့ပင် ခြင်ကိုက်ခံရခြင်းမှ ကူးစက်ပြန့်ပွားလာခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ဗိုင်းရပ်စ်ပိုးသယ်ဆောင်ထားသော အေးဒီးစ်ခြင် (Aedes) အမျိုးအစားများများ အကိုက်ခံရခြင်းကြောင့် အဓိကကူးစက်ခံရနိုင်ကြောင်း ဖော်ပြထားသည်။

ပြည်သူများအနေဖြင့် ခြင်ကိုက်မခံရအောင် အရောင်ဖျော့သော လက်ရှည်အင်္ကျီများဝတ်ခြင်း၊ ခန္ဓာကိုယ်တွင် ခြင်ဆေးလိမ်းခြင်းများလည်း ပြုလုပ်သင့်ကြကြောင်း လမ်းညွှန်ထားသည်။

ဇီကာဗိုင်းရပ်စ်ပိုးကူးစက်ခံရပါက နှစ်ရက်မှ ခုနှစ်ရက်အတွင်း အဆစ်အမြစ်နာခြင်း၊ မျက်စိနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားများနာကျင်ခြင်းနှင့် ပင်ပန်းနွမ်းနွယ်ခြင်းစသည့် ရောဂါလက္ခဏာများပြသကြောင်း ဖော်ပြထားသည်။

နောက်ပိုင်းတွင် ဖျားပြီး အနီကွက်အနီစက်များ ဖြစ်ပေါ်လာတတ်ကြောင်းလည်း ဖော်ပြထားသည်။

Ref: The Nation Thailand, Thai PBS World