ယခုနှစ် ကိုင်းစိုက်ရာသီ ကလိန်အောင်တွင် ပြောင်းဖူးစိုက်သူနည်း

0
823

ရေဖြူမြို့ နယ်၊ ကလိန်အောင်မြို့တွင် ယခုနှစ် ကိုင်းစိုက်ရာသီ၌ ဒေသထွက်ပြောင်းဖူး စိုက်ပျိုးသူနည်းလာကြောင်း ပြောင်းစိုက်တောင်သူများထံမှသိရသည်။

သီးနှံဖျက်ပိုးများ ကျရောက်မှုကြောင့် အခက်အခဲကြုံရသလို တိုက်ပွဲများနှင့် မကြာခဏ စစ်ကြောင်းထိုး ဝင်ရောက်မှုများလည်းရှိသဖြင့် စိုက်ပျိုးသူ နည်းပါးလာရခြင်းဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။

“ သီးဖျက်ပိုး(ဒေသအခေါ်-နွားချေးပိုး) က တော်တော်ဆိုးတယ်။ အဲဒါကြောင့် မစိုက်ကြတော့တာလည်းပါတယ်“ ဟု ယခုနှစ်ကိုင်းသီးနှံ စိုက်ပျိုးခြင်းရပ်နားထားသည့် တောင်သူတစ်ဦးကပြောသည်။

ယင်းအပြင် ကိုင်းသီးနှံ စိုက်ခင်းများအတွင်း စစ်ကောင်စီက ညအိပ်စောင့်ခွင့်မပြုသလို မကြာခဏ စစ်ကြောင်းထိုးဝင်ရောက်မှုများကြောင့် ပုံမှန်အလုပ်မလုပ်နိုင်သဖြင့် စိုက်ခင်း ရပ်နားလိုက်သူများလည်းရှိကြောင်း ၎င်းကဆက်ပြောသည်။

“ မနှစ်ကဆိုရင် ကိုင်းခြံရှိတဲ့လူအကုန်နီးပါး ပြောင်းစိုက်တယ်။ အခုနှစ်က ကလိန်အောင်နယ်တစ်ခွင်မှာ တောင်သူ ၅ ဦးလောက်ပဲစိုက်ဖြစ်တယ်။ တစ်နယ်အတွင်းစားလောက်ရုံပဲ။ အခြားကိုပို့လို့ မလောက်ဘူး” ဟု ပြောင်းစိုက်တောင်သူတစ်ဦးကပြောသည်။

ပြောင်းဖူးစိုက်တောင်သူ နည်းလာခြင်းကြောင့် ယခုနှစ်ပြောင်းအထွက်နှုန်း ထက်ဝက်ကျဆင်း၍ စျေးအနည်းငယ်တက်ကြောင်း တောင်သူများနှင့်အဝယ်ဒိုင်များကဆိုသည်။

ပြောင်းဖူးအထွက်နှုန်းနည်းသဖြင့် ယခင်နှစ် ဒိုင်ဝယ်စျေးတစ်လုံး ၂၅၀ကျပ်မှ ယခုနှစ်တွင် ၃၀၀ကျပ် ဖြင့် ဝယ်ယူရကြောင်း ကလိန်အောင်ပြောင်းဖူး ဝယ်ယူရောင်းချသည့် ကုန်စိမ်းစျေးသည်တစ်ဦးက ပြောသည်။

ယခုနှစ် ပြောင်းဖူးအထွက်နှုန်း နည်းသဖြင့် ကလိန်အောင်မြို့နယ် ပတ်ဝန်းကျင်အတွင်းသာ ရောင်းချနိုင်ပြီး ယခင်နှစ်များကဲ့သို့ အခြားဒေသများသို့ တင်ပို့ရောင်းချနိုင်ခြင်းမရှိပေ။

ကလိန်အောင်မြို့နယ်တွင် ကလိန်အောင်ချောင်းနံဘေးရှိ ဇင်းဘာရွာနှင့် အင်းပြားရွာတို့တွင် နှစ်စဥ် စက်တင်ဘာလမှစတင်ပြီး ကိုင်းစိုက်ရာသီ ၈ လအတွင်း ပြောင်းဖူ၊ ခရမ်းသီး၊ကန်စွန်းနှင့်ချဥ်ပေါင် စသည့်ကိုင်းသီးနှံများ စိုက်ပျိုးရောင်းချလေ့ရှိသည်။