ကိုးကန့်တပ်က စစ်ဘေးရှောင်များကို တပ်သားသစ်စုဆောင်းနေဟု HRW ထုတ်ပြန်

0
1218
ဓာတ်ပုံ: HRW

ရှမ်းပြည်နယ်တွင် တိုက်ပွဲရှောင်လာသော စစ်ဘေးရှောင်များကို ကိုးကန့်တပ် (မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ် (MNDAA))က ပြန်ပေးဆွဲ၍ တပ်သားအဖြစ် အတင်းအကျပ် စုဆောင်းနေကြောင်း လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ (HRW) က ဒီဇင်ဘာ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

MNDAA အနေဖြင့် အရပ်သားများ၊ စစ်ဘေးရှောင်များအပေါ် ကျူးလွန်နေသည့် ကြမ်းတမ်းသောလုပ်ရပ်များကို ချက်ချင်းရပ်သင့်ကြောင်း၊ စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားရာ၌လည်း အရပ်သားများကို အကာအကွယ်ပေးရန် နည်းလမ်းများ ချမှတ်ထားသင့်ကြောင်း HRW ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“MNDAA ဟာ အရပ်သားတွေကိုပြန်ပေးဆွဲတာ၊ တပ်သားအဖြစ် အတင်းအကျပ် စုဆောင်းတာတို့ကို လုပ်ဆောင်နေသလို အရပ်သားတွေကို ဆိုးဆိုးရွားရွား အန္တရာယ်ဖြစ်စေလို့ စစ်ပွဲဥပဒေကို ချိုးဖောက်နေတယ်” ဟု လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့၏ အာရှရေးရာ ဒါရိုက်တာ Elaine Pearson က ဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်နေ့မှစ၍ မဟာမိတ်အဖွဲ့များက ၁၀၂၇ စစ်ဆင်ရေးကို စတင်ခဲ့ပြီးနောက် ရှမ်းပြည်နယ်တွင် ပြည်သူတစ်သိန်းကျော် စစ်ဘေးရှောင်နေကြရပြီး တစ်နိုင်ငံလုံးတွင် စစ်ဘေးရှောင် ခြောက်သိန်းကျော် ထပ်တိုးလာကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကိုးကန့်အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်‌ရဒေသ၏မြို့တော် လောက်ကိုင်မှ ပြည်သူသောင်းနှင့်ချီလည်း ထွက်ပြေးလာခဲ့ကြကြောင်း ထုတ်ပြန်ထားသည်။

ယခင်က ပိတ်ထားသော တောတွင်းကားလမ်းများကို ဖွင့်ပေးခြင်းဖြင့် စစ်ဘေးရှောင်များကို MNDAA က အကူအညီပေးခဲ့သော်လည်း MNDAA သည် စစ်ဘေးရှောင်များ၏ မိုဘိုင်းဖုန်းများကို သိမ်းယူခြင်း စစ်ဘေးရှောင်များကို ထိန်းသိမ်းဖမ်းဆီးခြင်းများ ရှိလာခဲ့ကြောင်း ဒေသတွင်းမီဒီယာနှင့် မျက်မြင်သက်သေများ၏ ပြောကြားချက်ကို အခြေခံ၍ HRW ကယင်းသို့ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

သို့သော်လည်း ထိန်းသိမ်းခံရသူအ‌ရေအတွက်ကို အတိအကျ မသိရကြောင်း ဖော်ပြထားသည်။

ယင်းနှင့်ပတ်သက်၍ ကိုးကန့်တပ်ဘက်ကမူ တစ်စုံတရာ ထုတ်ပြန်ခြင်းမရှိသေးပေ။