မြိတ်တွင် ညဘက်ထွက်သူများကို ဖမ်းဆီးမှုဆက်တိုက်ရှိနေပြီး တစ်ရက်ဆယ်ဦးခန့် အဖမ်းခံရ

0
2774

မြိတ်မြို့တွင် ညဘက်အပြင်ထွက်သူများကို ဖမ်းဆီးမှုဆက်တိုက်ရှိနေပြီး တစ်ရက် ဆယ်ဦးခန့် အနည်းဆုံး အဖမ်းခံရကြောင်း ပြန်လွတ်လာသူအချို့ထံမှ သိရသည်။

မြိတ်တွင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်းမှစပြီး ညမထွက်ရအမိန့် ထုတ်ပြန်ပြီးနောက် ညဘက်ထွက်သူများကို လိုက်လံဖမ်းဆီးနေခြင်းဖြစ်ပြီး မှောင်ရိပ်ခိုမှုဖြင့် ထောင်တစ်လ ချမှတ်နေခြင်းဖြစ်သည်။

“ထောင်ထဲမှာ နေ့တိုင်း အဝင်အထွက်ရှိတယ်။ အဝင်အထွက် မရှိတဲ့နေ့တောင် မရှိဘူး” ဟု မြိတ်တောင်နယ်မြေအတွင်းရှိ ရပ်ကွက်တစ်ခုမှ မှောင်ရိပ်ခိုမှုဖြင့် ပြန်လည်လွတ်မြောက်လာသူ တစ်ဦးက ပြောသည်။

အောက်တိုဘာလအတွင်းက ညဘက် အရက်ဆိုင်မှအပြန် ဖမ်းဆီးခံရခြင်းဖြစ်ပြီး ကားပေါ်တွင် ၎င်းအပါအဝင် ဖမ်းဆီးခံထားရသူ ဆယ်ဦးကျော်ခန့်ရှိကြောင်း ပြောပြသည်။

မှောင်ရိပ်ခိုမှုဖြင့် ဖမ်းဆီးခံရသူများကို ရဲစခန်းတွင် တစ်ညထားပြီး နောက်တစ်ရက်တွင် မြို့နယ်တရားရုံးသို့ ပို့ဆောင်ကာ အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်လ ချမှတ်ကြောင်း မှောင်ရိပ်ခိုမှုဖြင့် ပြန်လည်လွတ်မြောက်လာသူအချို့က ပြောပြသည်။

“တရားရုံးမှာ အမိန့်ချပြီး ထောင်တန်းပို့တာဘဲ၊ ထောင်ထဲမှာ အလုပ်တွေလည်း လုပ်ရတယ်” ဟု အသက် ၄၀ နှစ်ကျော်ရှိ ပြန်လည်လွတ်မြောက်လာသူတစ်ဦးက ပြောသည်။

ထောင်ဒဏ် တစ်လချမှတ်ခံရသူတို့ကို မြိတ်အကျဉ်းထောင်၏ အပြင်ဘက်စခန်းတွင် ထားရှိထားပြီး၊ မြက်နုတ်ခြင်း၊ ထောင်တွင်းရှိ နေအိမ်အချို့ပြုပြင်ရခြင်း စသည့်လုပ်ငန်းများ လုပ်ကိုင်ရကြောင်း ၎င်းက ပြောပြသည်။

ထို့အပြင် မှောင်ရိပ်ခိုမှုဖြင့် ဖမ်းဆီးထောင်ချခံရသူများတွင် စိတ်ဝေဒနာခံစားနေရသူ အချို့လည်း ရှိနေကြောင်း သိရသည်။

“(စိတ်ဝေဒနာ ခံစားနေရသူ)တစ်ယောက်စ နှစ်ယောက်စ‌တွေ့ခဲ့တယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

မြိတ်မြို့တွင် ညမထွက်ရအမိန့်ကို ည ၁၂ နာရီမှ မနက် ၄ နာရီအထိ သတ်မှတ်ထားရာမှ အောက်တိုဘာလ ၂၇ ရက်နေ့မှစပြီး ည ၁၂ နာရီမှ မနက် ၃ နာရီသို့ လျှော့ချသတ်မှတ်ခဲ့သည်။

ညမထွက်ရအမိန့် ထုတ်ပြန်ပြီးအချိန်မှစပြီး လက်ရှိအချိန်အထိ ညဘက်ထွက်သူများကို စစ်ကောင်စီက မော်တော်ယာဉ်များဖြင့် လိုက်လံဖမ်းဆီးလေ့ရှိကြောင်း မြို့ခံအချို့က ဆိုသည်။