တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

0
1203

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

နိုဝင်ဘာလ ၁၈ ရက်နေ့မှ ၂၄ ရက်နေ့အထိ

ဂါဇာဆေးရုံက မွေးကင်းစကလေးငယ် ၂၈ ဦးကို ဆေးကုရန် အီဂျစ်ကိုပို့ဆောင်

အစ္စရေးစစ်တပ်ဝင်ရောက်စီးနင်းခဲ့တဲ့ ဂါဇာဆေးရုံကြီးက ရက်မစေ့ အလေးချိန်မပြည့်တဲ့ မွေးကင်းစ ကလေး ၂၈ ဦးကို နိုဝင်ဘာ ၂၀ ရက်နေ့မှာ အီဂျစ်နိုင်ငံကို ပို့ဆောင်ခဲ့ပါတယ်။

မွေးကင်းစ ကလေး ၃၁ ဦးကို ဂါဇာဆေးရုံကြီးကနေ ဂါဇာတောင်ပိုင်းက ဆေးရုံကို နိုဝင်ဘာ ၁၉ ရက်နေ့က ပထမ အရေးပေါ် ပြောင်းရွှေ့ခဲ့ရတာပါ။

ဒီထဲကမှ တည်ငြိမ်နေတဲ့ ကလေးငယ် ၃ ဦးကို ဆေးရုံမှာ ဆက်ကုသပေးခဲ့ပြီး ကျန် ၂၈ ဦးကို အီဂျစ်ကို ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။

အထူးကုသဆောင်က ကလေးတွေကို ဆက်ပြီးနွေးနေအောင် ဆရာဝန်တွေ ကုသပေးနေတဲ့ ပုံရိပ်တွေက အွန်လိုင်းမှာတက်လာပြီး တစ်ကမ္ဘာလုံး အာရုံစိုက်လာခဲ့ပါတယ်။

ဂါဇာဆေးရုံမှာတော့ လျှပ်စစ်မီးပြတ်တောက်ပြီး အသက်ရှူကူစက်တွေနဲ့ တခြားစက်ပစ္စည်းတွေရပ်တန့်ကာ ရေ၊ အစားအစာနဲ့ ဆေးဝါးတွေလည်း ပြတ်လပ်နေခဲ့ပါတယ်။

ဆေးရုံကို အစ္စရေးတပ်ဖွဲ့တွေ နိုဝင်ဘာ ၁၈ ရက်နေ့က ဝင်ရောက်တိုက်ခိုက်ပြီး ၃ ရက်ကြာတဲ့အထိ ဒဏ်ရာရထားသူတွေက ပိတ်မိနေခဲ့တာပါ။

အဆင့်မြင့် ပစ္စည်းကိရိယာတွေ ရှိတဲ့ ဂါဇာရဲ့ အကြီးဆုံးဆေးရုံကြီးဟာ စစ်ထိုးခံထားရတဲ့ စစ်တလင်းဖြစ်လာခဲ့ပါတယ်။

Ref: Aljazeera

………………………………..

အစ္စရေး-ဟားမတ်စ် ၄ ရက် အပစ်အခတ် ယာယီရပ်စဲ

ပြည်သူအားလုံး မျှော်လင့်စောင့်စားနေတဲ့ အစ္စရေး-ဟားမတ်စ်စစ်ပွဲ ၄ ရက်ကြာ အပစ်အခတ်ရပ်စဲမှုဟာ နိုဝင်ဘာ ၂၄ ရက်နေ့ နံနက် ၇ နာရီမှာ အသက်ဝင်ခဲ့ပါတယ်။

အစ္စရေးဘက်က အပစ်အခတ်ရပ်စဲတာသည် ယာယီသာဖြစ်ပြီး စစ်ပွဲ တကယ်မပြီးသေးဘူးလို့ သတိပေးခဲ့တာပါ။

ကာတာနိုင်ငံကနေ ကြားဝင်ညှိနှိုင်းပေးလို့ ဟားမတ်စ်အဖွဲ့က ဖမ်းဆီးထားတဲ့ ဓါးစာခံ အစ္စရေးနိုင်ငံသား ၁၃ ဦးကို နိုဝင်ဘာ ၂၄ ရက်နောက်ပိုင်းမှာ ပြန်လွှတ်ပေးမယ်လို့ ကတိပြုခဲ့ပါတယ်။

နောက် ၄ ရက်ထဲမှာ နောက်ထပ် ဓါးစာခံ ၅၀ ကိုလည်း ထပ်လွှတ်ပေးသွားမယ်လို့ သဘောတူခဲ့ပါတယ်။

သဘောတူညီချက်အရတော့ အစ္စရေးဘက်က ဖမ်းဆီးထားတဲ့ ပါလက်စတိုင်း ၁၅၀ ဦးကို ပြန်လွှတ်ပေးရမှာပါ။

အပစ်ခတ်ရပ်စဲရေး အသက်မဝင်ခင်အချိန်ခဏအတွင်းမှာ ဂါဇာဘက်က သေနတ်ပစ်ခတ်သံနှင့် လေကြောင်းပစ်ခတ်သံများ ကြားခဲ့ရပါသေးတယ်။

ဆေးဝါးပစ္စည်းတွေ၊ လောင်စာဆီတွေနဲ့ အစားအစားတွေ သယ်ဆောင်လာတဲ့ ထရပ်ကားတွေက အီဂျစ်နိုင်ငံကနေ ဂါဇာအတွင်း ဝင်လာဖို့ ရှိနေပါတယ်။

နိုဝင်ဘာ ၂၄ ရက်နေ့ ဗြိတိန်နိုင်ငံခြားရေးအတွင်းဝန်နဲ့ ပါလက်စတိုင်းခေါင်းဆောင်တို့ တွေ့ဆုံခဲ့ရမှာ ဗြိတိန်က ဂါဇာကို ထောက်ပံ့ပစ္စည်းပေးပို့နိုင်ဖို့နည်းလမ်းရှာနေတယ်လို့ ဆိုပါတယ်။

Ref: BBC

………………………………..

ကမ္ဘာကြီးပူနွေးလာမှု သတ်မှတ်ချက်ထက် ကျော်လွန်လာ

ကမ္ဘာမြေကြီးရဲ့ အပူချိန်ဟာ ၂ ဒသမ ၅ ဒီဂရီ စင်တီဂရိတ်ကနေ ၂ ဒသမ ၉ ဒီဂရီ စင်တီဂရိတ်ကြား မြန်မြန်ဆန်ဆန် ပိုပြီး ပူနွေးလာနေပါတယ်။

ဒါကို နိုဝင်ဘာ ၂၀ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ကုလသမဂ္ဂအစီရင်ခံစာက ကြေညာလိုက်တာပါ။

အရင်က ၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ် ထက်ပိုပြီး မပူလာအောင် ‌လုပ်ဆောင်ကြဖို့ သတ်မှတ်ခဲ့တာကြောင့် သတ်မှတ်ချက်တွေကို အများကြီး ကျော်လွန်လာခဲ့ပါတယ်။

ပါရီသဘောတူညီချက်အတိုင်းဖြစ်ဖို့ဆိုရင် တိုင်းပြည်တွေက သူတို့ရဲ့ ကာဗွန် ထုတ်လုပ်မှုကို ဒီဆယ်စုအကုန်မှာ ၄၂ ရာခိုင်နှုန်း လျှော့ချရမှာပါ။

ကျောက်မီးသွေး၊ ရေနံနဲ့ ဓာတ်ဆီတွေ လောင်ကျွမ်းရာက ထွက်လာတဲ့ ကာဗွန်ထုတ်လုပ်မှုက မနှစ်ကထက် ၁ ဒသမ ၂ ရာနှုန်းတက်သွားတယ်လို့ ကုလသမဂ္ဂက ဆိုထားပါတယ်။

Ref: Euronews

………………………………..

ဂြိုဟ်တုလွှတ်တင်ခဲ့ဟု မြောက်ကိုရီးယားကြေညာ

ပထမဆုံးထောက်လှမ်းရေး ဂြိုဟ်တု ကို ကမ္ဘာပတ်လမ်းကြောင်းထဲ နိုဝင်ဘာ ၂၁ ရက်နေ့က အောင်မြင်စွာလွှတ်တင်နိုင်ခဲ့တယ်လို့ မြောက်ကိုးရီးယားက ထုတ်ပြန်လိုက်ပါတယ်။

ဒါကို ခေါင်းဆောင် ကင်ဂျုံအမ်း က ကိုယ်တိုင် ကြီးကြပ်ကြည့်ရှုခဲ့ပြီး ဂြိုလ်တုက လုပ်ဆောင်နိုင်မနိုင်တော့ အတည်မပြုသေးပါဘူး။

ဂျပန်အစိုးရကတော့ တိုက်ချင်းပစ် ဒုံးကျည်လို့ ယူဆရတဲ့ ဒုံးကျည်ကို ပစ်လွှတ်ခဲ့တယ်လို့ပြောခဲ့ပါတယ်။

ဒါကြောင့် အိုကီနားဝါး (Okinawa) မှာ နေထိုင်ကြတဲ့သူတွေကို ချက်ခြင်း သတ်မှတ်ခိုလှုံရာနေရာတွေကို သွားဖို့ အမိန့်ထုတ်ခဲ့ပါတယ်။

မြောက်ကိုရီးယားက ဒါကို လွှတ်တင်တာ ဒီနှစ်မှာ တတိယအကြိမ်ဖြစ်ပါတယ်။

မေလနဲ့ ဩဂုတ်လတုန်းက လွှတ်တင်ခဲ့တာတွေကတော့ မအောင်မြင်ခဲ့ပါဘူး။

Ref: BBC

………………………………..

အမေရိကန်-ကနေဒါ နယ်စပ်တံတားပေါ် ကားပေါက်ကွဲမှုကြောင့် ၂ ဦးသေဆုံး

အမေရိကန်-ကနေဒါ နယ်စပ် အမေရိကန်ဘက်က စစ်ဆေးရေးဂိတ်မှာ နိုဝင်ဘာ ၂၂ ရက်နေ့က ကားတစီးပေါက်ကွဲခဲ့လို့ ကားပေါ်ပါ လူနှစ်ဦး သေဆုံးသွားခဲ့ပါတယ်။

ဒီနယ်စပ်ဂိတ်က နိုင်ရာဂရာရေတံခွန်အနီးက ဂိတ်ဖြစ်ပြီး ပေါက်ကွဲခဲ့ပြီးနောက် နယ်စပ်ဖြတ်လမ်းကိုလည်း ပိတ်ထားလိုက်ပါတယ်။

နိုင်ရာဂရာ မြစ်ကူး သက်တန့်တံတားပေါ်က ‌ပေါက်ကွဲမှုကို စုံစမ်းစစ်ဆေးနေပါတယ်လို့ အမေရိကန်ဘက်က ပြောကြားပါတယ်။

ပေါက်ကွဲရတဲ့အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။

ဒီကားက တံတားဆီကို မောင်းလာပြီး အခြားကားတစီးကိုရှောင်ရာကနေ အတားအဆီးတွေကိုဝင်တိုက်ပြီး ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။

Ref: REUTERS

………………………………..

တရုတ်မှာ ကလေးငယ်တွေ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှု များလာ

တရုတ်နိုင်ငံက ကလေးငယ်တွေကြား အသက်ရှူလမ်းကြောင်းဆိုင်ရာ ဖျားနာမှုတွေ ပိုဖြစ်လာပြီး အဆုတ်ရောင် နမိုးနီးယားရောဂါလည်း ပိုမိုဖြစ်နေကြပါတယ်။

ဒီသတင်းတွေနဲ့ပက်သက်လို့ အသေးစိတ်ကို ရှင်းပြပေးဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကတရားဝင် တောင်းဆိုလိုက်တာပါ။

တရုတ်နိုင်ငံမြောက်ပိုင်းက ကလေးငယ်တွေကြား နမိုးနီးယားအဆုတ်ရောင်လို ရောဂါအမည်မဖော်နိုင်တဲ့ ရောဂါတွေ ဖြစ်နေကြတယ်လို့ စောင့်ကြည့်နေတဲ့ အဖွဲ့တွေက နိုဝင်ဘာ ၂၁ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

နိုဝင်ဘာလ ၁၃ ရက်နေ့ကလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ တရုတ်နိုင်ငံထဲမှာ အသက်ရှူလမ်းကြောင်းပြဿနာနဲ့ ဖျားနာသူတွေ တိုးနေတယ်လို့ ဆိုခဲ့ပါတယ်။

Ref: Aljazeera

………………………………..

အမေရိကန်တွင် ကျေးဇူးတော်နေ့ အခမ်းအနားကျင်းပ

နိုဝင်ဘာ ၂၃ ရက်နေ့မှာ ကျရောက်တဲ့ ကျေးဇူးတော်နေ့ အထိမ်းအမှတ်ကို အမေရိကန်ပြည်ထောင်စုမှာ ပွဲလမ်းသဘင်အခမ်းအနားတွေနဲ့ ဆင်နွှဲခဲ့ကြပါတယ်။

နယူးယောက်မြို့က Macy’s ဈေးဝယ်စင်တာရဲ့ စီတန်းလှည့်လည်ဖျော်ဖြေပွဲက ကျေးဇူးတော်ပွဲရဲ့ အထင်ရှားဆုံးထဲက တခုပါ။

ဒီချီတက်ပွဲကို ၁၉၂၇ ခုနှစ်ကတည်းက စတင်ခဲ့တာဖြစ်ပါတယ်။

ကျေးဇူးတော်နေ့ဆိုတာ ကနေဒါနိုင်ငံနဲ့ အမေရိကန်နိုင်ငံတွေမှာ အဓိကကျင်းပလေ့ရှိတဲ့ နေ့ထူးနေ့မြတ်ဖြစ်ပါတယ်။

သီးနှံတွေ ရိတ်သိမ်းပြီးခဲ့တဲ့အတွက်ရော၊ နောက်လာမယ့် စိုက်ပျိုးရေးနှစ်မှာ သီးနှံဖြစ်ထွန်းဖို့အတွက်ပါ ကောင်းချီးပေးသူတွေကို ကျေးဇူးတင်တဲ့နေ့ဖြစ်ပါတယ်။

Ref: Xinhua

………………………………..

အဆိုတော် ရှက်ကီယာ အခွန်ရှောင်မှုအတွက် ဒေါ်လာ ၈ သန်း ဒဏ်ကြေးဆောင်

ကမ္ဘာကျော် ကိုလံဘီယာအဆိုတော် ရှက်ကီယာဟာ အခွန်ရှောင်မှုနဲ့ တရားစွဲခံထားရတာကို အမေရိကန်ဒေါ်လာ ၈ သန်း ဒဏ်ကြေးဆောင်လိုက်ရပါတယ်။

၂၀၁၂ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ်ကြား စပိန်နိုင်ငံမှာ ဝင်ငွေခွန် အမေရိကန်ဒေါ်လာ ၁၉ သန်းပေးဆောင်ဖို့ ပျက်ကွက်တယ်ဆိုပြီး ဘာစီလိုနာမြို့တော်မှာ တရားရင်ဆိုင်ရတာပါ။

သူက ပေးဆောင်ရမယ်ဆိုတဲ့ ငွေစုစုပေါင်းရဲ့ တစ်ဝက်ခန့်ကို ဒဏ်ကြေးဆောင်ပြီး သဘောတူညီမှု ရယူလိုက်ပါတယ်။

သူမကို ထောင်ဒဏ် ၈ နှစ်အထက် ကျခံစေဖို့ တရားစွဲခဲ့ပေမဲ့ ဒဏ်ကြေး ဒေါ်လာ ၅ သိန်း နီးပါးလည်း ထပ်မံပေးဆောင်ခဲ့ပြီး ကျေအေးခဲ့ပါသေးတယ်။

အရင်ကတော့ သူမက အခွန်ရှောင်မှုက မတရားစွပ်စွဲမှုဖြစ်သလို အမှုပြေလည်သွားတဲ့အထိ မရရအောင် ပြန်ချေပမယ်လို့ ပြောထားခဲ့တာဖြစ်ပါတယ်။

Ref: CNN

………………………………..

BLACKPINK ကို ဗြိတိန်ဘုရင်က MBE ဆုချီးမြှင့်

တောင်ကိုးရီးယားကေပေါ့ အမျိုးသမီးဂီတအဖွဲ့ BLACKPINK အဖွဲ့ဝင်တွေကို ဗြိတိန်ဘုရင် ချားလ်စ်က ဗြိတိန်အင်ပါယာရဲ့ ဂုဏ်ထူးဆောင်အဖွဲ့ဝင် MBE ဆုကို ချီးမြှင့်ခဲ့ပါတယ်။

Member of the Order of the British Empire (MBE) ဆုတံဆိပ်ဟာ ဗြိတိန် အင်ပါယာက ပေးအပ်ချီးမြှင့်တဲ့ ဆုဖြစ်ပြီး ရာသီဥတုပြောင်းလဲမှုနဲ့ ပက်သက်လို့ လုပ်ဆောင်ခဲ့တာတွေအတွက် ပေးအပ်တာလို့ ဆိုပါတယ်။

တောင်ကိုရီးယာသမ္မတ ယွန်းဆော့ခ်ယောပါ တက်ရောက်တဲ့ အခမ်းအနားမှာ ဒီဆုကို ချီးမြှင့်လိုက်တာပါ။

“တချိန်ချိန်မှာ မင်းတို့ဖျော်ဖြေတာကို ကြည့်ဦးမယ်” လို့ ဘုရင်ကြီးက ပြောကြားခဲ့ပါတယ်။

ဗြိတိန်ဘုရင် ချားလ်စ်နဲ့ မိဘုရား ကမ်မီလာတို့က ညစာစားပွဲနဲ့ တည်ခင်းဧည့်ခံခဲ့ပါတယ်။

Ref: REUTERS

………………………………..

ကမ္ဘာ့အမှိုက်ကောက်ပြိုင်ပွဲမှာ အိမ်ရှင်ဂျပန်ကို ကျော်ပြီး ဗြိတိန်အသင်း ဗိုလ်စွဲ

ကမ္ဘာ့အမှိုက်ကောက်ပြိုင်ပွဲမှာ ဗြိတိန်အသင်းက အိမ်ရှင်ဂျပန်အသင်းကို ကျော်ဖြတ်ပြီး ဗိုလ်စွဲသွားခဲ့ပါတယ်။

သဘာဝ ပတ်ဝန်းကျင်ပြဿနာတွေကို သတိထားမိစေဖို့ ရည်ရွယ်ပြီး ယခုသီတင်းပတ်ထဲ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကျင်းပနေတာပါ။

ဒီပြိုင်ပွဲကို အသင်းပေါင်း ၂၁ သင်း ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။

ဘရာဇီး၊ သြစတြေးလျ အစရှိတဲ့ နိုင်ငံတွေမှ အသင်းတွေလည်း ပါဝင်ဆင်နွှဲခဲ့ကြပြီး တစ်သင်းကို လူ ၃ ယောက်စီ ပါဝင်ပါတယ်။

သတ်မှတ်နေရာတွေမှာ အမှိုက်ကောက်ရုံသာမက အမှိုက်တွေကိုပါ အမျိုးအစား ခွဲခြားပေးရတာပါ။

ဗြိတိန်အသင်းက အမှိုက် ၅၇ ဒသမ ၃ ကီလိုဂရမ်ကောက်နိုင်ခဲ့ပြီး ရမှတ် ၉၀၄၆ မှတ်နဲ့ အနိုင်ရခဲ့ပါတယ်။

အိမ်ရှင်ဂျပန်ကတော့ ဒုတိယအနေနဲ့ပဲ့ ကျေနပ်ခဲ့ရပါတယ်။

Ref: REUTERS

………………………………..