နောက်ဆုံးတောင်ကုန်းကိုသိမ်းယူနိုင်ပြီးနောက် လောက်ကိုင်မြို့သို့ဦးတည်လာပြီဟု MMDAA ပြော

0
8209
Photo - The Kokang 

ကိုးကန့် တုန်းရှမ်းဒေသရှိ စစ်ကောင်စီတပ်စခန်းများ၊ တောင်ကုန်များကို သိမ်းယူပြီးနောက် လောက်ကိုင်မြို့သို့ ဦးတည်လာနေကြောင်း MNDAA အာဘော် ကိုးကန့်မီဒီယာတွင် ဖော်ပြသည်။

၁၀၂၇ စစ်ဆင်ရေး ၂၉ရက်မြောက်ဖြစ်သည့် နိုဝင်ဘာလ ၂၄ ရက်တွင် ကိုးကန့်ဒေသ တောင်ပိုင်းနှင့် မြောက်ပိုင်းရှိ စစ်ကောင်စီတပ်စခန်း လေးခုကို သိမ်းယူနိုင်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း ဖော်ပြသည်။

ကိုးကန့်ဒေသ၏ နောက်ဆုံးတောင်ကုန်းဖြစ်သည့် ဆိုင်တာအိုင်တောင်ကုန်းအပြင် တုန်းရှမ်းဒေသရှိ ပါကျောက်ရွှေ၊ လွမ်းလောက်လင် တောင်ကုန်းနှင့် ကိုးကန့်မြောက်ပိုင်း ဟုန်ရှင်းဒေသရှိ ပေထန်တပ် စစ်ကောင်စီစခန်းတို့ကိုလည်း သိမ်းယူခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

နောက်ဆုံးတောင်ကုန်းဖြစ်သည့် ဆိုင်တာအိုင်တောင်ကုန်းကို သိမ်းယူပြီးနောက် MNDAA စစ်ရေးက လောင်ကိုင်မြို့သို့ ဦးတည်လာကြောင်း ကိုးကန့်မီဒီယာက ဖော်ပြသည်။

တိုက်ပွဲတွင် ၆၀ မမ စိန်ပြောင်း ၂ လက် ၊ (၈၄ မမ) နောက်ကန်အားမဲ့အမြောက် ၁လက် ၊ စက်သေနက် အကြီး ၂ လက် ၊ ရိုင်ဖယ် ၃ လက် ၊ ပီစတို ၁ လက် ၊ မိုင်းထောက်စက် ၁ စက်နှင့် ၆၀မမကျည်များ ၊ ဟောင်ဝီဇာ အမြောက်ကျည် ၊ လက်ပစ်ဗုံး အမျိုးမျိုး နှင့် ကျည်ဆံများ စသည့်စစ်ပစ္စည်းများနှင့် ကွန်ဗျူတာတစ်လုံး ၊ မြင်းနှင့် မြည်း ၁၅ ကောင်တို့ကို သိမ်းဆည်းရရှိကြောင်း ဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တို့က စစ်ကောင်စီတပ်စခန်း အကြီး၊ အသေး ၁၇၀ ကျော်ကို သိမ်းယူထားကြောင်းလည်း ဖော်ပြသည်။