ကော့သောင်းတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

0
1350
Photo - ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေး အမှတ် (၁) တပ်ရင်း

ကော့သောင်းမြို့နယ်၊ ခမောက်ကြီးတပ်ရင်းမှ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ယနေ့ ညနေပိုင်းက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။

လက်နက်ခဲယမ်း အပြည့်အစုံပါပြီး အင်အား ၅၀ ဝန်းကျင်ရှိသည့် စစ်ကောင်စီတပ်သည် ၂၂ မိုင်မှ လှေသုံးစီးဖြင့် ထွက်ခွာလာရာ မလိဝမ်းခဲမိုင်းနှင့် တိုက်ဖြူဖက်သို့ ရောက်ရှိခဲ့ကြောင်း ဖော်ပြသည်။

ယင်းနောက် နယ်မြေရှင်းလင်းရန် ပြင်ဆင်နေသည့် သတင်းအရ မလိဝမ်းဆယ်အိမ်စုအနီး ယနေ့ ညနေ ၄ နာရီတွင် စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

စောင့်ကြိုတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား သုံးဦးသေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွင် လူသူ၊ လက်နက်အင်အားမမျှသဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ပစ်ခတ်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက် အထိအခိုက် ရှိမရှိ ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်း မရှိပေ။

တိုက်ပွဲအခြေအနေနှင့် ပတ်သက်ပြီး Dawei Watch က ဒေသခံများကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလိုင်အခြေအနေကြောင့် အဆက်အသွယ် မရသေးပေ။