ထိုင်းတွင် မြန်မာလုပ်သားတစ်ဦး ခေါင်းကို စက်ညှပ်မိရာမှ သေဆုံး

0
896

ထိုင်းနိုင်ငံအလယ်ပိုင်း နခွန်ပထုံခရိုင်ရှိ ပလတ်စတစ်စက်ရုံတွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမားတစ်ဦးသည် စက်ချို့ယွင်းမှုရှိသဖြင့် ခေါင်းငုံ့ကြည့်ရာမှ စက်ညှပ်သေဆုံးခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက် ၇ နာရီအချိန်ခန့်တွင် နခွန်ပထုံခရိုင် ဘန့်လေးဒေသရှိ ပလပ်စတစ်ဖိသောစက်တွင် ခေါင်းညှပ်ပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း  ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

သေဆုံးသူသည် ကိုရန်အောင်ဇော်အမည်ရှိသူဖြစ်ပြီး ရဲတပ်ဖွဲ့နှင့် ဆရာဝန်များ ရောက်ရှိလာသောအချိန်တွင် သူအလုပ်လုပ်နေသော စက်ဘေးတွင် သေဆုံးနေပြီဖြစ်ကြောင်း ဖော်ပြထားသည်။

သေဆုံးသူ၏ ခေါင်းတွင် ပြင်းပြင်းထန်ထန် ထိခိုက်မိထားသော ဒဏ်ရာကို တွေ့ရှိရပြီး သေဆုံးရသည့် အကြောင်းအရင်းကို စစ်ဆေးနိုင်ရန်အတွက် ကိုရန်အောင်ဇော်၏ အလောင်းကို နခွန်ပထုံဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။

 သေဆုံးသူသည် ပုံမှန်အတိုင်း အလုပ်ကိုလာရောက်ခဲ့ပြီး သူလုပ်ကိုင်နေသော စက်ချို့ယွင်းသွားသဖြင့် ခေါင်းငုံ့ကြည့်ချိန်တွင် စက်ပြန်လည်ပတ်သွားသဖြင့် ခေါင်းကိုညှပ်မိပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းမှုရလဒ် အရသိရသည်။

ရဲတပ်ဖွဲ့များက အခင်းဖြစ်ပွားရာနေရာကို စစ်ဆေးခဲ့ပြီး ဆက်လက်စုံစမ်း စစ်ဆေးသွားမည်ဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။

Ref: Matichon Online