စပါးရိတ်ချိန် စစ်ကြောင်းထိုးသဖြင့် တောင်သူများ စပါးမရိတ်သိမ်းနိုင်

0
785

စပါးများမှည့်ဝင်းပြီး ရိတ်သိမ်းချိန် ရောက်ပြီဖြစ်သော်လည်း စစ်ကြောင်းထိုးသဖြင့် မရိတ်သိမ်းနိုင်ကြကြောင်း တောင်သူများ ထံမှသိရသည်။

မြိတ်ခရိုင်၊ကျွန်းစုမြို့နယ်သို့ ယခုရက်ပိုင်းအတွင်း ပျူစောထီးပါဝင်သည့် စစ်ကောင်စီတပ်က စစ်ကြောင်းဝင်လာပြီးနောက် နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ခဲ့ရာ အနည်းဆုံးကျေးရွာ လေးရွာခန့်မှ တောင်သူများ စပါးမရိတ်သိမ်းနိုင်ကြပဲ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း တောင်သူများ ထံမှသိရသည်။

“စပါးတွေက မှည့်နေပြီ၊ ရိတ်ဖို့ပြင်ဆင်တုန်း ထွက်ပြေးလာရတယ်။ မြို့ပေါ်တက်မပြေးဘဲ။ ပုန်းရှောင်ကျန်ရစ်သူ တချို့ကတော့ အဆင်ပြေသလို ရိတ်နေကြတယ်”ဟု စစ်ရှောင်နေသည့် မင်းဂုတ်ရွာနေ အမျိုးသမီး ကပြောသည်။

မင်းဂုတ်၊ပြင်ဝန်း၊တုံးဗျောကြီးနှင့် လယ်သစ်ကျေးရွာနေ တောင်သူအများစုမှာ လတ်တလော စစ်ရှောင်နေရပြီး စပါးများကို ရိတ်သိမ်းနိုင်ကြခြင်း မရှိသည့် အခြေအနေတွင် ရှိနေသည်ဟု ဒေသခံများ ထံမှစုံစမ်းသိရှိရသည်။

“စပါးက ရိတ်သိမ်းချိန်ထက် တစ်လလောက် ကျော်သွားရင် ခါးကျိုးပြီး တော်တော်ရိတ်ရ ပင်ပန်းတယ်။ ဆုံးရှုံးမှုများတယ်။ မြေကြီးဆင်းထိပြီဆိုရင်တော့ အကုန်ဆုံးပြီ”ဟု စပါးစိုက်တောင်သူ အမျိုးသားကပြောသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးနေသော်လည်း ပြည်သူ့ကာကွယ်ရေးတပ်များက တောင်သူများစပါးရိတ်သိမ်းချိန်ဖြစ်သည့်အတွက်  ထိန်းထားသည့် အခြေအနေတွင်ရှိနေသည်ဟု မြင်ကြောင်း တောင်သူအမျိုးသားတစ်ဦးက သုံးသပ်သည်။

“သူတို့ဘက်(ပြည်သူ့ကာကွယ်ရေးတပ်)က တောင်သူတွေအပေါ် တအားငဲ့ညာနေလို့ တိုက်ပွဲကြီးကြီးကျယ်ကျယ် မဖြစ်ဘဲနေတာ။ စပါးပြီးအောင် စောင့်နေတဲ့သဘောရှိတယ်”ဟု ၎င်းကပြောသည်။

ပြီးခဲ့သည့်နှစ် စပါးရိတ်ချိန်ကလည်း တနင်္သာရီမြို့နယ်၊မော်တုန်းကျေးရွာအုပ်စုသို့ စစ်ကောင်စီစစ်ကြောင်းထိုးပြီး တိုက်ပွဲဖြစ်သဖြင့် စပါးမရိတ်နိုင်ကြပဲ တောင်သူများ ထွက်ပြေးကြရပြီး ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သေးသည်။

တိုက်ပွဲဖြစ်ပွါးခြင်းမရှိသည့် ကျေးရွာများတွင်တော့ စပါးများရိတ်သိမ်းနေကြပြီဖြစ်သော်လည်း မကြာခဏမိုးရွာနေသည့်အတွက် လုပ်ငန်းတွင်ကျယ်ခြင်းမရှိကြောင်း တောင်သူများ ထံမှသိရသည်။

မြိတ်ခရိုင်တွင် မိုးစပါးစိုက်ဧကတစ်သိန်းကျော်ရှိပြီး ဆန်ဖူလုံမှုမရှိသည့်အတွက် တစ်လလျှင် ဆန်တန်ချိန်သုံးထောင်ခန့် ဧရာဝတီတိုင်းမှ မှာယူတင်သွင်းနေရကြောင်း ဆန်စပါးလုပ်ငန်းရှင်များ ထံမှသိရသည်။