ထားဝယ်ဆေးရုံတွင် ဆေးမရှိသဖြင့် လူနာများ ပြင်ပမှဆေးရှာဝယ်ပေးနေရ

0
790

ထားဝယ်ဆေးရုံတွင် တက်ရောက်ကုသနေသည့် လူနာများကို ဆေးရုံကဆေးမပေးသဖြင့် အပြင်ဆေးခန်းက ဆေးများကို ကိုယ်တိုင်ဝယ်ယူကုသနေရကြောင်း ဆေးရုံတက်‌ရောက်ခဲ့သူ အချို့ထံမှ သိရသည်။

မည်သည့်ရောဂါအတွက်မဆို စားဆေး၊ ထိုးဆေး၊ သွင်းဆေး၊ ဆေးထိုးအပ်မှစပြီး မည်သည့်ဆေးဝါးမျှ ထားဝယ်ဆေးရုံတွင်မရကြောင်း ရက်ပိုင်းအကြာကပင် ဆေးရုံမှဆင်းလာသည့် ထားဝယ်မြို့ခံတစ်ဦးကဆိုသည်။

လူနာအတွက် လိုအပ်သည့်ဆေးဝါးများကို တာဝန်ကျဆရာဝန်တစ်ဦးဦးက ရေးပေးခဲ့ပြီး ယင်းဆေးဝါးများကို အပြင်ဆေးခန်းတွင် လူနာရှင်က ဝယ်ယူပေးရ‌ကြောင်းဆိုသည်။

“အားလုံးအပြင်ဆေးခန်းမှာဝယ်ရတယ်။ ဆေးထိုးအပ်ကအစဝယ်ရဝယ်။ ဆေးပုလင်းကုန်ရင်လည်း ကိုယ့်ဘာသာဝယ်ပြီး ကိုယ့်ဘာသာသွင်းတဲ့။ ဒီလိုမှန်းသိရင် အပြင်ဆေးရုံပဲသွားတာက ပိုကောင်းသေးတယ်” ဟု၎င်းကဆိုသည်။

ထားဝယ်ဆေးရုံတွင် လူနားအားဆေးဝါးမပေးသည့်အကြောင်း အသေးစိတ်သိရှိနိုင်ရန် ထားဝယ်ဆေးရုံအုပ်ထံ ယနေ့ နိုဝင်ဘာလ ၁၆ ရက် မွန်းတည့်ပိုင်းတွင် ဖုန်းဆက်မေးမြန်းခဲ့သော်လည်း ဖြေဆိုခြင်းမရှိပေ။

“ဆေးရုံတက်ဖူးတဲ့သူတွေကို လိုက်မေးရင်သိပါတယ်နော်။ အားလုံးဝယ်ရတာတော့ မဟုတ်ပါဘူး။ ကျွန်မကလည်း ဒီမှာကိစ္စလေးတစ်ခုရှိနေလို့ ဖြေဖို့အတွက်ကျတော့ သိပ်အဆင်မပြေလို့ပါ” ဟု ၎င်းဆေးရုံအုပ်က ငြင်းဆိုသည်။

ဆေးရုံဆင်းလာသူများ၏ အဆိုအရ လူနာများကို ခွဲစိတ်ခန်းတစ်ခုတည်းတွင် ပြွတ်သိပ်ထည့်ထားသည်ဟု ဆိုသည်။

အခြားအခန်းအလွတ်များ ရှိသော်လည်း မထားပေးဘဲ ခွဲစိတ်ခန်းထဲ လူပြည့်ပါက လူသွားစင်္ကြန်ပေါ်တွင် ကုတင်ထိုးပြီးနေခိုင်းသည်ဟု ဆိုသည်။

“ဆေးရုံတစ်ခုလုံးက ခြောက်ကပ်နေတယ်။ ခွဲစိတ်ခန်းမှာပဲ စည်နေတာ” ဟု အခြားလူနာရှင်တစ်ဦးကဆိုသည်။

မီးဖွားလူနာနှင့်၊ ‌ကလေးလူနာများကိုမူ ဆေးရုံအဆောက်အအုံအသစ်ပေါ် ထားရှိကုသပေးသည်ဟုဆိုသည်။

အာဏာသိမ်းပြီးနောက်ပိုင်း ထားဝယ်ခရိုင်တွင် ကျေးလက်ကျန်းမာရေး ကွန်ရက်အားလုံးပြတ်တောက်သွားပြီး မြို့နယ်ဆေးရုံအချို့လည်း ယနေ့အချိန်အထိ လူနာလက်ခံ ကုသပေးနိုင်ခြင်းမရှိသေးပေ။

ယင်းကြောင့် ပြည်သူများမှာ ဈေးနှုန်းကြီးမြင့်သည့် ပြင်ပ ပုဂ္ဂလိကဆေးရုံများနှင့် ‌ဆေးခန်းများကိုသာ အားကိုးနေကြရသည်။

ထားဝယ်မြို့ပေါ်တွင်လည်း ပုဂ္ဂလိက ဆေးရုံအသစ်နှစ်ခု အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာခဲ့သည်။

‌ယင်းအပြင် ပြည့်သူ့ကျန်းမာရေး စောင့်ရှောက်မှုအပိုင်းတွင်လည်း လိုအပ်သည့်ဆေးဝါးများ မရရှိဘဲဖြစ်နေသည်။

ကလေးများကို ထိုးနှံပေးရသည့် ပုံမှန်ကာကွယ်ဆေးတစ်မျိုးဖြစ်သော ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးမှာ ယနေ့အချိန်အထိ အချို့မြို့နယ်တို့တွင် ထိုးနှံခွင့်မရဖြစ်နေကြဆဲပင်။

ကလေးများအား ထိုးနှံပေးသည့် ပုံမှန်ကာကွယ်ဆေးကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ‌ဆောင်ရွက်ခြင်းဖြစ်သည်။