ထားဝယ်ထောင်မှ အရာရှိအပါအဝင် ဝန်ထမ်းခုနှစ်ဦး ထွက်ပြေး

0
957

ထားဝယ်အကျဉ်းထောင်မှ ဝန်ထမ်းများတာဝန်မထမ်းဆောင်လို၍ ထွက်ပြေးမှုများ ဆက်တိုက်ရှိနေပြီး ထောင်အရာရှိတစ်ဦးအပါအဝင် ထောင်ဝန်ထမ်းခုနှစ်ဦးအထိ ထွက်ပြေးသည်ဟု သိရကြောင်း အကျဉ်းထောင်နှင့်နီးစပ်သူအချို့က ပြောသည်။

နိုဝင်ဘာလ ဒုတိယအပတ်ထဲတွင် ကြယ်တပွင့်နှင့် ဗိုလ်လေးသန်းဌေးဆိုသူ ထွက်ပြေးခဲ့ကြောင်း အကျဉ်းထောင်နှင့်နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“သူ့အိမ်ပြန်မယ်ဆိုပြီးထွက်ပြေးသွားတာ၊ ခွင့်ယူပြီးပြန်သွားတာမဟုတ်ဘူး၊ ရိုးရိုးအရပ်ဝတ်နဲ့ သူ့ဘာသူပြန်သွားတာ၊ ကျန်လူတွေတော့ ကျွန်တော်မသိဘူး။ ဒီတစ်ယောက်ပဲကျွန်တော်သိတယ်”ဟု ၎င်းက ပြောသည်။

၂၀၂၁ ခုနှစ် အောက်တိုဘာလခန့်က တပ်သား ကိုနိုင်နိုင်လင်းဆိုသူ ထွက်ပြေးခဲ့ပြီးနောက် ဒုတပ်ကြပ် ကျော်စွာလင်း၊ တပ်သားနိုင်လင်းထွန်း၊ တပ်သားဝေယံတို့ ညီကိုနှစ်ဦးအပါအဝင် ထောင်ဝန်ထမ်း ခုနှစ်ဦးအထိ ထွက်ပြေးမှုများ ဆက်တိုက်ဖြစ်နေကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ပြောသည်။

“သူတို့က CDM ဝင်ချင်လို့ထွက်ပြေးတာမဟုတ်ဘူး၊ သူတို့နေလို့ အဆင်မပြေလို့ ထွက်ပြေးတာလောက်ပဲရှိတယ်၊ ဘာလို့လဲဆိုတော့ CDM လုပ်မယ်ဆို CDM အချိတ်အဆက်တွေက ရှိပြီးသား၊ သူတို့ဘာသာ ရိုးရိုးတန်းတန်းထွက်ပြေးတာလောက်ပဲရှိတယ်” ဟု ၎င်းက သုံးသပ်ပြောဆိုသည်။

တပ်သားစိုးပိုင်မှာ ထွက်ပြေးစဉ် ပြန်လည်ဖမ်းမိသဖြင့် တစ်လအချုပ်ချပြီး တာဝန်ပြန်လည်ထမ်းဆောင်ခိုင်းသည်ဟု ၎င်းက ပြောသည်။

ထားဝယ်ထောင်ဘူးဝတွင် ဝန်ထမ်းအသစ်ခေါ်ယူသည့် ဗီနိုင်းစာပြားကပ်ထားကြောင်း ထောင်ဝင်စာပေးပို့နေသူအချို့ကပြောသည်။

“လူသစ်ခေါ်တဲ့စာထောင်ထားတာ ကျွန်တော်ထင်တယ် တစ်လကျော်ကျော်လောက်ရှိပြီ” ထားဝယ်မြို့မှ ထောင်ဝင်စာပေးပို့နေသူ အမျိုးသားတစ်ဦးက ပြောသည်။

ထားဝယ်အကျဉ်းထောင်ကို စစ်တပ်က ယူနီဖောင်းပြောင်းပြီး အုပ်ချုပ်နေသည်ဆိုသည့် သတင်းများထွက်ပေါ်ပြီးသည့်နောက်ပိုင်းတွင် လူသစ်များကိုတွေ့လာရသည်ဟု ထောင်ဝင်စာပေးပို့နေသည့် မိသားစုဝင်များနှင့် ထောင်နှင့်နီးစပ်သူတို့က ပြောသည်။

လတ်တလောသိရှိသည့် စာရင်းအရ ထောင်ဝန်ထမ်းခုနှစ်ဦးကိုသာသိရှိပြီး ၎င်းတို့၏ အမည်နာမနှင့် ရာထူးအတိအကျသိရှိနိုင်ရန် Dawei Watch ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၁ ရက်က ထားဝယ်အကျဉ်းထောင်ကို စစ်ကောင်စီခန့် တနင်္သာရီတိုင်း နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးသိန်းလင်းနှင့် စစ်ကောင်စီတပ်သားများ၊ စရဖအဖွဲ့ဝင်များက ဝင်ရောက်စစ်ဆေးခဲ့သည်။

ထိုစစ်ဆေးမှုတွင် ထောင်တွင်း၌ မူးယစ်ဆေးဝါးအချို့ ဖမ်းဆီးရမိခဲ့ပြီး ထောင်အတွင်း အစစ်အဆေးများခဲ့ပြီး ဖမ်းဆီးအရေးယူမှုများလည်း ဖြစ်ပေါ်ခဲ့သည်။

ဩဂုတ်လ ၁၄ ရက်က ဒုထောင်မှူး ဦးသူရိန်ထွန်း၏ နေအိမ်မျက်နှာကျက်ပေါ်က WY စိတ်ကြွဆေးပြားများ၊ ICE၊ ဆေးခြောက်၊ ဖုန်းအလုံးရေ ၈၀ ခန့်နှင့် ကျည်ဆန်အချို့ကို ထပ်မံဖမ်းမိခဲ့သည်။

ယင်းကိစ္စနှင့်ပက်သက်ပြီး ဒုထောင်မှူး ဦးသူရိန်ထွန်းအပါအဝင် ထောင်မှူး ဦးအောင်နိုင်ဖေ၊ အိပ်ဆောင်မှူး ဗိုလ်လေး၊ ဆေးမှူးကြီး ဦးဝင်းဇော်စသဖြင့် ထောင်အရာရှိများနှင့် ထောင်ဝန်ထမ်း ၁၅ ဦးခန့်ကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးကာ ထောင်သွင်းအကျဉ်းချပြီး အရေးယူမှုများပြုလုပ်ခဲ့သည်။

အထက်ပါကိစ္စများဖြစ်ပြီးနောက် ယခုနှစ် ဇွန်၊ ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာလများတွင် ထောင်ဝန်ထမ်းထွက်ပြေးမှုများ ဆက်တိုက်ဖြစ်လာခြင်းဖြစ်သည်ဟု အကျဉ်းထောင်နှင့် နီးစပ်သူအချို့ကပြောဆိုသည်။