ကျောက်တော် အပေါက်ဝ ရဲစခန်းကို AA သိမ်းပိုက်၊ စခန်းမှူး ထွက်ပြေး

0
1177

ရခိုင်ပြည် ကျောက်တော်မြို့နယ် အပေါက်ဝနယ်မြေရဲစခန်းကို ရက္ခိုင့်တပ်တော် AA က ယနေ့ (နိုဝင်ဘာ ၁၃) နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် သိမ်းပိုက်လိုက်ပြီး လက်ရှိတွင် စခန်းမှူးထွက်ပြေးလွတ်မြောက်နေကြောင်း ဒေသခံမျက်မြင်များ၏ ပြောကြားချက်ကို ကိုးကား၍ Western News တွင်ဖော်ပြထားသည်။

ရက္ခိုင့်တပ်တော်က လက်နက်ချရန် အကြောင်းကြားပြီးနောက် အပေါက်ဝနယ်မြေရဲစခန်းရှိ ရဲတပ်သားများအားလုံး AA ထံ အလင်းဝင် လက်နက်ချသွားကြကြောင်း အပေါက်ဝ ဒေသခံများက ပြောသည်။

အပေါက်ဝဒေသခံ မျက်မြင်အမျိုးသမီးတစ်ဦးက “ကျွန်မ ရဲခစန်းရှေ့က ဖြတ်သွားတဲ့အချိန်မှာ တွေ့လိုက်ပါတယ်။ အပေါက်ဝရဲစခန်းက ရဲတပ်သား ၃ ဦးကို AA က ကားနဲ့ ခေါ်ယူသွားတယ်။ တိုက်ပွဲမဖြစ်ဘဲနဲ့ AA က သိမ်းလိုက်တာပါ။ စခန်းမှူးက လွတ်နေတယ်လို့ သိရပါတယ်။ အခု အပေါက်ဝရဲစခန်းမှာ စစ်ကောင်စီ ရဲတပ်သားတွေ တစ်ယောက်မှ မရှိဘူး” ဟု ပြောသည်။

အပေါက်ဝရဲစခန်းက စစ်ကောင်စီ ရဲတပ်သားများအားလုံးကို AA က ခေါ်ယူသွားပြီး လက်နက်ခဲယမ်းများနှင့် ယူနီဖောင်းများ အားလုံးကိုလည်း သိမ်းဆည်းသွားကြောင်း လက်ရှိတွင် မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည့် မသိရကြောင်း မျက်မြင်သတင်းရင်းမြစ်က ဆိုသည်။

အဆိုပါသတင်းများကို အတည်ပြုနိုင်ရေးအတွက် ရက္ခိုင့်တပ်တော် AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခအား Western Newsက ယနေ့ နံနက်ပိုင်းနှင့် နေ့လယ်ပိုင်းများတွင် အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း တစ်စုံတစ်ရာ ပြန်လည် ဖြေဆိုမှု မရှိခဲ့ပေ။

လက်ရှိ အပေါက်ဝကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တည်တည်ငြိမ်ငြိမ်ရှိနေကြောင်းနှင့် သွားလာလှုပ်ရှားမှုက ပုံမှန်အတိုင်းရှိနေကြောင်း သိရသည်။

လက်ရှိတွင် အပေါက်ဝရဲစခန်းတစ်ခုလုံးမှ ရဲတပ်ဖွဲ့ ၂၆ ဦးသည်  လက်နက်ခဲယမ်းများအပ်နှံကာ ရက္ခိုင့်တပ်တော် AA ထံသို့ အလင်းဝင်ကြောင်း သတင်းများ ထွက်ပေါ်နေသောလည်း အဆိုပါသတင်းပတ်သက်၍ Western News က သီးခြားအတည်ပြု၍ မရရှိသေးပေ။

ယနေ့ နံနက် ၅ နာရီကစ၍ ရသေ့တောင်မြို့နယ်နှင့် မင်းပြားမြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ရသေ့တောင်မြို့နယ် ချိန်ခါလီ နယ်ခြားစောင့်စခန်းနှင့် ဒုံးပိုက်နယ်ခြားစောင့်စန်းကို AA က သိမ်းလိုက်ပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။

မင်းပြားတွင် စစ်ကောင်စီယာဉ်တန်းများကို AA က ဝင်ရောက်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်သားအများအပြား သေဆုံးသွားကြောင်းနှင့် စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးများ လှမ်းပစ်ခတ်မှုကြောင့် အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှုရှိနေကာ လတ်တလောတွင် အရေအတွက် အတိအကျကို မသိရသေးပေ။

အဆိုပါ တိုက်ပွဲများကြောင့် ရခိုင်ပြည်အတွင်း တစ်မြို့နှင့်တစ်မြို့ ရေလမ်း၊ ကုန်းလမ်း အားလုံးကို စစ်ကောင်စီက ပိတ်ပင်လိုက်ပြီး ဒေသခံပြည်သူများမှာ သွားလာရေး အခက်အခဲဖြစ်နေကြသည်ဟု ဒေသခံများက ပြောဆိုကြသည်။

Western News ၏ သတင်းကို ပြန်လည်ဖော်ပြသည်။