ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

0
1263

ယခုအပတ် ရွှေဈေးနှင့် ထိုင်းဘတ်မှာ အလှုပ်အခတ်နည်းနည်းဖြင့် အကျဘက်ဦးတည်နေခဲ့သည်။

ဓာတ်ဆီဈေးလည်း အလှုပ်အခတ်နည်းသည့် ကာလဖြစ်ခဲ့သည်။

ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။

ရွှေဈေးမှာ အလှုပ်အခတ်နည်းခဲ့ပြီး ကျရိပ်ပြခဲ့သည့် ကာလဖြစ်သည်။

ထားဝယ်ဈေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် သုံးဆယ်လေးသိန်းနှစ်သောင်းကျပ်မှ သုံးဆယ်လေးသိန်းငါးသောင်းကျပ်အကြား ဈေးဖွင့်ထားခဲ့သည်။

ထိုင်းဘတ်ဈေးလည်း အကျဘက်ရောက်နေပြီး ထိုင်းငွေတစ်ဘတ်လျှင် ၉၀ ကျပ်ဝန်းကျင် ဈေးဖွင့်ခဲ့သည်။

ယခုအပတ် သောကြာနေ့ပေါက်ဈေးအရ ၈၉ ကျပ်စွန်းစွန်းပေါက်ဈေးရှိပြီး ထိုင်းငွေ ၁၁၂၀ ဘတ် လဲလျှင် မြန်မာငွေကျပ်တစ်သိန်း ရမည်ဖြစ်သည်။

ယခုအပတ် ဓာတ်ဆီဈေးမှာ အပြောင်းအလဲမရှိ ငြိမ်နေပြီး တစ်လီတာလျှင် ကျပ်နှစ်ထောင်စွန်းစွန်း ပေါက်ဈေးရှိနေသည်။

ထားဝယ်ဈေးကွက်အတွင်း 92 ဓာတ်ဆီတစ်လီတာလျှင် ၂၁၃၅ ကျပ် ဈေးဖွင့်ခဲ့သည်။

အဆိုပါဈေးနှုန်းများမှာ လိုင်စင်ရှိဆီဆိုင်ကြီးများတွင် ရောင်းချရန် စစ်ကောင်စီက သတ်မှတ်ပေးထားသည့် နှုန်းထားများဖြစ်သည်။

စစ်ကောင်စီသတ်မှတ်နှုန်းမှာ မြေပြင်တွင်ရောင်းချနေသည့်ဈေးနှင့် အနည်းဆုံး ကျပ်ရာဂဏန်းမှ ထောင်ဂဏန်းအထိ ကွာခြားနေသည်။

ပန့်ခ်ဖြင့်ရောင်းချနေသည့် ပြင်ပဆိုင်ငယ်များတွင် မြို့ပေါ်နှင့် ကျေးလက်အပေါ်မူတည်ပြီး တစ်လီတာလျှင် ၂၈၀၀ ကျပ်မှ ၃၈၀၀ ကျပ်အထိ ရောင်းချနေသည်။

ဈေးကွက်သုံးသပ်ချက်

စစ်ရိပ်စစ်ငွေ့သမ်းနေသည့် ကမ္ဘာ့အခင်းအကျင်းကြောင့် ကမ္ဘာ့ရွှေဈေးက ထိုးတက်နေသည်။ ယင်းကြောင့် လာမည့်အပတ်ရွှေဈေးမှာ တက်ရိပ်ပြလာနိုင်သည်ဟု ခန့်မှန်းရသည်။

ပြည်တွင်းတွင်လည်း အရှိန်မြင့်လာသည့် ပဋိပက္ခနှင့် စစ်ရေး အခြေအနေများက ရွှေဈေးကို အတက်ဘက်ရောက်အောင် တွန်းပို့နေသည့် အခင်းအကျင်းဖြစ်သည်။

လက်ရှိ ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် ၂၀၀၆ ဒေါ်လာအထိ ဈေးပေါက်နေသည်။ကမ္ဘာ့ရွှေဈေးမှာ ပြီးခဲ့သည့် ၅ လ တာကာလအတွင်း ဒေါ်လာ၂၀၀၀ အောက်တွင်သာ ဈေးဖွင့်ခဲ့သည်။

ပြီးခဲ့သည့်အပတ်ကလည်း တစ်အောင်စလျှင် ၁၉၈၁ ဒေါ်လာသာ ဈေးဖွင့်ထားခဲ့သည်။

တစ်ဖက်တွင်လည်း စစ်ကောင်စီက ရွှေနှင့် ဒေါ်လာဈေးအပါအဝင် အထွေထွေကုန်ဈေးနှုန်းကို ထိန်းချုပ်နိုင်ရန် အသည်းအသန်လုပ်ဆောင်နေသည်။

ထိုအခင်းအကျင်းများကြောင့် လာမည့်အပတ် ပြည်တွင်းရွှေဈေးမှာ တက်ရိပ်ပြလာနိုင်သော်လည်း ကြီးမားသည့်အပြောင်းအလဲမဖြစ်နိုင်ပေ။

ထိုင်းဘတ်ဈေးမှာ ကျရိပ်ပြလာနိုင်သော်လည်း ကြီးမားသည့်အပြောင်းအလဲမရှိနိုင်ကြောင်း ခန့်မှန်းရသည်။

အမေရိကန်ဒေါ်လာငွေလဲနှုန်းကျရိပ်ပြနေခြင်း၊ နယ်စပ်မတည်ငြိမ်မှုများကြောင့် ကုန်သွယ်ရေးနည်းပါးခြင်းစသည့် အကြောင်းအရင်းများကြောင့် အကျဘက်တွင် ဆက်ရှိနေမည်ဖြစ်သည်။

ထို့အပြင် လကုန်အပတ်ဖြစ်သည့်အတွက် ထိုင်းနိုင်ငံရောက် ရွေ့ပြောင်းလုပ်သားများ မိသားစုထံ ငွေပို့သည့်ကာလလည်းဖြစ်သည်။

လက်ရှိတွင် အမေရိကန် ၁ ဒေါလာလျှင် ၃၂၀၀ ကျပ်ဝန်းကျင် ပေါက်ဈေးရှိနေသည်။

စက်သုံးဆီဈေးမှာ ကမ္ဘာ့ရေနံပေါက်ဈေး၊ အမေရိကန်ဒေါ်လာငွေလဲဈေးနှင့် ကမ္ဘာ့အရေးအရာများအပေါ် မူတည်သည်။

လက်ရှိကမ္ဘာ့စက်သုံးဆီပေါက်ဈေးမှာ တက်ရိပ်ပြနေသလို စစ်ရိပ်သမ်းနေသည့် ကမ္ဘာ့အခင်းအကျင်းကြောင့်လည်း ဈေးတက်လာမည့် အနေအထားတွင်ရှိသည်။