ပုလော ဒီရေတောဧကတစ်ထောင်ကျော်ကို ကြိုးပြင်ကာကွယ်တောသတ်မှတ်၊ ဒေသခံများ ရှာဖွေစားသောက်ရန် အခက်တွေ့

0
853
ပုံစာ - ကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ်ခံရသည့် ပုလောမြို့နယ်၊ပြင်ဘုကြီးကျွန်း။ ဓါတ်ပုံ - လူမှုကွန်ရက်

ပုလောမြို့နယ်၊ ပြင်ဘုကြီးကျွန်းရှိ ဒီရေတောဧက တစ်ထောင်ကျော်ကို ကြိုးပြင်ကာကွယ်တောအဖြစ်သတ်မှတ်လိုက် ကြောင်း စစ်ကောင်စီ၏ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ပုလောမြို့နယ်အတွင်းရှိ ဧရိယာ ၁၄၂၄ ဧက ကျယ်ဝန်းသောနယ်မြေကို ‘ပြင်ဘုကြီး (၂) ဒီရေတော ကြိုးပြင် ကာကွယ်တော’ အဖြစ် အောက်တိုဘာလ ၂၀ ရက်နေ့တွင် သတ်မှတ်လိုက်ခြင်းဖြစ်သည်။

ဒီရေတောဂေဟစနစ် ရေရှည်တည်တံ့စေရန်၊ လှိုင်းဒဏ်လေဒဏ်မုန်တိုင်းဒဏ်ခံစားရမှုများအား ကာကွယ်ရန်၊ အဖိုးတန်သစ်များနှင့် ရေသယံဇာတအပါအဝင် ဇီဝမျိုးစုံမျိုးကွဲ တိရစ္ဆာန်များ ပေါကြွယ်ဝလာစေရန်၊ ဒေသခံ ပြည်သူများ ရေသယံဇာတ စဉ်ဆက်မပြတ်သုံးစွဲနိုင်ရန်နှင့် ဂေဟစနစ်စီမံအုပ်ချုပ်မှု ပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်၍ သတ်မှတ်ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

သတ်မှတ်လိုက်သည့် ဧရိယာအတွင်း အဖိုးတန်သစ်များဖြစ်သည့် ဗြူးခြေတောက်၊ ဗြူးအုပ်ဆောင်း၊ ဗြူးရွှေဝါ၊ သမဲ့ကြီး၊ ကျန၊ ပင်လယ်အုန်း စသည့်သစ်ပင်များအပြင် လမု၊ လဘ၊ သမဲ့ဖြူ၊ ဓနိပင်များလည်း ပါဝင်သည်။

ယင်းအပြင် အင်းကျား၊ ကျားပြောက်၊ တောကြောင်၊ မျောက်တံငါ၊ ဖွတ်၊ ဖျံ၊ မြွေ၊ သစ်တောက်ငှက်၊ သိမ်းငှက်၊ ဇင်ယော်၊ ကြက်တူရွေး၊ ပျံလွှား၊ ဒီးဒုတ် စသည့်ငှက်မျိုးစိတ်များလည်း ထိန်းသိမ်းရာတွင်ပါဝင်သည်။

ကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ်ခံရသည့် ဧရိယာအတွင်း သစ်ထုတ်ယူခြင်း၊ သား၊ ငါးဖမ်းဆီးခြင်းတို့ လုပ်ခွင့် မရှိကြောင်း တားမြစ်ထားသည်။

ကျူးလွန်ပါက သစ်တောဥပဒေပုဒ်မ ၄၀ ဖြင့်‌ အရေးယူခံရပြီး တစ်နှစ်ထက်မပိုသည့် ထောင်ဒဏ်ချမှတ်ခံရနိုင်ကြောင်း မြို့နယ် သစ်တောဦးစီးမှူးတစ်ဦးက ပြောသည်။

ပြင်ဘုကြီးကျွန်းတွင် ပြင်ဘုကြီး၊ ဖောင်းတော၊ သင်္ကန်းကြဲ၊ ကံမော်ငယ်အပါအဝင် ကျေးရွာငါးရွာရှိပြီး ကြိုးပြင် ကာကွယ်တော သတ်မှတ်လိုက်သည့်အတွက် ဒေသခံများ ရှာဖွေစားသောက်ရန် ခက်ခဲသွားမည်ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

“ပငပ်ကောက် (ဂုံးချော) ၊ ရှပ် (ဂုံးချော) ကောက်၊ ကဏန်းရှာသူတွေတော့ ဒုက္ခရောက်ကြမယ်။ သစ်ငယ်ဝါးငယ် လိုရင်လည်း အဲဒီမှာပဲ ခုတ်နေရတာ။ ဓနိတောတွေလည်း ရှိတယ်ဆိုတော့ အတော် ဒုက္ခရောက်ကြလိမ့်မယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။

သတ်မှတ်လိုက်သည့် ဧရိယာအတွင်း သဲတန်းကြီးတစ်ခုလည်းပါဝင်ကာ ဒေသခံများလိုအပ်သည့်သဲများကို ယင်းနေရာမှ ထုတ်ယူသုံးစွဲနေကြောင်း ဒေသခံနောက်တစ်ဦးက ဆိုသည်။

ပုလောဒေသခံများ သဘာဝအလျောက် ရှာဖွေစားသောက်နေကြသည့် ဂျင်းကုန်း (သွေးဂုံး) နေရာများကို စစ်အာဏာသိမ်းပြီးနောက် လုပ်ငန်းရှင်များအား လုပ်ပိုင်ခွင့်ချပေးခဲ့သလို ဒေသခံများ မှီခိုအားထားနေရသည့် ဒီရေတောများကိုလည်း ကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ်ခဲ့သည့်အတွက် ဒေသခံအများစုမှာ အလုပ်အကိုင် အခွင့်အလမ်းများ ဆုံးရှုံးလျှက်ရှိနေကြောင်း ပုလောဒေသခံများက ပြောသည်။

ကြိုးပြင်ကာကွယ်တောအဖြစ်သတ်မှတ်လိုက်သည့် ဧရိယာအတွင်း ဒေသခံများ၏ လယ်ယာနှင့် ဓနိတောမြေများ မည်မျှပါဝင်သည်ကိုမူ Dawei Watch က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ပြီးခဲ့သည့် နှစ်ကလည်း မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ မအိုင်ကျွန်းရှိဒီရေတော ၃၃၄၀ ဧကနှင့် ပုလောမြို့နယ်၊ ကျောက္ကာရွာ အနောက်ခြမ်းရှိ ဒီရေတော ၇၁၇ ဧကကို ကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ်ခဲ့သေးသည်။