ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

0
1368

ယခုအပတ် ရွှေဈေးနှင့် ထိုင်းဘတ်မှာ အတက်အကျမရှိသလောက်ဖြစ်ခဲ့ပြီး ဈေးငြိမ်နေခဲ့သည်။

ဓာတ်ဆီဈေးလည်း အလှုပ်အခတ်နည်းသည့် ကာလဖြစ်ခဲ့သည်။

ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။

ရွှေဈေးမှာ အလှုပ်အခတ်နည်းခဲ့ပြီး တစ်ကျပ်သားလျှင် သုံးဆယ့်လေးသိန်းခွဲဝန်းကျင် ဈေးဖွင့်ထားခဲ့သည်။

ထားဝယ်ဈေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် သုံးဆယ်လေးသိန်းလေးသောင်းကျပ်မှ သုံးဆယ်လေးသိန်းငါးသောင်းကျပ်ကြားသာ အလှုပ်အခတ်ဖြစ်ခဲ့သည်။

ထိုင်းဘတ်ဈေးလည်း တောက်လျှောက်ငြိမ်နေပြီး ထိုင်းငွေတစ်ဘတ်လျှင် ၉၁ ကျပ်ဝန်းကျင် ဈေးဖွင့်ခဲ့သည်။

ယခုအပတ် သောကြာနေ့ပေါက်ဈေးအရ  ၉၁ ကျပ်နီးပါး ပေါက်ဈေးရှိပြီး ထိုင်းငွေ ၁၁၀၂  ဘတ် လဲလျှင် မြန်မာငွေကျပ်တစ်သိန်း ရမည်ဖြစ်သည်။

ယခုအပတ် ဓာတ်ဆီဈေးမှာ အပြောင်းအလဲမရှိ ငြိမ်နေပြီး တစ်လီတာလျှင် ကျပ်နှစ်ထောင်စွန်းစွန်း ပေါက်ဈေးရှိနေသည်။

ထားဝယ်ဈေးကွက်အတွင်း 92 ဓာတ်ဆီတစ်လီတာလျှင် ၂၀၈၅ ကျပ် ဈေးဖွင့်ခဲ့သည်။

အဆိုပါဈေးနှုန်းများမှာ လိုင်စင်ရှိဆီဆိုင်ကြီးများတွင် ရောင်းချရန် စစ်ကောင်စီက သတ်မှတ်ပေးထားသည့် နှုန်းထားများဖြစ်သည်။

စစ်ကောင်စီသတ်မှတ်နှုန်းမှာ မြေပြင်တွင်ရောင်းချနေသည့်ဈေးနှင့် အနည်းဆုံး ကျပ်ရာဂဏန်းမှ ထောင်ဂဏန်းအထိ ကွာခြားနေသည်။

ပန့်ခ်ဖြင့်ရောင်းချနေသည့် ပြင်ပဆိုင်ငယ်များတွင် မြို့ပေါ်နှင့် ကျေးလက်အပေါ်မူတည်ပြီး တစ်လီတာလျှင် ၃၀၀၀ ကျပ်မှ  ၃၇၀၀ ကျပ်အထိ ရောင်းချနေသည်။

ဈေးကွက်သုံးသပ်ချက်

လာမည့်အပတ်ရွှေဈေးမှာ တက်ရိပ်ပြလာနိုင်သည်ဟု ခန့်မှန်းရသည်။

အစ္စရေး-ပါလက်စတိုင်း စစ်ရေး၊ ယူကရိန်း-ရုရှားစစ်ပွဲများကြောင့် ရင်းနှီးမြှုပ်နှံသူများက ပိုမိုခိုင်မာသည့် ရွှေနှင့် အမေရိကန်ဒေါ်လာကို ဝယ်ယူစုဆောင်းလာကြသည်။

လက်ရှိတွင်လည်း ကမ္ဘာ့ရွှေဈေးမှာ တောက်လျှောက်တက်လာပြီး တစ်အောင်စလျှင် ၁၉၈၁ ဒေါ်လာအထိ ဈေးပေါက်နေသည်။

ပြီးခဲ့သည့်အပတ်ကမူ တစ်အောင်စလျှင် ၁၉၃၂ ဒေါ်လာသာ ဈေးဖွင့်ထားခဲ့သည်။

အခြားတစ်ဖက်တွင်လည်း စစ်ကောင်စီက ရွှေနှင့် ဒေါ်လာဈေးအပါအဝင် အထွေထွေကုန်ဈေးနှုန်းကို ထိန်းချုပ်နိုင်ရန် အသည်းအသန်လုပ်ဆောင်နေသည်။

စစ်ကောင်စီ၏ ရည်ညွှန်းဈေးဖြင့် ဈေးဖွင့်လေ့ရှိသည့် ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းဖွင့်ဈေးတွင်ပင် တစ်ကျပ်သားကို သိန်းသုံးဆယ်စွန်းစွန်း ဈေးဖွင့်ထားသည်။

ကမ္ဘာ့ရွှေဈေးတက်လာခြင်းနှင့် မတည်ငြိမ်သည့်ကမ္ဘာ့ရေးရာများကြောင့် လာမည့်အပတ် ပြည်တွင်းရွှေဈေးမှာ တက်ရိပ်ပြလာနိုင်ကြောင်း သုံးသပ်ရသည်။

ထိုင်းဘတ်ဈေးမှာ တက်ရိပ်ပြလာနိုင်သော်လည်း ကြီးမားသည့်အပြောင်းအလဲမရှိနိုင်ကြောင်း ခန့်မှန်းရသည်။

အမေရိကန်ဒေါ်လာငွေလဲနှုန်းအပြောင်းအလဲနည်းနေခြင်း၊ နယ်စပ်မတည်ငြိမ်မှုများကြောင့် ကုန်သွယ်ရေးနည်းပါးနေသည့် အခြေအနေစသည့် အကြောင်းအရင်းများကြောင့် အတက်အကျနည်းနေနိုင်သည်။

လက်ရှိတွင် အမေရိကန် ၁ ဒေါလာလျှင် ၃၃၀၀ ကျပ်ဝန်းကျင် ပေါက်ဈေးရှိနေသည်။

စက်သုံးဆီဈေးမှာ ကမ္ဘာ့ရေနံပေါက်ဈေး၊ အမေရိကန်ဒေါ်လာငွေလဲဈေးနှင့် ကမ္ဘာ့နိုင်ငံရေးအခြေအနေအပေါ် မူတည်နေသည်။

လက်ရှိကမ္ဘာ့စက်သုံးဆီပေါက်ဈေးမှာ အလှုပ်အခတ်နည်းနေသော်လည်း စစ်ရိပ်သမ်းနေသည့် ကမ္ဘာ့အခင်းအကျင်းကြောင့် ဈေးတက်လာမည့် အနေအထားတွင်ရှိသည်။

သို့သော် စစ်ကောင်စီက ပြည်တွင်းစက်သုံးဆီဈေးကွက်ကို သတိကြီးကြီးဖြင့် တင်းတင်းကျပ်ကျပ် လုပ်ဆောင်နေသည့်အတွက် ကြီးမားသည့် ဈေးနှုန်းအပြောင်းအလဲဖြစ်နိုင်ခြေ နည်းပါးနေမည်ဖြစ်သည်။