ဖမ်းဆီးခံရသည့် ပေါင်ဒေသခံအချို့ အကြမ်းဖက်ဥပဒေပုဒ်မများဖြင့် အမှုဖွင့်ခံရ

0
996

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဥတ္တံတားကျေးရွာက ဖမ်းဆီးခံထားရသည့် ဒေသခံများအနက် ခြောက်ဦးကို စစ်ကောင်စီက ထောင်ဒဏ်တစ်သက်အထိ ပြစ်ဒဏ်ချမှတ်နိုင်သည့် အကြမ်းဖက်ဥပဒေပုဒ်မဖြင့် အမှုဖွင့်ထားကြောင်း အမှုဖွင့်ခံရသူတို့နှင့် နီးစပ်သူတို့ထံမှ သိရသည်။

ပေါင်မြို့နယ် နယ်ထိန်းရဲတစ်ဦး ပစ်သတ်ခံရသည့်ဖြစ်စဉ်နှင့် ရဲစခန်း၊ ထွေအုပ်ရုံးတိုက်ခိုက်ခံရသည့် ဖြစ်စဉ်တို့ ဖြစ်ပွားပြီးနောက် စက်တင်ဘာလ ပထမအပတ်အတွင်းက ဒေသခံ ၁၅ ဦးထက်မနည်းကို စစ်ကောင်စီတပ်တို့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ယင်းအနက် ဥတ္တံတားကျေးရွာနေ ဒေါ်ခင်သန်းနု၊ ဒေါ်ဇင်မာထွန်းနှင့် ဒေါ်စန္ဒာလင်းတို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က) ၊ ၅၀ (ည) တို့ဖြင့် စက်တင်ဘာလနောက်ဆုံးအပတ်က အမှုဖွင့်ခဲ့ကြောင်း နီးစပ်သူတို့ထံမှ သိရသည်။

ယင်းအပြင် ဥတ္တံတားကျေးရွာနေ ဒေါ်ချိုဝင်း၊ ဒေါ်ခင်သီတာကျော်နှင့် ကိုဖိုးချိုတို့ သုံး ဦးကိုလည်း ပြီးခဲ့သည့် စက်တင်ဘာလ ဒုတိယအပတ်က အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် အမှုဖွင့်ထားကြောင်း ၎င်းတို့က ဆိုသည်။

“ဖမ်းခံရတဲ့လူတွေမှာ တချို့ကလည်း ပြန်လွတ်လာတာရှိတယ်။ အခု သိရသလောက်ကတော့ ခြောက်ဦးကိုတော့ အကြမ်းဖက်ပုဒ်မတွေနဲ့ အမှုဖွင့်ခံထားရတယ်။ ကျန်တချို့ကိုလည်း ဆက်ပြီးတော့ စစ်ဆေးနေတယ်” ဟု နီးစပ်သည့် ပေါင်မြို့ခံတစ်ဦးက ပြောသည်။

ဒေသခံ ငါးဦးကို ပြန်လွှတ်ပေးခဲ့ပြီး ဖမ်းဆီးခံထားရသည့် နောက်ထပ်ကျန်ရှိနေသော ဒေသခံများမှာ ဆက်လက် စစ်ဆေးခံရနေရကြောင်း နီးစပ်သူတို့က ဆိုသည်။

အဆိုပါ ဒေသခံများသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့နှင့် ဆက်သွယ်ခြင်း၊ ကူညီထောက်ပံ့ခြင်း စသည့် စွပ်စွဲချက်တို့ဖြင့် စစ်ကောင်စီတပ်က ဖမ်းဆီးအမှုဖွင့်ထားခြင်းဖြစ်သည်ဟု ၎င်းတို့က ပြောဆိုသည်။

ပေါင်မြို့နယ်၊ ရင်းငြိမ်တောင်ကျေးရွာတွင်လည်း စက်တင်ဘာလ ၁၃ ရက်နေ့က ပြည်သူ့စစ်အဖွဲ့ဝင်ဟောင်းတစ်ဦး ပစ်ခတ်ခံရပြီးနောက် ဒေသခံ ရှစ်ဦးကို စစ်ကောင်စီတပ်တို့က ဖမ်းဆီးသွားခဲ့ပြီး ယနေ့ထိ သတင်းအစအန မရကြောင်း ဖမ်းဆီးခံရသူတို့၏ မိသားစုဝင်တို့ထံမှ သိရသည်။

ကျိုက်ထိုမြို့နယ်တွင်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဒေသခံများ ဆက်တိုက်ဖမ်းဆီးခံနေရပြီး အချို့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် အမှုဖွင်ခံရပြီး သတင်းမရသူများလည်းရှိနေကြောင်း ဒေသခံတို့ထံမှ သိရသည်။

မွန်ပြည်နယ်တွင် စစ်တပ်အာဏာသိမ်းပြီးနောက် ဒေသခံပြည်သူ ၈၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး လက်ရှိတွင် ၄၀၀ ကျော် ဆက်လက် ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောင်ရေးအသင်း AAPP ထံမှ သိရသည်။