ထိုင်းတွင် ဆေးခြောက်သုံးစွဲမှုကို ထိန်းချုပ်ကန့်သတ်မည်

0
1433
ပုံစာ - ဘန်ကောက် ခေါက်ဆန်လမ်းက ဆေးခြောက်ဆိုင်တစ်ဆိုင်။ Photo - Bloomberg

ထိုင်းနိုင်ငံတွင် ဆေးခြောက်သုံးစွဲမှုကို ကျန်းမာရေးအရသာ သုံးစွဲဖို့ ခြောက်လအတွင်း ဥပဒေပြင်ဆင် ရေးဆွဲသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဆေထာထဝီဆင်က စက်တင်ဘာ ၂၀ ရက်နေ့က Bloomberg သတင်းဌာန၏ အင်တာဗျူးတွင် ပြောကြားခဲ့သည်။

ဆေးခြောက်ကို ကျန်းမာရေးရည်ရွယ်ချက်ဖြင့်သာ အသုံးပြုရန်နှင့် ဆေးခြောက်ပစ္စည်း ရောင်းချနေမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ဥပဒေကို ပြန်လည်ရေးသားဖို့ လိုအပ်နေပြီဖြစ်ကြောင်း ဝန်ကြီးချုပ်က ဆိုသည်။

ယခင်နှစ်က ထိုင်းနိုင်ငံတွင် ဆေးခြောက်ကို မူးယစ်ဆေးဝါးစာရင်းထဲမှ ဖယ်ရှားခဲ့ပြီး တရားဝင်သုံးစွဲခွင့် ပြုခဲ့ပြီးနောက် အာရှတွင် ကျန်းမာရေးနှင့် ဖျော်ဖြေရေးအရ ဆေးခြောက်သုံးစွဲခွင့်ရရှိခဲ့သော ပထမဆုံးနိုင်ငံ ဖြစ်လာခဲ့သည်။

ရလဒ်အရ ဆိုင်ကောင်တာများတွင် ဆေးခြောက်ပစ္စည်းများ ရောင်းချနေမှုလည်း အလျှင်အမြန်တိုးတက်လာနေခဲ့ပြီး နိုင်ငံတစ်ဝန်း ဆေးခြောက်ဆိုင်များ ထောင်ချီ ပေါ်ပေါက်လာနေကြောင်း ၎င်းက ဆိုသည်။

အစိုးရဖွဲ့ထားသော ညွန့်ပေါင်းပါတီ ၁၁ ပါတီကလည်း ဆေးခြောက်ပစ္စည်းများ အသုံးပြုမှုကို ကျန်းမာရေးအရ သုံးစွဲနိုင်ရေးသာ ကန့်သတ်ရမည်ဖြစ်ပြီး ဖျော်ဖြေရေးအတွက် အသုံးပြုမှုကို ပိတ်ပင်ရမည်ဟု သဘောတူညီထားကြောင်း ၎င်းက ဆိုသည်။

ဆေးခြောက်ကို တရားဝင် ခွင့်ပြုမှုသည် ညွန့်ပေါင်းအဖွဲ့၏ ဒုတိယအကြီးဆုံးပါတီဖြစ်သော Bhumjaithai ပါတီ၏ သီးခြားမူဝါဒတစ်ရပ်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ပြည်သူ့ကျန်းမာရေးဝန်ကြီး Cholnan Srikaew ကလည်း Bhumjaithai ပါတီက စဉ်းစားဆုံးဖြတ်နိုင်ကြရန် ဆေးခြောက်ဥပဒေမူကြမ်းကို လွှတ်တော်အတွင်း ပြန်လည်တင်သွင်းနိုင်ကြောင်း စက်တင်ဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်။

ဆေးခြောက်ကို မူးယစ်ဆေးဝါးစာရင်းမှ ပယ်ဖျက်ပေးခဲ့သော်လည်း မူးယစ်စေတတ်သော ဆေးတစ်မျိုးအဖြစ် သတ်မှတ်ထားသေးကြောင်း ဝန်ကြီးက ဆိုသည်။

ထို့ကြောင့် ဆေးခြောက်အသုံးပြုမှုကို ကျန်းမာရေးအရအသုံးပြုရန် ဥပဒေပြင်ဆင်ဖို့ လိုအပ်ကြောင်း၊ ဆေးခြောက်စိုက်ပျိုးမှုကိုလည်း လျှော့ချရမည်ဖြစ်ပြီး တစ်အိမ်လျှင် ၁၅ ပင်အထိသာ နောက်ဖေးမှာ စိုက်ပျိုးခွင့်ပြုသင့်ကြောင်း ပြည်သူ့ကျန်းမာရေးဝန်ကြီးက ဆိုထားသည်။

Ref: Thai PBS World, The Straits Times, REUTERS