ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

0
2009

အတက်အကျ ကြမ်းခဲ့သည့်ရွှေဈေးသည် ယခုအပတ်တွင် အလှုပ်အခတ်နည်းနေသည်။

ထိုင်းဘတ်ဈေးနှင့် ဓာတ်ဆီဈေးမှာ ဆက်တိုက်ကျနေသည်။

ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။

ယခုအပတ် ပြည်တွင်းရွှေဈေးမှာ အကျဈေးအတွင် အလှုပ်အခတ်နည်းနေခဲ့သည်။

အခေါက်ရွှေ တစ်ကျပ်သားလျှင် ငွေကျပ်သောင်းဂဏန်းသာ အတက်အကျရှိခဲ့သည်။

ယခုအပတ်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် သုံးဆယ်ငါးသိန်းခြောက်သောင်းကျပ်ဝန်းကျင် ဈေးဖွင့်ခဲ့သည်။

ထိုင်းဘတ်ဈေးမှာ ဆက်တိုက်ကျနေပြီး တစ်ဘတ်လျှင် ၉၅ ကျပ်ဝန်းကျင်ရှိခဲ့သည်။

ယခုအပတ် သောကြာနေ့ပေါက်ဈေးအရ  ၉၄ ကျပ်ဝန်းကျင် ပေါက်ဈေးရှိပြီး ထိုင်းငွေ ၁၀၆၃  ဘတ် လဲလျှင် မြန်မာငွေကျပ်တစ်သိန်း ရမည်ဖြစ်သည်။

တစ်လီတာလျှင် ၂၅၀၀ ကျပ်စွန်းစွန်းအထိ တက်ခဲ့သည့် ဓာတ်ဆီဈေးမှာ ယခုအပတ်တွင် ပြန်ကျလာသည်။

ထားဝယ်ဈေးကွက်အတွင်း 92 ဓာတ်ဆီတစ်လီတာလျှင် ၂၃၆၀  ကျပ်မှ ၂၅၁၀ ကျပ်အကြား ဈေးဖြင့် ရောင်းချနေသည်။

အဆိုပါဈေးနှုန်းများမှာ လိုင်စင်ရှိဆီဆိုင်ကြီးများတွင် ရောင်းချရန် စစ်ကောင်စီက သတ်မှတ်ပေးထားသည့် နှုန်းထားများဖြစ်သည်။

စစ်ကောင်စီသတ်မှတ်နှုန်းမှာ မြေပြင်တွင်ရောင်းချနေသည့်ဈေးနှင့် အနည်းဆုံး ကျပ်ရာဂဏန်းမှ ထောင်ဂဏန်းအထိ ကွာခြားနေသည်။

ပန့်ခ်ဖြင့်ရောင်းချနေသည့် ပြင်ပဆိုင်ငယ်များတွင် မြို့ပေါ်နှင့် ကျေးလက်အပေါ်မူတည်ပြီး တစ်လီတာလျှင် ၃၀၀၀ ကျပ်မှ  ၃၇၀၀ ကျပ်အထိ ရောင်းချနေသည်။

ဈေးကွက်သုံးသပ်ချက်

လာမည့်အပတ်ရွှေဈေးမှာ လက်ရှိနှုန်းထားအတိုင်းပင် အပြောင်းအလဲနည်းနည်းဖြင့် ဈေးဖွင့်ထားမည်ဖြစ်သည်။

စစ်ကောင်စီက ရွှေနှင့် ဒေါ်လာဈေးအပါအဝင် အထွေထွေကုန်ဈေးနှုန်းကျဆင်းစေရန်ဟုဆိုကာ ကုန်သည်များကို ဖမ်းဆီးစစ်ဆေးမှုများ ခပ်စိပ်စိပ်လုပ်ဆောင်နေသည်။

ထိုသို့ ဈေးကွက်ပေါက်ဈေးကို အတင်းဆွဲချနေသည့်အတွက် ရွှေအပါအဝင် ဒေါ်လာလဲနှုန်းမှာ အကျဘက်တွင် ဆက်ရှိနေမည့် သဘောဖြစ်သည်။

လက်ရှိတွင် အမေရိကန်တစ်ဒေါ်လာလျှင် ၃၃၅၀ ကျပ် ဝန်းကျင် ဈေးဖွင့်ထားပြီး ကျရိပ်ပြနေသည်။

ယင်းအခြေအနေတွင် ကမ္ဘာ့ရွှေဈေးလည်း အကျဈေးတွင်ငြိမ်နေပြီး တစ်အောင်စလျှင် ၁၉၂၅ ဒေါ်လာ ဈေးဖွင့်ထားသည်။ ပြီးခဲ့သည့်အပတ်လည်း ယင်းနှုန်းထားအတိုင်းပဲ ပေါက်ဈေးရှိခဲ့သည်။

ထိုင်းဘတ်ဈေးလည်း လက်ရှိနှုန်းထားအတိုင်း အတက်အကျ နည်းနေမည်ဖြစ်သည်။

ဘတ်ဈေးမှာ ပြည်တွင်းဒေါ်လာပေါက်ဈေး၊ ရွှေဈေးနှင့် ကုန်သွယ်ရေး စသည့်အချက်များအပေါ် မှီတည်နေသည်။

စက်သုံးဆီဈေးမှာ ကမ္ဘာ့ရေနံပေါက်ဈေး၊ အမေရိကန်ဒေါ်လာငွေလဲဈေးနှင့် ကမ္ဘာ့နိုင်ငံရေးအခြေအနေအပေါ် မူတည်နေသည်။

လက်ရှိကမ္ဘာ့စက်သုံးဆီပေါက်ဈေးမှာ ကျရိပ်ပြနေသည့်အပြင် ပြည်တွင်းဆီလုပ်ငန်းရှင်ကြီးများကို ဖမ်းဆီးစစ်ဆေးမှုများ ဆက်တိုင်လုပ်ဆောင်နေသည်။

ထိုကြောင့်လာမည့်အပတ်တွင် 92 ဓာတ်ဆီတစ်လီတာလျှင် ၂၃၀၀ ကျပ်ဝန်းကျင်ဖြင့်ပင် ဈေးဖွင့်နေမည်ဖြစ်သည်။