အဏ္ဏဝါလွှမ်း ဦးခင်စိုးကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေး

0
6256

အဏ္ဏဝါလွှမ်း ကုမ္ပဏီနှင့် ထားဝယ်အများပိုင်ကုမ္ပဏီ(DDPC) ဥက္ကဋ္ဌဖြစ်သူ ဦးခင်စိုးမှာ စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးခံခဲ့ရကြောင်း နီးစပ်သူအချို့ထံမှ သိရသည်။

ဦးခင်စိုးကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဝင်ဒါမီယာရှိ နေအိမ်တွင် စက်တင်ဘာလ ၁၀ ရက်နေ့က လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း နီးစပ်သူအချို့က ဆိုသည်။

“ခဏခေါ်မေးတာလောက်ပဲ ပြောတယ်။ ပုံမှန်အလုပ်ပြန်လုပ်နေပါပြီ”ဟု နီးစပ်သူတစ်ဦးက ပြောသည်။

စက်တင်ဘာလ ၁၄ ရက်နေ့တွင် ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း နီးစပ်သူအချို့က ပြောသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်တွင် ရုံးစိုက်၍ ပင်လယ်ငါးဖမ်းလုပ်ငန်းလုပ်နေသည့် အဏ္ဏဝါလွှမ်းကုမ္ပဏီ ပိုင်ရှင် ထားဝယ်သားတစ်ဦးဖြစ်သည့် ဦးခင်စိုးသည် ၂၀၁၁ ခုနှစ် ဦးသိန်းစိန် အစိုးရ တက်လာပြီးနောက်ပိုင်း နိုင်ငံတော်ပိုင် စက်သုံးဆီ အရောင်းဆိုင်အများအပြားကို လုပ်ကိုင်ခွင့်ရခဲ့သူ ဖြစ်သည်။ ဦးခင်စိုးသည် Apex စက်သုံးဆီကုမ္ပဏီ လုပ်ငန်းရှင်လည်း ဖြစ်သည့် အပြင် နောက်ပိုင်းတွင် DDPC အများပိုင် ကုမ္ပဏီကို ဥက္ကဋ္ဌ တာဝန်ယူလုပ်ကိုင်လျက်ရှိသည်။

ထားဝယ်မြို့၊ မောင်းမကန် ကမ်းခြေတို့တွင် စက်သုံးဆီဆိုင်၊ စျေးဝယ်စင်တာ၊ ဟိုတယ်တို့ကိုလည်း စီမံလုပ်ကိုင်နေသူ ဖြစ်သည်။ လက်ရှိ စစ်ကောင်စီခန့် ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့်လည်း ရင်းနှီးသော ဆက်ဆံရေး ရှိသူ ဖြစ်သည်။

မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချရေး အသင်း ဥက္ကဋ္ဌလည်းဖြစ်သည့် ဦးခင်စိုး ဖမ်းဆီးစစ်ဆေးခံရမှုမှာ စက်သုံးဆီလုပ်ငန်းနှင့် အဓိက ဆက်စပ်ကြောင်း စက်သုံးဆီ လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။ လက်ရှိတွင် စက်သုံးဆီ တင်သွင်းခွင့်ရ လုပ်ငန်း စုစုပေါင်း ၇၅ ခုရှိပြီး ယင်းတို့အနက် ခွဲတမ်းအများဆုံးရ လုပ်ငန်း ၂၀ နီးပါး အစစ်ဆေးခံနေရကြောင်း ၎င်းက ဆိုသည်။

နိုင်ငံခြားငွေ လဲလှယ်ရေးနှင့် ပတ်သက်၍ ကုမ္ပဏီများနှင့် အဓိက ဆောင်ရွက်ရသူ၊ ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ် ရန်နောင်စိုး၏ ဆုံးဖြတ်ချက်ဖြင့် စက်သုံးဆီ ကုမ္ပဏီများ ဆီတင်သွင်းနိုင်ရန် ဒေါ်လာကို စစ်ကောင်စီ စျေးနှုန်းဖြင့် ဝယ်ယူခွင့်ရှိသည်။

ဒေါ်လာကို ယင်းသို့ ဝယ်ယူပြီး စစ်ကောင်စီ သတ်မှတ်စျေးဖြင့် စက်သုံးဆီ ပြန်လည်ရောင်းချရမည်ဖြစ်သည်။ သို့သော် အချို့သော ကုမ္ပဏီများမှာ ဒေါ်လာပြင်ပ ပေါက်စျေးဖြင့် တွက်ချက်ရောင်းချသည်ဟူသော စွပ်စွဲချက်ဖြင့် ကုမ္ပဏီ အများအပြားမှာ ဖမ်းဆီးစစ်ဆေးခံနေရခြင်း ဖြစ်သည်။

“(စက်သုံး) ဆီ ရောင်းလို့ထက် ဒေါ်လာ ကစားတာက ပိုမြတ်တာကိုး” ဟု စက်သုံးဆီ လုပ်ငန်းရှင် တစ်ဦးက ဆိုသည်။

ဦးခင်စိုးအပြင် ရွှေဗျိုင်းဖြူကုမ္ပဏီပိုင်ရှင် ဦးသိန်းဝင်းဇော်၊ ထူးကုမ္ပဏီအုပ်စုပိုင်ရှင် ဦးတေဇ၏ သားနှစ်ဦး၊ Best Oil Company (BOC) ဒါရိုက်တာ ဦးဝင်းဆွေတို့ ကိုလည်း ဖမ်းဆီးစစ်ဆေးနေကြောင်း Myanmar now သတင်းတွင် ဖော်ပြထားသည်။

စက်တင်ဘာ ၁၈ ရက်နေ့ ထားဝယ်စျေးကွက်တွင် စက်သုံးဆီ (၉၂ ဓာတ်ဆီ) စစ်ကောင်စီ ရည်ညွှန်းစျေးမှာ တစ်လီတာလျှင် ၂၅၁၀ ကျပ်ဖြစ်ပြီး ပြင်ပပေါက်စျေးမှာ ၃၀၀၀ မှ ၃၅၀၀ ကျပ် အထိ ရှိသည်။

အာဏာသိမ်းထားသည်မှာ လပေါင်း ၃၀ ကျော်လာပြီဖြစ်သော်လည်း မြန်မာနိုင်ငံတွင် တိုက်ပွဲများ၊ ပဋိပက္ခများမှာ ပိုမိုဖြစ်ပွားနေပြီး အထွေထွေကုန်စျေးနှုန်း ကြီးမြင့်နေမှုကြောင့် ပြည်သူများမှာ ပိုမိုကျပ်တည်းခက်ခဲလာနေသည်။

စစ်ကောင်စီကလည်း အခြေအနေတည်ငြိမ်အောင် မလုပ်ဆောင်နိုင်မှုကြောင့် ထိပ်ပိုင်းစစ်အရာရှိများကို အရေးယူခြင်း၊ အပြောင်းအလဲလုပ်ခြင်းများ ဆက်တိုက်လုပ်ဆောင်နေသည်။ ကုမ္ပဏီများနှင့် အစည်းအဝေးတွင် နာရီပေါင်းများစွာ ကြာသည် အထိ ဆဲဆို ပြောဆိုလေ့ရှိသည်ဟု နာမည်ကျော်သော ဗိုလ်ချုပ်ရန်နောင်စိုးမှာလည်း ယခုအခါ ဖမ်းဆီး စစ်ဆေးခံနေရသည်။

ယင်းအပြင် ကုန်စျေးနှုန်းကြီးမြင့်လာမှုကို ထိန်းကျောင်းရန်အတွက်ဆိုကာ ကုန်စျေးနှုန်းတည်ငြိမ် ကျဆင်းရေးနှင့် ထုတ်ကုန်တိုးမြှင့်ရောင်းချရေး ကြီးကြပ်မှုကော်မတီကို ဖွဲ့စည်းထားသလို တစ်ဖက်တွင်လည်း လုပ်ငန်းရှင်များကို ဆက်တိုက် ဖမ်းဆီးစစ်ဆေးလျက်ရှိသည်။