ပုလောမြို့နယ်အတွင်းရှိ ပြည်ထောင်စုလမ်းအား ညဖက်အသုံးမပြုရန် PDF တားမြစ်

0
1476
ပုံစာ - ခရီးသည်ကားများကို ပုလောပြည်သူ့ကာကွယ်ရေးတပ်စစ်ဆေးနေစဥ်(ပုံဟောင်း)Photo-PRDF

မြိတ်ခရိုင်၊ ပုလောမြို့နယ်အတွင်းရှိ ပြည်ထောင်စုလမ်းအား ညဖက်အသုံးပြုမောင်းနှင်သွားလာခြင်းမပြုရန် ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့က ယနေ့ စက်တင်ဘာလ ၁၅ ရက် နံနက်တွင် ထုတ်ပြန်ထားသည်။

ပုလောမြို့နယ် ကျေးရွာဒေသအသီးသီးတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့အကြား ပစ်ခတ် တိုက်ခိုက်မှုများ မကြာခဏဖြစ်ပေါ်နေချိန် မှားယွင်းပစ်ခတ်ခံရခြင်း မဖြစ်စေရန် အသိပေးခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ထို့ကြောင့် ပြည်ထောင်စုလမ်းအား ည ၇ နာရီမှ နံနက် ၅ နာရီအထိ အသုံးမပြုကြရန် တားမြစ်ထားသည်။

တားမြစ်ထားသောအချိန်အတွင်း ခရီးသွားလာပါက မှားယွင်းပစ်ခတ်မှုများ ဖြစ်ပေါ်လာနိုင်ပြီး အရေးပေါ် သွားလိုပါက ခိုင်လုံသောအကြောင်းပြချက်ဖြင့် ဆက်သွယ်ပြီးသွားလာခွင့်တောင်းခံနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“ဆက်သွယ်ချင်ရင် ကျွန်တော်တို့ရဲ့(Facebook) Page ဖြစ်တဲ့ (Palaw Regional Defense Force) ဆက်သွယ် နိုင်ပါတယ်။ အဲဒီကတစ်ဆင့် ဖုန်းနံပါတ်ကို ပေးပါလိမ့်မယ်” ဟု ပုလောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပြန်ကြားရေး တာဝန်ခံက ပြောသည်။

ယင်းအချိန်သည် စစ်ကောင်စီတပ်များကလည်း ညမထွက်ရအမိန့်ထုတ်ကာ သွားလာခွင့် ပိတ်ထားသည့်အချိန်ဖြစ်ပြီး စစ်ကောင်စီတပ်သားများ အနေဖြင့်လည်း ညအချိန် အရပ်သားကားများဖြင့် ရောနှောလိုက်ပါလေ့ရှိကြောင်း ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

“လက်ရှိစစ်ရေးလှုပ်ရှားမှုများနေတဲ့ အချိန်မှာ ပြည်သူတွေ ထိခိုက်မှုမရှိစေချင်လို့ စာထုတ်ရခြင်း ဖြစ်ပါတယ်” ဟု ၎င်းက ပြောဆိုသည်။

ယခုထုတ်ပြန်ချက်ကို ပြန်လည်မရုတ်သိမ်းမီအချိန်အထိ ညဖက်သွားလာခွင့် ပိတ်ထားမည်ဟု ဖော်ပြသည်။

စက်တင်ဘာလ ၁၁ ရက်နေ့ကလည်း ပုလောမြို့နယ်၊ ပိတပ်ရွာတွင် စစ်ကောင်စီတပ်နှင့် ပုလောပြည်သူ့ကာကွယ်ရေးတပ်တို့ ခုနစ်နာရီကြာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က စစ်ကြောင်း ထိုးနေဆဲဖြစ်သည်။