ဘန်ကောက်ရှိ MBK ဈေးဝယ်စင်တာတွင် မြန်မာအလုပ်သမားများ ဖမ်းဆီးခံရ

0
1247

ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ် ဈေးဝယ်စင်တာတစ်ခုကို ထိုင်းလဝကရဲတပ်ဖွဲ့များက ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့သဖြင့် တရားမဝင် လုပ်ကိုင်နေသော မြန်မာ ၁၈ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

မြို့လယ်နာမည်ကြီး ပထူဝမ်ဒေသရှိ MBK ရှောပင်းစင်တာတစ်ခုကို ထိုင်းလူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့များက ယမန်နေ့ (စက်တင်ဘာ ၁၃) တွင် ဝင်ရောက် ဖမ်းဆီးစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသူ၊ တရားမဝင် အလုပ်လုပ်ကိုင်နေသူ မြန်မာအလုပ်သမား ၁၈ ဦးကို ဖမ်းဆီးခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ရှောပင်းစင်တာများတွင် အလုပ်ရှင်မှ ငှားရမ်းထားသော အလုပ်သမားများသာ ဈေးရောင်းပိုင်ခွင့်ရှိပြီး ကိုယ်ပိုင်ဆိုင်ဖွင့်ရောင်းချခြင်း၊ စာရွက်စာတမ်းမပြည့်စုံဘဲ ရောင်းချခွင့်များ မရှိကြောင်း ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် (MWRN) မှ ကိုဇော်က ဆိုသည်။

“ဈေးရောင်းရင် အလုပ်ရှင် အလုပ်သမား သဘောတူငှားရမ်းထားရင်တော့ ရောင်းလို့ရတယ်။ အဲလိုမျိုးမဟုတ်ဘဲ ကိုယ်ပိုင်ဆိုင်ဖွင့်ပြီး ရောင်းပိုင်ခွင့်မရှိဘူး။ တရားဝင် မှတ်ပုံတင် ပြီးစီးအောင် မလုပ်ထားဘူးဆိုရင်လည်း ဖမ်းခံရနိုင်တယ်” ဟု ၎င်းကဆိုသည်။

 ရဲတပ်ဖွဲ့များ ဝင်ရောက်စီးနင်းဖမ်းဆီးစဉ်တွင် အလုပ်သမားများသည် အချင်းချင်း သတိပေးမှုကြောင့် အချို့အလုပ်သမားများ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။

ဖမ်းဆီးခံရသူများသည် ဘတ် ၅၀၀၀ မှ ၅၀၀၀၀ အထိ ဒဏ်ကြေးပေးဆောင်ရနိုင်ပြီး တရားမဝင် အလုပ်သမားခန့်ထားသော အလုပ်ရှင်အနေဖြင့် ဘတ် ၁ သိန်းအထိ ဒဏ်ကြေးပေးဆောင်ရနိုင်ကြောင်း ဖော်ပြထားသည်။

Ref: Khaosod English, Amarin TV