ပုလော ပိတပ်ကျေးရွာက ဖမ်းဆီးခံရသည့် အမျိုးသားကိုးဦး ပြန်မလွတ်သေး

0
1451

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပိတပ်ကျေးရွာသို့ စစ်ကောင်စီတပ်စစ်ကြောင်း ဝင်ရောက်ပြီးနောက် ဖမ်းဆီးခေါ်ဆောင် သွားသည့် ဒေသခံအမျိုးသားကိုးဦး ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်က ပိတပ်ကျေးရွာကို စက်တင်ဘာလ ၁၁ ရက်နေ့က စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်နှင့် ခုနစ်နာရီကြာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ဒေသခံတို့က ပြောသည်။

တိုက်ပွဲပြီးနောက် ပြန်ဆုတ်ချိန်တွင် အရပ်သားပြည်သူ ၁၅ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် အမျိုးသမီးများကို ပြန်လွှတ်ခဲ့ပြီး အမျိုးသားကိုးဦးမှာမူ ယနေ့ စက်တင်ဘာလ ၁၄ရက်အထိ ရွာသို့ ပြန်မရောက်လာသေးကြောင်း ဒေသခံများက ဆိုသည်။

“အမျိုးသမီးတွေကိုတော့ ပြန်လွှတ်ပေးလိုက်ပြီ။ အမျိုးသားတွေ မလွှတ်လာကြသေးဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက ယနေ့ နံနက်ပိုင်းတွင် ပြောဆိုသည်။

ဖမ်းဆီးခေါ်ဆောင်ခံရသူများမှာ သာမန်အရပ်သားများဖြစ်ကြပြီး အများစုမှာ တံငါလုပ်ငန်းလုပ်ကိုင်ကြသူများဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

စစ်ကြောင်းထိုးဝင်ရောက်စဉ်အတွင်း စစ်ကောင်စီတပ်က ပိတပ်ရွာသား ကိုရုပ်ဆိုး ဆိုသူကိုလည်း ပစ်သတ်သွားကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ နံနက်တွင်လည်း စစ်ကောင်စီတပ်က မှော်ကြောင်းကျေးရွာအတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာနေပြီး ရွာသားများ ဘေးလွတ်ရာသို့ ထွက်ပြေးနေရကြောင်း ဒေသခံများက ပြောသည်။

“အိမ်တွေကို ထုဖျက်ပြီး ဝင်မွှေနေတယ်ကြားတယ်။ တိုက်ပွဲတော့ ဖြစ်သံမကြားရသေးဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။

စက်တင်ဘာ ၁၁ ရက်က ဖြစ်ပွားသည့် တိုက်ပွဲအတွင်း စစ်ကောင်စီရေတပ်သင်္ဘောများက လက်နက်ကြီးများ ပစ်ကူပေးသလို ပလမြို့၊ တိုတောင်ပေါ်ကလည်း အလားတူ လက်နက်ကြီးပစ်ကူပေးခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများထံမှ သိရသည်။