ထားဝယ်တွင် စက်သုံးဆီဝယ်ယူရ ခက်ခဲ

0
1612
ပုံစာ - ထားဝယ်မြို့၊ ကမ်းနားဆီဘောတွင် စက်သုံးဆီဝယ်ယူရန် စောင့်ဆိုင်းနေစဉ် (ပုံဟောင်း ၂၀၂၂ ခုနှစ်)

ထားဝယ်မြို့ရှိ စက်သုံးဆီဆိုင်အချို့တွင် စက်သုံးဆီ လိုသလောက် ဝယ်ယူမရဘဲ ဖြစ်နေကြောင်း မြို့ခံအချို့ကဆိုသည်။

ဩဂုတ်လ ၂၈ ရက်ကစပြီး ဆိုင်ကယ်တစ်စီးလျှင် ငါးထောင်ကျပ်၊ ကားတစ်စီးလျှင် ကျပ်တစ်သောင်းဝန်းကျင် စသည့်ဖြင့် အကန့်အသတ်ဖြင့်သာ ရောင်းချပေးကြောင်း ဆိုသည်။

“ကမ်းနားဆီဘောမှာသွားဝယ်ရင်တော့ ပုံးတွေနဲ့ နဲနဲပါးပါး ရောင်းပေးတာတော့ရှိတယ်။ မြို့ထဲက ဆီဆိုင်ကြီးတွေ ဥပမာ DPPC ဆိုင်မှာဆို ပုံးနဲ့ဝယ်ရင်မရောင်းပေးဘူး။ ဆိုင်ကယ်ထဲ ဆီအပြည့်ထည့်ချင်ရင် ဟိုဆိုင်မှာ ငါးထောင်၊ ဒီဆိုင်မှာ ငါးထောင် လိုက်ထည့်ရင်တော့ရတယ်” ဟု ထားဝယ်မြို့ခံ တက္ကစီသမားတစ်ဦးက ယနေ့ ဩဂုတ်လ ၂၉ ရက် နေလယ် ၂ နာရီခန့်က ပြောဆိုသည်။

ထားဝယ်မြို့ရှိ စက်သုံးဆီဆိုင်ကြီးအချို့ကို ဆက်သွယ်မေးမြန်းရာ အချို့က အကန့်အသတ်ဖြင့်သာ ရောင်းချပေးပြီး အချို့ကမူ ကန့်သတ်မထားဘဲ ရောင်းချပေးနေကြောင်း သိရသည်။

“ကျွန်တော်တို့ဆိုင်မှာတော့ လာဝယ်တာ အကုန်ထည့်ပေးတယ်။ ကုန်ရင်နားမယ်” ဟု အမည်မဖော်လိုသည့် စက်သုံးဆီဆိုင် အရောင်းမန်နေဂျာတစ်ဦးကဆိုသည်။

စက်သုံးဆီဆိုင်ကြီးများပင် ဌာနဆိုင်ရာက ခွင့်ပြုသည့်ဆီပမာဏကိုသာ အကန့်အသတ်ဖြင့် ရရှိနေခြင်းကြောင့် လိုသလောက် ရောင်းချမပေးနိုင်ဘဲ ဖြစ်နေကြောင်း ၎င်းကဆိုသည်။

တနင်္သာရီတိုင်း စက်သုံးဆီကြီးကြပ်ရေးအဖွဲ့ အရာရှိတစ်ဦးကမူ ဆီဘောင်ဆာကားများ ထားဝယ်ရောက်နေပြီဖြစ်ကြောင်း၊ ဆိုင်ကြီးအချို့ကို ဖြန့်ဝေပေးနေပြီဖြစ်ကြောင်း ပြောဆိုသည်။

“ဒီနေ့က ဆီဘောင်ဆာက Delay( နှောင့်နှေးကြန့်ကြာ) ဖြစ်သွားတော့ အဲမှာ DDPC ဆိုင်တွေမှာ ( စက်သုံးဆီ) အခက်အခဲဖြစ်သွားတာလေ။ အခုကတော့ ဘောင်ဆာလည်း ရောက်ပြီဆိုတော့ ပုံမှန်ဖြစ်နေပြီ” ဟု ယနေ့ ၂ နာရီအချိန်က ပြောဆိုသည်။

ထားဝယ်ခရိုင်ရှိ နယ်ကျေးရွာတို့တွင် ဩဂုတ်လဆန်းပိုင်းမှစပြီး စက်သုံးဆီးဈေး မြင့်တက်နေပြီး တစ်လီတာလျှင် ၂၅၀၀ ကျပ်မှ ၃၈၀၀ ကျပ်အထိ မြင့်တက်သွားခဲ့သည်။

ဩဂုတ်လကလည်း မြိတ်မြို့တွင် စက်သုံးဆီပြတ်လပ်သဖြင့် အကန့်အသတ်ဖြင့်သာ ရောင်းချပေးခဲ့ရသည်။

၂၀၂၂ ခုနှစ် ဩဂုတ်လကလည်း တနင်္သာရီတိုင်းတစ်ခုလုံးတွင် စက်သုံးဆီ ပြတ်လပ်မှုဖြစ်ပေါ်ခဲ့သဖြင့် တန်းစီစနစ်နဲ့ တိုးဝှေ့ဝယ်ယူရသည်အထိ ဖြစ်ခဲ့ဖူးသည်။