ပုလောတွင် လက်နက်ကြီးကျည်စထိမှန်ပြီး အဘွားတစ်ဦးသေဆုံး

0
1255

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ လက္ကူးကျေးရွာတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ကျည်စထိမှန်ကာ အဘွားတစ်ဦး သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။

ဩဂုတ်လ ၁၉ ရက် ညနေက ပုလောမြို့တပ်ရင်းဘက်က ပစ်ခတ်သည့်လက်နက်ကြီးကျည်နှစ်လုံး လက္ကူးရွာသို့ ကျရောက်ပေါက်ကွဲကြောင်း ဒေသခံများက ပြောသည်။

“လက်နက်ကြီးက တစ်နေရာတည်း နှစ်လုံးလာကျတာ။ အိမ်အမိုးတွေလည်း ပေါက်ပြဲကုန်တယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

လက်နက်ကြီးကျည်စထိမှန်ပြီး အသက် ၇၅ နှစ်အရွယ် ဒေါ်သန်းကြည်လည်း နေရာတွင် သေဆုံးကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

“လမ်းမှာရပ်ပြီး (တခြားအိမ်ထဲကလူနဲ့) စကားပြောနေတုန်း လာမှန်ပြီး သေဆုံးသွားတာ” ဟု ၎င်းက ပြောသည်။

ယင်းနှင့်တစ်ချိန်တည်း မှော်ကြောင်းရွာဖက်သို့လည်း ပစ်ခတ်ခဲ့သေးပြီး အနည်းဆုံးအရပ်သား သုံးဦးဒဏ်ရာရကြောင်း ဒေသခံများက ပြောဆိုသည်။

လက်နက်ကြီးပစ်ခတ်ချိန် တိုက်ပွဲဖြစ်ပွားခြင်းမရှိကြောင်း ဒေသခံတို့က ဆိုသည်။

တိုက်ပွဲမရှိဘဲလည်း ပစ်ခတ်နေသဖြင့် ကျေးရွာတွင် ဆက်လက်နေထိုင်ရမည်ကို စိုးရိမ်ကြောင်းလည်း ဒေသခံရွာသားအချို့က ပြောဆိုသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၇ ရက်ညဦးက ပလမြို့အနီး ကင်းလှည့်လာသည့် စစ်ကောင်စီတပ်ကားနှစ်စီး မိုင်းဆွဲ ခံရပြီးနောက် ပလမြို့ရဲစခန်းမှ ကျေးရွာများဖက်သို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်သဖြင့် ဒေသခံအရပ်သား နှစ်ဦးကျည်ထိမှန်ဒဏ်ရာရခဲ့သည်။

စစ်အုပ်ချုပ်ရေးကြေညာထားသည့် ပုလောမြို့နယ်တွင် နှစ်ဖက်တိုက်ပွဲများ မကြာခဏဖြစ်နေပြီး စစ်ကောင်စီတပ်က ရွာများကို လက်နက်ကြီးဖြင့် ပစ်ခြင်းကြောင့် အရပ်သားများ ထိခိုက်သေဆုံးမှု တိုးလာနေသည်။