စစ်သည်တော်တို့၏ တကယ့် လက်နက်

0
1602
Photo - တနင်္သာရီက ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့ (ပုံဟောင်း)

စစ်ကောင်စီတပ်၏ ဗိုလ်ကြီးတစ်ဦး၏ ဇနီးနှင့် ခြောက်လအရွယ်ကလေးကို တနင်္သာရီမြို့နယ်က တော်လှန်ရေးတပ်ဖွဲ့တစ်ခုက ဖမ်းဆီးခဲ့သည်။

သို့သော် ဖမ်းဆီးပြီး ၂ ရက်အကြာတွင် ပြန်လွှတ်ပေးလိုက်သည်။

“ဖမ်းထားတဲ့နှစ်ရက်အတွင်း ဗိုလ်ကြီးဇနီးနဲ့ကလေးကို ကျွန်တော်တို့က လက်ဖျားနဲ့တောင်မထိဘူး။ ကလေးနေမကောင်းဘူးဆိုလို့ ဆေးခန်းတောင်ပြပေးလိုက်သေးတယ်”ဟု ယင်းဗိုလ်ကြီး၏ ဇနီးနှင့်ကလေးကို ဖမ်းဆီးခဲ့သော တနင်္သာရီမြို့နယ်အခြေစိုက် ဘက်မလိုက်ပြောက်ကျားအဖွဲ့မှ ပြန်ကြားရေးတာဝန်ယူထားသည့် ရဲဘော်ကိုဟိန်း ပြောဆိုလိုက်သည်။

ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်နေ့က မြိတ်ခရိုင်တပ်ရင်း (၂) နှင့်အတူ ပူးတွဲဖွင့်လှစ်ထားသည့် ဘန်လောရွာလမ်းဆုံ စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ် ဗိုလ်ကြီး၏ ဇနီးနှင့်ခြောက်လအရွယ် ကလေးတစ်ဦးအပါအဝင် မြိတ်မြို့နေ အရန်မီးသတ်တပ်ဖွဲ့ဝင် နှစ်ဦးကို ဖမ်းဆီးခဲ့သည်။

အရန်မီးသတ်နှစ်ဦးကို အနည်းငယ်စစ်ဆေးခဲ့ပြီး ယင်းနေ့တွင်ပင် ပြန်လွှတ်ပေးခဲ့သည်။ သို့သော်  တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာ အခြေစိုက် (၅၆၁)တပ်ရင်း၏ ဗိုလ်ကြီးဇနီးနှင့် ကလေးကိုမူ နှစ်ရက်တာ ထိန်းသိမ်းပြီး စစ်ရေးသတင်းအချက်အလက် ထူးခြားစွာမရရှိသည့်အတွက် ပြန်လွှတ်ပေးခဲ့သည်ဟု ရဲဘော်ကိုဟိန်းက ရှင်းပြသည်။

ယင်းလုပ်ရပ်အပေါ် နိုင်ငံရေး လေ့လာသူများ၊ ပြည်သူများနှင့် တော်လှန်ရေးသမားများက ချီးမွန်းဂုဏ်ယူခဲ့ကြသည်။ သို့သော် ယင်းဖြစ်ရပ်နှင့် ဆန့်ကျင်ဘက် မလိုလားအပ်ဘဲ ဖမ်းဆီးသတ်ဖြတ်သည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။

စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသော ပဋိပက္ခကာလအတွင်း လက်နက်မကိုင်ထားသော အရပ်သားများမှာ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးသတ်ဖြတ်ခံနေရသည်။

စစ်ကောင်စီတပ်နှင့် စစ်ကောင်စီ၏ လက်ဝေခံတပ်များဖြစ်သော ပျူစောထီး၊ ပြည်သူ့စစ် စသော အဖွဲ့များ၏ ဖမ်းဆီးသတ်ဖြတ်မှုများ၊ တော်လှန်ရေးအဖွဲ့များ အပါအဝင် အခြားလက်နက်ကိုင်အဖွဲ့များ၏ အကြောင်းအမျိုးမျိုးဖြင့် သတ်ဖြတ်မှုကြောင့် သေဆုံးရမှုများလည်း ရှိနေသည်။

စစ်တပ် အာဏာသိမ်းပြီးချိန်မှ ၂၀၂၂ ခုနှစ် နိုဝင်ဘာလအထိ တနင်္သာရီတိုင်းတွင် အရပ်သား ၃၁၇ ဦးသေဆုံးခဲ့ကြောင်း Southern Monitor က ပြုစုထားသော အချက်အလက်များအရ သိရသည်။

ယင်းအပြင် တနင်္သာရီတိုင်းအတွင်း အဖြစ်အပျက်များကို ပြုစုနေသည့် FE5 Tanintharyi Series တွင် ဖော်ပြထားမှုအရ ၂၀၂၃ ဇန်နဝါရီလမှ ဇူလိုင်လကုန်အထိ ဒလန်ရှင်းမှုဖြစ်စဉ်ကြောင့် ၅၁ ဦး၊ စစ်ကောင်စီနှင့် လက်ဝေခံအဖွဲ့များ၏ သတ်ဖြတ်မှုကြောင့်  ၅၂ ဦးနှင့် လက်သည်မပေါ်ဘဲ အသတ်ခံရမှုကြောင့် ၇၃ ဦးသေဆုံးခဲ့ရာ အရပ်သားအသတ်ခံရမှု စုစုပေါင်းမှာ ၁၇၆ ဦးထက်မနည်းရှိခဲ့သည်။

ယင်းကြောင့် စစ်အာဏာသိမ်းပြီး ရက်ပေါင်း ၉၀၀ ခန့်အတွင်း တနင်္သာရီတိုင်းတွင် လက်နက်မကိုင်ထားသည့် အရပ်သားသေဆုံးမှုပေါင်း ၄၉၃ ဦးခန့် အနည်းဆုံးရှိခဲ့သည်။

ယင်းစာရင်းမှာ အဆိုပါအဖွဲ့များ၏ လက်လှမ်းမီသမျှ ပြုစုထားသော အချက်အလက်များသာ ဖြစ်သဖြင့် မြေပြင်အခြေအနေတွင် အရပ်သားသေဆုံးမှုမှာ ယင်းထက်ပိုမိုများပြားနိုင်သည်။

ယင်းအပြင်စစ်ကောင်စီ၏ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသော ဒီမိုကရေစီအရေး လှုပ်ရှားသူများနှင့် ပြည်သူများမှာ တစ်နိုင်ငံလုံးတွင် ၃၉၁၉ ဦး ရှိခဲ့ပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ၂၀၂၃ သြဂုတ်လ ၁၁ ရက်နေ့ ထုတ်ပြန်ချက်အရသိရသည်။

လက်နက်ကိုင် အဖွဲ့များ

စစ်အာဏာသိမ်းမှုကို လက်မခံသည့် ပြည်သူလူထုက ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုကို ပစ်ခတ်နှိမ်နှင်းခြင်း၊ ဖမ်းဆီးထောင်ချခြင်းများ ပြုလုပ်ခဲ့သဖြင့် လက်နက်ကိုင်တော်လှန်မှုများ စတင်ပေါ်ပေါက်လာခဲ့သည်။

မြန်မာနိုင်ငံတွင် စစ်အာဏာရှင် စနစ်ကို လက်နက်ကိုင်တော်လှန်နေသည့် အဖွဲ့ပေါင်း ထောင်ဂဏန်းခန့်ရှိပြီး တနင်္သာရီတိုင်း တစ်ခုတည်းတွင်ပင် လက်နက်ကိုင်အဖွဲ့ ၆၀-၇၀ ခန့်ရှိနေသည်။

တော်လှန်ရေးအဖွဲ့များတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၏ လက်အောက်ခံ မဟုတ်သည့် အဖွဲ့အစည်းများလည်းရှိသည်။

အခြားတစ်ဖက်တွင်လည်း စစ်ကောင်စီလက်ဝေခံ ပျူစောထီးကဲ့သို့သော လက်နက်ကိုင် အဖွဲ့များလည်းရှိနေသည်။

လက်နက်ကိုင်အဖွဲ့များ များပြားလာသည်နှင့်အမျှ တရားမဲ့ သတ်ဖြတ်ခံရမှု၊ ဖမ်းဆီးခံရမှုများလည်း အဖြစ်များလာနေသည်။

အပြစ်မဲ့ အရပ်သားများ ထိခိုက်မှုနည်းပါးစေရန် NUG ကာကွယ်ရေးဝန်ကြီးဌာနက လက်နက်ကိုင်အဖွဲ့များ လိုက်နာရမည့် စစ်သည်တော်ကျင့်ဝတ်ကို ထုတ်ပြန်ထားသည်။

ယင်းကျင့်ဝတ်ကို စနစ်တကျ လိုက်နာသည့် တော်လှန်ရေးအဖွဲ့များရှိသလို အချို့အဖွဲ့များမှာ လိုက်နာမှု အားနည်းကြောင်း တွေ့ရသည်။

တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စု၊ အင်းရှည်ကုန်းကျေးရွာတွင် ယခုနှစ်မေလအတွင်းက အမျိုးသားနှစ်ဦး အချင်းများပြီး လူသတ်မှုဖြစ်သဖြင့် ကျူးလွန်သူကို ကျေးရွာလုံခြုံရေးအဖွဲ့က ခေါ်ယူထိန်းသိမ်းခဲ့သည်။

ယင်းသို့ထိန်းသိမ်းထားသူကို နဂါးနက်အဖွဲ့က လာရောက်ခေါ်ယူသွားပြီးနောက် အသတ်ခံလိုက်ရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ နဂါးနက်အဖွဲ့သည် NUG ကာကွယ်ရေးဝန်ကြီးဌာန၏ လက်အောက်ခံအဖွဲ့အစည်း မဟုတ်သည့်အပြင် ၎င်းတို့နှင့်ပါ သက်ဆိုင်ခြင်းမရှိကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။

ယင်းအပြင် လူသတ်တရားခံအား တရားစီရင်ပိုင်ခွင့်မရှိဘဲ၊ ဥပဒေအရ ခုခံကာကွယ် ချေပပိုင်ခွင့်မရှိဘဲ စီရင်ခဲ့ခြင်းသည်  တရားဥပဒေစိုးမိုးရေး နှင့် နယ်မြေလုံခြုံရေးအတွက်ပါ အထူးစိုးရိမ်ဖွယ်ဖြစ်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ယင်းမှာ ဖြစ်စဉ်တစ်ခုသာ ရှိသေးပြီး အလားတူ ဖြစ်စဉ်အချို့လည်း တနင်္သာရီတိုင်းအတွင်း ဖြစ်ပေါ်ခဲ့သည်။

NUG ၏ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်က ‘လူတစ်ယောက်ရဲ့ လက်ပေါ် သေနတ်တစ်လက် ရောက်သွားရင် တာဝန် တော်တော်ကြီးလာပါပြီ။ တာဝန်ကြီးလာတယ်ဆိုတာသိဖို့ သင်တန်းပေးရတယ်။ အမြဲတစေ ထိန်းကျောင်းပေးရတယ်’ ဟု ၎င်း၏ Facebook  စာမျက်နှာတွင် ရေးသားခဲ့သည်။

‘လက်နက်ကိုင်ထားတဲ့ လူတွေကို အမိန့်နာခံတတ်ဖို့ training (လေ့ကျင့်သင်ကြား) မပေးထားရင် ပြောရဆိုရတာ ထင်သလောက်မလွယ်ဘူး။ ဒီတော့အထက်အမိန့်အဆင့်ဆင့် နာခံတတ်အောင် သင်တန်းအထပ်ထပ်ပေးရတယ်။ အဆင့်ဆင့်ကွပ်ကဲတဲ့စနစ်၊ ထောက်ပို့စနစ်တွေတည်ဆောက်ရတယ်။ မဟုတ်ရင် ကိုယ့်ရိက္ခာကိုယ်ရှာရင်း ဓားပြအဖွဲ့လိုလိုဖြစ်လာမယ်။ အစိုးရက စနစ်တကျ အခွန်စည်းကြပ်တာမျိုးမဟုတ်ဘဲ သေနတ်ထောက် တောင်းလာမယ်။ တိုင်တာ၊ တောတာများလာမယ် ဖြေရှင်းလို့မရရင် ပစ်တာခတ်တာတွေဖြစ်လာမယ်’ ဟုထောက်ပြခဲ့သည်။

ယခုတော်လှန်ရေးတွင် စစ်တပ်ကြီး လွတ်ထွက်မသွားစေရန် သတိဖြင့် ထိန်းကျောင်းရင်းပင် မြေပြင်တွင် ပြဿနာတက်လာသည်များရှိကြောင်း၊ အချို့မှာ ထိန်းကျောင်းမှု မခံယူချင်ကြကြောင်း ၎င်းကဆက်လက် ရေးသားထားသည်။

သို့သော်ပြင်သင့်တာကိုပြင်ရင်း ရှေ့ဆက်သွားနေပြီး ယင်းစိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် ကြိုးစားနေကြကြောင်း အောင်မြင်သင့်သလောက်လည်း အောင်မြင်နေပြီဖြစ်ကြောင်း ၎င်းကဆိုသည်။

စစ်သည်တော် ကျင့်ဝတ်

စစ်ကောင်စီကို ခုခံတိုက်ခိုက်နေသည့် လက်နက်ကိုင်တော်လှန်ရေးအတွင်း ပါဝင်နေသော အင်အားစုများ လိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းများကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက ၂၀၂၁ နိုဝင်ဘာလ ၅ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

ယင်းအင်အားစုများတွင် NUG က ထူထောင်သော ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်းတပ်ဖွဲ့ (PDF) များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)များ၊ ဒေသဆိုင်ရာ ကာကွယ်ရေးတပ်ဖွဲ့ (LDF) များနှင့် မြေပြင်ပြောက်ကျားအင်အားစု (STF) များ လိုက်နာရမည်ဟု ကြေညာချက်တွင် ပါရှိသည်။

အဆိုပါ စစ်သည်တော် ကျင့်ဝတ်များကို လွယ်လွယ်ကူကူနားလည် နိုင်စေရန်အတွက် အရိုးရှင်းဆုံးပုံစံဖြင့် ရေးသားထားကြောင်းလည်း တွေ့ရသည်။

သို့သော် ယင်းကျင့်ဝတ်များအတိုင်း လိုက်နာသည် အဖွဲ့များရှိသလို လိုက်နာမှုအားနည်းသည့် အဖွဲ့များရှိကြောင်းလည်း တွေ့မြင်ရသည်။

“NUG ရဲ့ MOD (ကာကွယ်ရေးဝန်ကြီးဌာန) အောက်မှာရှိတဲ့ တပ်ရင်း၊ တပ်ဖွဲ့တွေအနေနဲ့ကတော့ စစ်သည်တော်တွေ လိုက်နာကျင့်သုံးရမယ့်ဟာ၊ ပြည်သူလူထုကို ဆက်ဆံရမယ့်ဟာပေါ့လေ လက်နက်ကိုင်ထားတဲ့ လူတစ်ယောက်ရဲ့ လိုက်နာရမယ့် ကျင့်ဝတ်တွေ ကောင်းကောင်းနားလည်တဲ့ သူတွေလို့ မှတ်ယူလို့ရတယ်။ အဲဒီအတိုင်းပဲ ကျင့်သုံးဆောင်ရွက်တာ တွေ့ရတယ်” ဟု ဦးဟိန်းထက် ကဆိုသည်။

NUG အောက်ရှိတပ်ရင်းတပ်ဖွဲ့များရှိ စစ်သည်များမှာ စစ်သင်တန်းလချီတက်ရောက်ခဲ့ကြသလို ကျင့်ဝတ်ပိုင်းကိုလည်း စနစ်တကျ လေ့ကျင့်သင်ကြားခဲ့ရကြောင် လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ၎င်းကရှင်းပြသည်။

ပကဖ၊ LPDF များမှာမူ ရပ်ကွက်၊ ကျေးရွာများကို အခြေပြုဖွဲ့စည်းခဲ့ကြခြင်းဖြစ်ပြီး ရက်ပိုင်းခန့်သာ စစ်ပညာပေးထားကြောင်း၊ ယင်းကြောင့် ကျင့်ဝတ်ပိုင်းဆိုင်ရာ နားလည်သဘောပေါက်မှု အားနည်းသည်ကို တွေ့ရကြောင်း ၎င်းကရှင်းပြသည်။

သို့သော် ကျင့်ဝတ်လိုက်နာပြီး စနစ်တကျလုပ်ဆောင်နေသည့် ပကဖ အဖွဲ့များလည်းရှိကြောင်း၊ အဖွဲ့အချို့မှာမူ စိတ်ခံစားမှုနောက်ပါသွားပြီး မလိုလားအပ်သည့် လုပ်ဆောင်မှုများကို ဆောင်ရွက်သည်များလည်း ရှိနေကြောင်း ၎င်းကဆိုသည်။

လက်ရှိတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) များကို ဗဟိုအဆင့်၊ တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်ဟူ၍ အဆင့်လိုက်ဖွဲ့စီးထားပြီးဖြစ်ကြောင်း ပကဖအဖွဲ့များကို စစ်သည်တော်ကျင့်ဝတ် သင်တန်းများပေးနိုင်ရန် အစပျိုးလုပ်ဆောင်နေဖြစ်ကြောင်း ကိုဟိန်းထက်ကဆိုသည်။

“ကျွန်တော်တို့ မြို့နယ်(လောင်းလုံး)ထဲမှာတော့ ရိုးရိုးသားသား ဝန်ခံရရင် စစ်သည်တော် ကျင့်ဝတ်နဲ့ ပတ်သက်တာမျိုးကို သေသေချာချာ မျှဝေတာမရှိသေးပါဘူး။ ကြိုးစားလုပ်ဆောင်နေတုန်း အဆင့်မှာပဲရှိပါသေးတယ်။ ဒါတွေက ဆင့်ကဲဖွဲ့စည်းထားပြီးဖြစ်တဲ့ မြို့နယ်၊ ခရိုင်၊ တိုင်း ပကဖတွေကနေ အဆင့်လိုက်လုပ်သွားဖို့ ကျွန်တော်တို့ တိုက်တွန်းနေပါတယ်” ၎င်းကဆိုသည်။

ကျင့်ဝတ်နှင့် တော်လှန်ရေး

မြန်မာ့နွေဦးတော်လှန်ရေးမှာ လူထုကြားမှပေါက်ဖွားလာသည့် တော်လှန်ရေးဖြစ်ပြီး ပြည်သူလူထု၏ အားပေးထောက်ခံမှု များစွာရရှိထားသော အချက်မှာ အလွန်ကောင်းမွန်သည့် အားသာချက်ဖြစ်ကြောင်း နိုင်ငံရေး လေ့လာသူများက ပြောဆိုထားသည်။

ပြည်သူ့ထောက်ခံမှုမှာ များစွာအရေးကြီလှပြီး လူထုကို စည်းရုံးသည့်နည်းလမ်းကို အသုံးပြု၍ တော်လှန်ရေး ပိုမိုအားကောင်းစေရန် လုပ်ဆောင်ရမည်ဟု နိုင်ငံရေးလေ့လာသူများက ထောက်ပြကြသည်။

သို့သော် တော်လှန်ရေးကာလ ၂ နှစ်ကျော်သို့ ရောက်ရှိလာချိန်တွင်တော့ ပြည်သူလူထုနှင့် တော်လှန်ရေးအဖွဲ့ အချို့အကြား အဖုအထစ်များရှိလာနေသည်။

‘ငါတို့က ဘယ်သူ့အဖေခေါ်ရမယ်မှန်းမသိ၊ နှစ်ဖက်စလုံးကြောက်နေရတယ်’ ဟူသည့်သဘော ပြောဆိုသူ အများအပြား ရှိလာသည်ကိုလည်း တွေ့နေရသည်။

လက်နက်ကိုင်အဖွဲ့အချို့မှာ စည်းရုံးမှုနည်းလမ်းအစား အမိန့်အာဏာဖြင့် အရေးယူသည့်ဘက်ကို ပိုမိုရောက်ရှိလာသလို အချို့သော ဖမ်းဆီး၊ သတ်ဖြတ်မှုများအပေါ် ဒေသခံများက လက်မခံနိုင်သည့်ဖြစ်စဉ်များလည်း ရှိလာနေသည်။

လက်နက်ကိုင် အဖွဲ့အချို့အချင်းချင်းကြားတွင်လည်း တင်းမာမှုများရှိပြီး သေနတ်ဖြင့် ဖြေရှင်းကြသည်မျိုးပင် ရှိလာနေသည်။

ယင်းကြောင့် လက်နက်ကိုင် တော်လှန်ရေးတွင် အရေးကြီးသည့် အချက်မှာ ကျင့်ဝတ်ပိုင်းဖြစ်ပြီး လက်နက်ကိုင် ထားသူတိုင်း ကျင့်ဝတ်များကို သိရှိလိုက်နာနိုင်ရေးမှာ အရေးကြီးသည်ဟု ထောက်ပြနေကြသည်။

“ကျင့်ဝတ်လို့ပြောလိုက်ရင် ငါတို့က လူ့အခွင့်အရေး သမားတွေ မဟုတ်ဘူး။ လိုက်နာဖို့မလိုဘူးဆိုတာမျိုး တုံ့ပြန်တာရှိတယ်” ဟု ဦးဟိန်းထက်က ၎င်း၏ အတွေ့အကြုံကိုရှင်းပြသည်။

ယင်းကြောင့် လက်နက်ကိုင် အဖွဲ့များအနေဖြင့် စစ်သည်တော်ကျင့်ဝတ်ကို ပိုမိုသိရှိလိုက်နာနိုင်ရေး လုပ်ဆောင်သွားရန် လိုနေသည်ကို တွေ့ရကြောင်း ၎င်းကဆိုသည်။

စစ်သည်ကျင့်ဝတ်မလိုက်နာဘဲ စိတ်ခံစားမှုအတိုင်း လုပ်နေမည်ဆိုပါက ဖြစ်လာနိုင်သည့် အကျိုးဆက်နှင့် ပတ်သက်၍ ကိုဟိန်းထက်က “တော်လှန်ရေးကို လုံးဝဖျက်ဆီးလိုက်နိုင်တယ်ပေါ့။ ပြည်သူလူထုရဲ့ ယုံကြည်မှုကို လုံးဝဆုံးရှုံးသွားနိုင်တယ်” ဟုဆိုသည်။

သို့သော် ကျင့်ဝတ်ပိုင်းဆိုင်ရာကို အလေးအနက်ထား လိုက်နာသည့် တော်လှန်ရေး အဖွဲ့များလည်းရှိပါကြောင်း ၎င်းကဆိုသည်။

ထိုသို့ လိုက်နာ၍ စစ်ကောင်စီတပ်က ဗိုလ်ကြီး၏ ဇနီးနှင့် ကလေးကို လွှတ်ပေးလိုက်သည့် ရဲဘော်ကိုဟိန်းက အောက်ပါအတိုင်း ရှင်းပြသည်။

“ဘာကြောင့်လွှတ်ပေးရသလဲဆိုတော့ ကျွန်တော်တို့မှာ စစ်သည်တော်ကျင့်ဝတ်တွေ ဂျီနီဗာကွန်ဗန်းရှင်းက သတ်မှတ်ထားတဲ့ စစ်စည်းမျဉ်း၊ စည်းကမ်းတွေအရ စစ်ရေးနှင့် မသက်ဆိုင်သူဆိုပြီးတော့ ဝိုင်းဝန်းတိုင်ပင်ပြီး ပြန်လွှတ်ပေးလိုက်တာပါ။ ကျွန်တော်တို့ လက်နက်ကိုင်ထားတာက တွေ့ကရာလူကို လိုက်ဖမ်း လိုက်သတ်ဖို့မဟုတ်ဘူး။ အဓိကစစ်အာဏာရှင် ပြုတ်ကျအောင်တိုက်ဖို့ ကိုင်ထားတာပါ”

တော်လှန်ရေးနှစ်နှစ်တာ ကာလအတွင်းယင်းကဲ့သို့ စစ်ကောင်စီတပ်နှင့် ပတ်သက်ဆက်နွယ်နေသူများဖြစ်သည့် သတင်းပေးများ၊ ပျူစောထီးများနှင့် စစ်မှုထမ်းဟောင်းများကို ဖမ်းမိပြီး ပြန်လွှတ်ပေးခဲ့သည့် ဖြစ်စဥ်အများအပြား တနင်္သာရီမြို့နယ်အတွင်း ရှိခဲ့ကြောင်းလည်း ၎င်းကဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG မှချမှတ်ထားသည့် စစ်သည်တော်လိုက်နာရမည့် ကျင့်ဝတ်များတွင် အရပ်သားပြည်သူများအား ဓါးစာခံအဖြစ် ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် မပြုလုပ်ရ၊ ကလေးသူငယ်များ၊ မသန်စွမ်းများ၊ သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများ စသည့်ထိရှလွယ်သည့်အုပ်စုများအား အထူးကာကွယ်စောင့်ရှောက်ပြီး လိုအပ်သည့် အကာအကွယ်များကိုပေးရမည် ဟူသည့်အချက်များလည်းပါဝင်သည်။ ယင်းကြောင့် စစ်သည်တော်များ၏ လက်နက်အစစ်အမှန်မှာ လူသေစေတတ်သော ကိရိယာများ မဟုတ်ဘဲ ‘စစ်သည်တော် ကျင့်ဝတ်’ဟု ဆိုနိုင်သည်။

“ကျွန်တော်တို့က NUG က ချမှတ်ထားတဲ့ စည်းကမ်းတွေကို အပြည့်အ၀လိုက်နာပြီး Standard Army (အဆင့်မီတပ်) ကြီး တစ်ခုဖြစ်ဖို့ ကြိုးစားနေပါတယ်”ဟု ကိုဟိန်းက ဆိုသည်။