ပရာယွတ်ပါဝင်ခဲ့သည့် စစ်တပ်ပါတီနှင့် Pheu Thai ပါတီ ပူးပေါင်းမည်ဟု ကြေညာ

0
1319

ထိုင်းနိုင်ငံ၏ အာဏာသိမ်းစစ်ခေါင်းဆောင် ပရာယွတ်ရာချာအိုချာပါဝင်ခဲ့သည့် United Thai Nation ပါတီနှင့် သက်ဆင်သမီး၏ Pheu Thai ညွန့်ပေါင်းအဖွဲ့တို့ ပူးပေါင်းသွားမည်ဖြစ်ကြောင်း ယမန်နေ့ (ဩဂုတ် ၁၇) ညနေပိုင်းတွင် ကြေညာခဲ့သည်။

ထိုင်းနိုင်ငံ၏ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ်ဖြစ်သော သက်ဆင်ညီမ ယင်းလတ်လက်ထက်၂၀၁၄ ခုနှစ်တွင် ပရာယွတ်ချာအိုချာက အာဏာသိမ်းခဲ့ခြင်းဖြစ်သည်။

Pheu Thai ပါတီက ရွေးကောက်ပွဲမတိုင်မီကာလအတွင်း စစ်တပ်နောက်ခံပါတီများဖြစ်သော United Thai Nation ပါတီနှင့် Palang Pracharath ပါတီများနှင့် ပူးပေါင်းမည်မဟုတ်ကြောင်း ပါတီခေါင်းဆောင် Chonlanan Srikaew က ဆိုထားခဲ့သည်။

အကယ်၍ ပူးပေါင်းပါက ပါတီခေါင်းဆောင်နေရာက ဆင်းပေးမည်ဟုလည်း ကတိပေးခဲ့သူဖြစ်သည်။

သို့သော်လည်း ညွန့်ပေါင်းအစိုးရဖွဲ့စည်းနိုင်ရန် နှစ်ပါတီ သဘောတူညီချက်ရရှိထားကြောင်း United Thai Nation ပါတီ၏ ပါတီပြောရေးဆိုခွင့်ရှိသူက ဆိုခဲ့သည်။

လက်ရှိထိုင်းနိုင်ငံရေးပြဿနာများကို ဖြေရှင်းနိုင်ရန်နှင့် အစိုးရအသစ် အမြန်ဆုံးဖွဲ့စည်းနိုင်ရန်အတွက် Pheu Thai ပါတီက တင်သွင်းမည့် ဝန်ကြီးချုပ်လောင်းကို ထောက်ခံမဲပေးသွားမည်ဖြစ်ကြောင်း United Thai Nation ပါတီက ဆိုခဲ့သည်။

ညွန့်ပေါင်းအဖွဲ့နှင့် ပူးပေါင်းခဲ့သော်လည်း ပါတီအနေဖြင့် ဝန်ကြီးနေရာများအတွက် တောင်းဆိုထားခဲ့ခြင်းမရှိကြောင်း Pheu Thai ပါတီက တင်သွင်းမည့် မည်သည့်ဝန်ကြီးချုပ်လောင်းကိုမဆို ထောက်ခံမည်ဖြစ်ကြောင်း စစ်တပ်ပါတီက ဆိုထားသည်။

Pheu Thai ညွန့်ပေါင်းအဖွဲ့ထဲ United Thai Nation ပါတီ ပါဝင်လာခဲ့သည့်အတွက် အောက်လွှတ်တော်အမတ်အရေအတွက် တစ်ဝက်ကျော်လာကာ ထောက်ခံမဲ ၂၇၄ မဲအထိရှိလာခဲ့ပြီဖြစ်သည်။

ဝန်ကြီးချုပ်အသစ်ရွေးချယ်ပွဲကို လာမည့် အင်္ဂါနေ့ ဩဂုတ်လ ၂၂ ရက်နေ့ လွှတ်တော်အစည်းအဝေးတွင် ကျင်းပသွားမည်ဖြစ်ပြီး Pheu Thai ပါတီ၏ ညွန့်ပေါင်းအဖွဲ့က စီးပွားရေးလုပ်ငန်းရှင် Srettha Thavisin ကို အမည်စာရင်းတင်သွင်းမည်ဖြစ်ကြောင်း ကြေညာထားသည်။

Ref: The Nation Thailand, Khaosod English, Thai Enquirer