ကျိုက်ထိုတော်လှန်ရေးအင်အားစု တပ်ဖွဲ့ဝင်တစ်ဦး၏ ယောက္ခမနေအိမ် ချိပ်ပိတ်ခံရ

0
1303

ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF တပ်ဖွဲ့ဝင် ကိုရဲသွေးညီ၏ ယောက္ခမ နေအိမ်ကို စစ်ကောင်စီက လာရောက်ချိပ်ပိတ်သွားကြောင်း မြို့ခံတို့ထံမှ သိရသည်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ မြောက်ပိုင်းရပ်ကွက်၊ မင်္ဂလာလမ်းရှိ အဆိုပါနေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်၊ ရဲတပ်ဖွဲ့ဝင်နှင့် အုပ်ချုပ်ရေးအဖွဲ့တို့က ဩဂုတ် ၁၇ ရက်နေ့က လာရောက်ချိပ်ပိတ်ခဲ့ခြင်းဖြစ်ကြောင်း မြို့ခံတို့က ပြောသည်။

အဆိုပါနေအိမ်တွင် နေထိုင်နေသူများကို နေအိမ်မှ ဖယ်ရှားပေးရန် စစ်ကောင်စီတပ်က အိမ်ကို ချိပ်မပိတ်မီ ရက်ပိုင်းအလိုက လာရောက်သတိပေးခဲ့သေးကြောင်း မြို့ခံတစ်ဦးက ပြောသည်။

“အိမ်ကို လာချိပ်ပိတ်တဲ့အချိန်မှာ အဲဒီအိမ်မှာ လူတော့ မရှိနေကြတော့ဘူး။ သိရသလောက်က အဲဒီမတိုင်ခင် ရက်ပိုင်းမှာကတည်းက သူတို့ နေအိမ်ကနေ ဖယ်ပေးထားရတယ်” ဟု ၎င်းက ပြောဆိုသည်။

ကိုရဲသွေးညီသည် အာဏာမသိမ်းခင်က သံပန်းသံတံခါးလုပ်ငန်း လုပ်ကိုင်နေသူဖြစ်ပြီး ယင်းအချိန်က ယောက္ခမ၏ နေအိမ်တွင် နေထိုင်ခဲ့ကြောင်း မြို့ခံတို့ထံမှ သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒထုတ်ဖော်ရာမှ လက်နက်ကိုင်တော်လှန်ရေးတွင် ပါဝင်သွားခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

ကိုရဲသွေးညီ၏ ဇနီးသည်ကလည်း စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အနေဖြင့် အကြမ်းမဖက် အာဏာဖီဆန်ရေး (CDM) လှုပ်ရှားမှုတွင် ပါဝင်သည့် ကျောင်းဆရာမဖြစ်ကြောင်း မြို့ခံတို့ထံမှ သိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်က ကိုရဲသွေးညီကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည) ၊ ၅၂ (က) အပါအဝင် ပုဒ်မ ၁၀ ခုထက်မနည်းဖြင့် အမှုဖွင့်လှစ်ထားကြောင်း စုံစမ်းသိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ကျိုက်ထိုမြို့နယ်အတွင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်များ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် ပါတီထောက်ခံသူတို့၏ နေအိမ်အလုံး ၂၀ ထက်မနည်းကို စစ်ကောင်စီတပ်က ချိပ်ပိတ်သိမ်းဆည်းခဲ့သည်။

တစ်နိုင်ငံလုံးတွင် NLD လွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် ပါတီဝင်များ၊ အရပ်သားပြည်သူများ စုစုပေါင်း ၆၂၅ ဦး၏ နေအိမ်နှင့် ပိုင်ဆိုင်မှုများကို စစ်ကောင်စီက ချိပ်ပိတ်သိမ်းဆည်းခဲ့ကြောင်း NLD က ဇွန်လအတွင်းက ထုတ်ပြန်ထားသည်။