ကမ္ဘောဒီးယား စာသင်ကျောင်းတစ်ခုအတွင်း စစ်ကျန်ဖောက်ခွဲရေးပစ္စည်းများ ထောင်နှင့်ချီတွေ့ရှိ

0
1350

ကမ္ဘောဒီးယားပြည်တွင်းစစ်ကာလမှ လက်ကျန် လက်နက် နှင့် ဖောက်ခွဲရေးဆိုင်ရာ ပစ္စည်း အစိတ်အပိုင်း ထောင်ပေါင်းများစွာကို မပေါက်ကွဲသေးသော အနေအထားဖြင့် နိုင်ငံ၏ အရှေ့မြောက်ဘက်ရှိ စာသင်ကျောင်းတစ်ခုအတွင်း တူးဖော်တွေ့ရှိခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ဩဂုတ် ၁၃ရက်နေ့တွင် ထုတ်ပြန် ပြောကြားခဲ့သည်။

ရက်စက်ကြမ်းကြုတ်သော ဒေသတွင်း ပဋိပက္ခများနှင့်အတူ ၁၉၆၀ ပြည့်လွန်နှစ်များအတွင်းက စတင်ခဲ့သော အမေရိကန်၏ ဗုံးကြဲတိုက်ခိုက်မှုများအပြီး ဆယ်စုနှစ်များအကြာတွင် ကမ္ဘောဒီးယားသည် ကမ္ဘာပေါ်တွင် ဗုံးခွဲခံရမှု အများဆုံးနှင့် မိုင်းထောင်မှုအများဆုံးနိုင်ငံစာရင်းတွင် ရှိနေသေးသည်။

ကာရာတီ ပြည်နယ် ၏ အဆိုပါ အထက်တန်းကျောင်းဝင်းထဲတွင် သုံးရက်တာကာလအတွင်း ရှာဖွေခဲ့ရာ M79 လက်ပစ်ဗုံး အလုံး ၁၀၀၀ ကျော်အပါအဝင် ဖောက်ခွဲရေးပစ္စည်း အခု ၂၀၀၀ ကျော်ကို တူးဖော်တွေ့ရှိခဲ့ကြောင်း ဒေသတွင်း မြေမြှုပ်မိုင်းဆိုင်ရာ လုပ်ငန်းစဉ်များကို ဆောင်ရွက်နေသည့် Cambodian Mine Action Center ၏ ညွှန်ကြားရေးမှူးချုပ် မစ္စတာ ဟန် ရတ်တာနာ က ပြောသည်။

ဥယျာဉ်ခြံမြေ တိုးချဲ့ရန် ကျောင်းမှ အဆိုပါ မြေနေရာ ကို ရှင်းလင်းရာမှ ယခုလို ပေါက်ကွဲစေတတ်သော အကြွင်းအကျန်များကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

“လက်ရှိမှာ ကျောင်းကို ခေတ္တပိတ်ထားပါတယ်” ဟု ရတ်တာနာက ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့် သက်ဆိုင်သည့် ဓာတ်ပုံများတွင် တူးဖော်ရရှိထားသည့် ဖောက်ခွဲရေး ပစ္စည်းများ အများအပြား ကို သံချေးများတက်နေသည့် အနေအထား ဖြင့် အတန်းလိုက် စုပုံထားသည်ကို တွေ့ရသည်။

“ ကျောင်းသားတွေ တော်တော်လေးကို ကံသီလို့ပါပဲ။ ဖောက်ခွဲရေးပစ္စည်းတွေက မြေကြီးထဲ တူးနေရင်း ထိမိရင် ပေါက်ကွဲလွယ်တဲ့အတွက် ကျောင်းသားတွေကို ထိခိုက်နိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။

ယင်းကျောင်းတည်ရှိရာ နေရာသည် ကမ္ဘောဒီးယား စစ်ပွဲအတွင်း စစ်စခန်းတစ်ခုဖြစ်ခဲ့ပြီး အဆိုပါ ဧရိယာအတွင်း နယ်မြေရှင်းလင်းရေး ဆက်လက်လုပ်ဆောင်ပါက ဖောက်ခွဲရေးပစ္စည်းများကို ပိုမိုဖော်ထုတ်နိုင်ဖွယ်ရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။

ကမ္ဘောဒီးယားပြည်တွင်းစစ်သည် ၁၉၇၅ ခုနှစ်အထိ ကြာမြင့်ခဲ့ပြီး အမေရိကန်နှင့်ပါ ဆက်လက်ဖြစ်ပွားခဲ့သည့် အတွက် ထိုအချိန်က မြောက်နှင့် တောင်ဗီယက်နမ်တို့က နှစ်ဖက်စလုံးကို ကျောထောက်နောက်ခံပြုခဲ့သည်။

အမေရိကန်၏ ဗုံးကြဲတိုက်ခိုက်မှုနှင့် မိုင်းထောင်ထားသည့် ဧရိယာများ၏ အကျိုးသက်ရောက်မှုများသည် ကမ္ဘောဒီးယား အတွက် ကြေကွဲဖွယ်ကောင်းသည့် နည်းလမ်းများဖြင့် ခံစားခဲ့ရသည်မှာ ကြာမြင့်နေပြီဖြစ်သည်။ မြေမြှုပ်မိုင်း သို့မဟုတ် ဗုံးများကို နင်းမိမှုများကြောင့် ပြီးခဲ့သော ဆယ်စုနှစ် လေးခုအတွင်း ခန့်မှန်းခြေ ကမ္ဘောဒီးယားနိုင်ငံသား ၂သောင်းခန့် သေဆုံးခဲ့သည်။

ကမ္ဘောဒီးယား အစိုးရအနေဖြင့် ၂၀၂၅ ခုနှစ်တွင် နိုင်ငံတွင်း မြေမြှုပ်ထားသည့် မိုင်း အပါအဝင် မပေါက်ကွဲသေးသော လက်နက်များအားလုံးကို ရှင်းလင်းပစ်နိုင်ရန် ကတိကဝတ်ပြုလျက် ယနေ့အချိန်အထိ မိုင်းရှင်းလင်းရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

Reference ● AFP ● The Straits Times