ပုလောတွင် စစ်ကောင်စီတပ်က ကျေးရွာများကို လက်နက်ကြီးဖြင့်ပစ်

0
1531

မြိတ်ခရိုင်၊ပုလောမြို့နယ်ရှိ ကျေးရွာများဘက်သို့  စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများ ထံမှသိရသည်။

ယနေ့(သြဂုတ် ၈)နံနက် ၁၁ နာရီခွဲဝန်းကျင်တွင် ပုလောမြို့  ၂၈၅ တပ်ရင်းမှ လက္ကူးနှင့်မှော်ကြောင်းရွာဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သလို မွန်းလွဲပိုင်းတွင် မီးလောင်ချောင်းနှင့် ဇရပ်ဆိပ်ရွာများဘက်သို့ ပလမြို့တပ်ရင်းကလည်း လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်ဟု ဒေသခံများ ကပြောသည်။

“တိုက်ပွဲဖြစ်သံတော့ မကြားရဘူး။ ပလဘက်ကပစ်တဲ့ လက်နက်ကြီးလာကျနေလို့ အိမ်အောက်မှာ ဆင်းဝပ်နေရတယ်”ဟု မီးလောင်ချောင်းရွာနေ ဒေသခံအမျိုးသမီး ကပြောသည်။

ပုလောမြို့အနီး မှော်ကြောင်းရွာ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်က ယနေ့နံနက်တွင် ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည်ဟုကြားသိရပြီးနောက် အဆိုပါကျေးရွာများဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်ဟု ဒေသခံနောက်တစ်ဦး ကပြောသည်။

 လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံများ နေရပ်စွန့်ခွာထွက်ပြေးနေကြပြီး အထိအခိုက်ရှိမရှိကိုမူ Dawei Watch ကဆက်လက်စုံစမ်း နေဆဲဖြစ်သည်။

“ဇရပ်ဆိပ်ရွာထဲ နှစ်လုံးလာကျတယ်။ ထိခိုက်မှုကတော့မကြားရဘူး”ဟု ဒေသခံနောက်တစ်ဦး ကပြောသည်။

လက်နက်ကြီးပစ်ခတ်မှု ဖြစ်နေစဥ်အတွင်း ယင်းရွာများအနီးတွင် ကင်းထောက်လေယာဥ်တစ်စီး ပျံသန်းနေကြောင်း တွေ့ရသည်ဟု ဒေသခံများ ထံမှသိရသည်။

တိုက်ပွဲမရှိသော်လည်း ပုလောမြို့နယ်၊ကျေးရွာများအတွင်းသို့ စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် မကြာခဏ ပစ်ခတ်လေ့ရှိပြီး ဒေသခံအချို့သေဆုံးခြင်းရခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းများလည်းရှိသည်။