ကျောင်းသားဆီက လခမတောင်းတဲ့ ကျူရှင်ဆရာ

0
1961

သူ..

ဘယ်ကျောင်းသားဆီကမှ ကျူရှင်လခ မတောင်းတတ်ပါ။

ဒါပေမဲ့ မရဏမင်းကတော့ သူ့အသက်ကို တောင်းသွားပါပြီ။

“မင်းတို့ကောင်တွေ ငါစာကောင်းကောင်းသင်နေချိန် မရယ်နဲ့၊ ငါ ဟာသပြောချိန်ဆို ကြိုက်သလောက် ရယ်၊ ပတ်ဝန်းကျင်က ကျောက်ခဲနဲ့ပစ်ပေါက်ရင် ငါရှင်းမယ်”

ဒါက ဆရာ ဦးအောင်ဝင်း ချမှတ်တဲ့ အမိန့်ပါ။

ကျူရှင်အခန်းထဲမှာ ဆရာကြွေးကြော်ချမှတ်တဲ့ စဉ်းကမ်းချက် အသစ်ပါ။

အချိန်က လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်။

ဆရာက အသက် ၅၀ မပြည့်သေးတဲ့ သန်တုန်းမြန်တုန်းအရွယ်။

အင်္ဂလိပ်စာကြောက်တဲ့၊ အင်္ဂလိပ်စာသင်ရ၊ကျက်ရပျင်းတဲ့ ကျောင်းသားကျောင်းသူတွေကြားမှာ ဆရာဦးအောင်ဝင်းက နာမည်ကျော်ပါတယ်။

“ဆရာဦးအောင်ဝင်း စာသင်ရင် အရမ်းရယ်ရတယ်”တဲ့။

စာကျက်ပျင်းပြီး ပျော်ပျော်နေချင်တဲ့ ကိုယ်တွေအတွက်တော့ ဆရာ့ရဲ့ အင်္ဂလိပ်စာ ကျူရှင်စာသင်ခန်းဟာ “ပျော်စရာ သင်ကြားနားနေဆောင်”တစ်ခုပါပဲ။

သူ့ကျူရှင်ခန်းထဲရောက်သွားရင် စာသွားသင်တယ်လို့ကို မထင်တော့ပါဘူး။ ပျော်စရာကောင်းတဲ့ နေရာတစ်ခုကို ရောက်သွားသလိုပါပဲ။

နောက်ပြီး ဆရာ့စာသင်ခန်းက စကောလားရှစ်ပါ ပေးပါသေးတယ်။

၉ တန်းမှာ ဆုတစ်ခုခု ချိတ်ရင် ၁၀ တန်းအင်္ဂလိပ်စာကျူရှင် သူ့မှာ အခမဲ့ တက်ခွင့်ရပါသတဲ့။

ကိုယ်တွေလို စာဖျင်းတဲ့၊ ဆုမချိတ်တဲ့၊ ငွေယားလေးတွေ လက်ထဲမမြဲတဲ့ သူတွေအတွက်လည်း ကင်းလွတ်ခွင့်တွေ ရှိနေပြန်ပါတယ်။

အဲဒါကတော့ ကျူရှင်လခကို လုံးဝ မတောင်းတတ်တာပါ။

အချို့ကျူရှင်ဆရာတွေက “ငွေလိုလို့ ကျူရှင်သင်တာကွ” မပြောရုံတမယ် အသပြာဆရာလို့ ပြောရအောင်ကို ကျူရှင်လခကို ငမ်းငမ်းတက် တောင်းတတ်ပါတယ်။

လကုန်ရက်ဆို ပေါ်တင်တစ်မျိုး၊ စာသင်ရင်းတသွယ် ကျူရှင်လခ ပေးကြဖို့ ဆော်သြပါတော့တယ်။ ပေးပြီးသူကို စာရင်းတို့ထားပြီး မပေးသေးသူတွေကိုလည်း နာမည်ခေါ်တောင်းတဲ့အထိပါ။

ဆရာဦးအောင်ဝင်းမှာတော့ ကျောင်းသားစာရင်း ရှိပုံမရပါ။

လကုန်ရက်ဆို ကျူရှင်လခ စတင်လက်ခံပြီဖြစ်ကြောင်း ပေါ့ပေါ့ပါးပါး ကြေညာပြီး Class သိမ်းရင် သူ့ခုံမှာပဲ စာရင်းမရှိအင်းမရှိ လက်ခံတတ်တာမျိုးပါ။

အဲလိုအချိန်ဆို ကျူရှင်လခ မပေးချင်/မပေးနိုင်တဲ့ ကျောင်းသားတွေက နောက်ကနေ အလျိုလျို လစ်ထွက်သွားတတ်ကြပါတယ်။ (ကိုယ်တွေကတော့ အိမ်ကပေးလိုက်တဲ့ ကျူရှင်လခကို သုံးလိုက်မိတဲ့လဆို လစ်ထွက်တဲ့အထဲမှာ ထိပ်ဆုံးကပါ)။

အဲလို လစ်ထွက်တာ ဆရာက မသိဘူးမဟုတ်ပါ။ သိတာပေါ့။

အခန်းထဲမှာ ခုံဘယ်နှစ်လုံး၊ ကျောင်းသားဘယ်နှစ်ယောက်၊ ဝင်ငွေဘယ်လောက် တွက်ကြည်လိုက်ရင် မပေးသူ ဘယ်နှစ်ယောက်ဆိုတာ သူသိတာပေါ့။

မပေးတဲ့သူ များတဲ့လဆို ဆရာက စာသင်ရင်းနဲ့ စကားစပ်မိရင်း သူရင်းနှီးတဲ့ကျောင်းသား(သူပြောရင် မနာတတ်တဲ့ ပြောမနာဆိုမနာ ကျောင်းသားမျိုး)ဆီက ကျူရှင်လခ အော်တတ်ပါတယ်။

“မင်းခန့်ဆိုတဲ့ကောင်..၊ ကျူရှင်လခ ငါ့ကို မပေးဘဲ ဘယ်မှာ သုံးလိုက်လဲ” အဲလိုမျိုးဆို ကိုယ်တွေက ခပ်တည်တည်ပဲ ပြန်ပက်တတ်ပါတယ်။

“ဆရာ့ကို ဘယ်နှခါ ပေးရမလဲ”

ဆရာလည်း အူတူတူမျက်လုံးနဲ့ ပြန်လှည့်သွားပြီး စာဆက်သင်နေတော့တာပါပဲ။

ဂရမ်မာ(သဒ္ဒါ)ပိုင်တယ်လို့ နာမည်ကြီးတဲ့ဆရာဟာ အင်္ဂလိပ်စာကို ထားဝယ်ငပိသံနဲ့ အားရပါးရ သင်တတ်ပါတယ်။

စာကို ဟာသနှောသင်တတ်တော့ သူ့အခန်း ဓာတ်မသိတဲ့ လမ်းသွားလမ်းလာတွေဆို သူ့စာသင်ခန်းကို ဟာသကားပြတဲ့ ဗွီဒီယိုရုံနဲ့ မှားလောက်ပါတယ်။

အနည်းဆုံး တစ်မိနစ် တစ်ကြိမ်လောက်တော့ ကျောင်းသူကျောင်းသားတွေရဲ့ ရယ်သံတွေ အခန်းထဲကနေ လမ်းမပေါ် ဖိတ်လျှံလာလေ့ ရှိပါတယ်။

အဲဒီကာလက ခုလိုမျိုး ကျောင်းအိပ်ကျောင်းစား ဘော်ဒါဆောင်တွေ၊ ကိုယ်ပိုင်ကျောင်းတွေမျိုးက မပေါ်ပေါက်သေးဘူး။

ကျောင်းမှာ သင်တာနဲ့ မလုံလောက်ဘူးထင်ရတဲ့ဘာသာရပ်တွေဖြစ်တဲ့ အင်္ဂလိပ်၊ သင်္ချာ၊ ဓာတု၊ ရူပ စတဲ့ အင်္ဂလိပ်ဘာသာနဲ့ ပုံနှိပ်တဲ့ဘာသာရပ်တွေကို အပြင်ကျူရှင်ဆရာတွေက သူတို့ ကျွမ်းကျင်ရာ ဘာသာရပ်အလိုက် သင်ကြတာ။

ထားဝယ်မှာဆိုရင် ကျူရှင်ဆရာတွေကို သူသင်တဲ့ဘာသာရပ်အလိုက် ရှေ့မှာ ဘွဲ့တပ်ခေါ်ကြတာ။

အင်္ဂလိပ်စာ အောင်ဝင်း၊ သင်္ချာ ကျော်သောင်း၊ ဘိုင်အို သန်းဝင်း စသဖြင့်ပေါ့။

လူ ၈၀ ကျော်လောက်ဆံ့တဲ့ အခန်းတွေထဲ ကျောင်းလွှတ်ချိန်တွေ၊ ကျောင်းမတက်သေးတဲ့အချိန်တွေမှာ သင်ကြားကြတာ။ တစ်ချိန်ကို ၁ နာရီနှုန်းပေါ့။

နံနက် ၇ နာရီမှာ တက်တဲ့ကျောင်းသားတွေက ၈ နာရီမှာ အတန်းဆင်း။ ၈ နာရီကနေ ၉ နာရီအထိ တက်မယ့်သူတွေက အပြင်မှာ အသင့်။ ကျူရှင်လွှတ်တာနဲ့ ကျောင်းကို စက်ဘီးနဲ့တန်းပြေးဖို့ ကျောင်းဝတ်စုံအဖြူအစိမ်းတွေ ဝတ်ထားကြ။ ဆရာတွေကလည်း သိတယ်။

ကျောင်းသွားဖို့အချိန် ၁၀ မိနောက်လောက်ဟပြီး ၈ နာရီ မိနစ် ၅၀ လောက်မှာ လွှတ်ပေးတော့ ကျောင်းသူကျောင်းသားတွေက ကျောင်းကို စက်ဘီးကိုယ်စီနဲ့ အလုအယက် နင်းပြေးကြပေါ့။

ကျောင်းဆင်းရင်လည်း အိမ်တန်းမပြန်ကြဘဲ အဖြူအစိမ်းနဲ့ပဲ ကျူရှင်ကို တန်းလာလိုက်တာပါပဲ။ ၄ နာရီမှာ စမယ့် အတန်းအမီတက်ရမှာ ဆိုတော့လေ။ ဆရာတွေကတော့ တစ်နာရီပြီးတစ်နာရီ သင်လိုက်တာ ည ၈ နာရီထိပေါ့။

ကျူရှင်လခက တစ်ယောက် ကျပ် ၅၀၀။ တစ်ချိန်မှာ ကျောင်းသား ၅၀ ပဲ သင်ရ တစ်နာရီ ၂ သောင်းခွဲ ကိုက်နေပြီ။ တနေ့မှာ ၆ နာရီသင်ရင် တစ်လ တစ်သိန်းခွဲနှုန်း။ အဲတုန်းက ရွှေတစ်ကျပ်သားက ၄ သောင်းလောက် ရှိတယ်။

ဆိုတော့ အဲဒီခေတ်က နာမည်ရ ကျူရှင်ဆရာအတော်များများက ဟိတ်နဲ့ ဟန်နဲ့၊ ဂိုက်နဲ့ ဆိုက်နဲ့ ချည်းပါပဲ။ ငွေကြေးလည်း သူ့အထွာနဲ့သူ ပြေလည်ကြတာ များပါတယ်။
ဆရာ ဦးအောင်ဝင်းက လွဲရင်ပေါ့လေ..။

ဆရာကတော့ ဘယ်သူနဲ့ တွေ့တွေ့ အမြဲ ပြုံးပြုံး ပြုံးနဲ့ပါ။ အဝတ်အစားလည်း ပြောင်ပြောင်ရောင်ရောင် မရှိလှပါဘူး။(ကိုယ်တွေလို ကျူရှင်လခ ကလိမ်ကျတဲ့ ကျောင်းသားတွေ အတော်များခဲ့ပုံရပါတယ်)။

အဲဒီနှစ်မှာပါပဲ..။ ဘာသာစုံ စာသင်ဝိုင်းတွေ စဖွံ့ဖြိုးစပေါ့..။

စာသင်နှစ်ဝက်မှာ ဆရာဦးအောင်ဝင်းနဲ့ သူ့မိတ်ဆွေကျူရှင်ဆရာတွေ စုပြီး လေးလပြတ် စာသင်ဝိုင်း ဖွင့်တယ်။

စာသင်ဝိုင်းအမည်က “ပိုင်”။

လေးလပြတ်ဆိုတာက ပုံမှန်ဆို ၉ လလောက် သင်ရတဲ့ ဆယ်တန်းဘာသာစုံသင်ရိုးအကုန်ကို လေးလနဲ့ အပြတ်သင်တဲ့ စာသင်ဝိုင်း။ ဆယ်တန်းနှစ်ဟောင်းသမားတွေအတွက် အဓိကရည်ရွယ်ဖွင့်တာမျိုး။

နှစ်စကတည်းက ဝေလေလေ၊ ဖြတ်လမ်းလည်း လိုက်ချင်သေး၊ လေးလလောက် ဖြစ်ညှစ်လိုက်ရင် အောင်ကိုအောင်တယ်လို့ ကိုယ်ကိုယ်ကို ဘဝင်လေဟတ်တဲ့ ဆယ်တန်းနှစ်သစ်ကိုယ်တွေလည်း သွားတက်ဖြစ်တာပေါ့။

(ကျူရှင်လခကတော့ ကလိမ်ကျလို့ မရတော့ဘူးရယ်။ မှတ်မိသလောက်တော့ စာသင်ဝိုင်းဝင်တာနဲ့ တစ်ဝက်ကြေး စပေးရတာမျိုး၊ နောက်တစ်ဝက်က နောက်နှစ်လမှ ပေးပေါ့လေ)။

အခန်းကလည်း ကျဉ်း၊ ဒီဖက်ခေတ်လို ပန်ကာတွေ၊ အဲယားကွန်းတွေဖွင့်ဖို့ မပြောနဲ့ နေ့ဘက် မီးလာတယ်ဆိုတာ မမြင်ဖူး မကြားဖူးတဲ့ခေတ်။ ဆိုတော့ ပူအိုက်လိုက်ပုံများ။

ဒါပေမဲ့ ဆရာ ဦးအောင်ဝင်းအလှည့်ဆို မပျင်းရပါဘူး။ ရယ်ရတာကိုး။

ဆယ်တန်းနှစ်ဟောင်းတွေနဲ့လည်း ပေါင်းမိပြီး ဟီးဟီးဟားဟားပေါ့လေ..။

အဲမှာ ဆရာနဲ့ ကိုယ်တွေ စတွေ့တာပါပဲ။

တစ်ခါတစ်ခါ ရယ်တာ အရှိန်လွန်ကုန်ရော..။

ဆရာက ရယ်စရာ တစ်ခုခုပြောရင်ရယ်..၊ ကိုယ်တွေကလည်း ဆရာပြောတဲ့ ရယ်စရာတွေကို ထပ်ကွပ်ပြီး ဟာသဖောက်ကြတော့ အားလုံးက ထပ်ရယ်..။

ပထမတော့ အေးဆေးပါ။ ဆရာကလည်းပျော်၊ ကျောင်းသားတွေလည်း ပျော်ပေါ့လေ..။

နောက်တော့ ရယ်စရာတွေ ပြောတာများလာပြီး စာသင်တာ ခရီးမရောက် ဖြစ်လာတယ်။

တစ်နှစ်သင်ရိုးကို ၄ လနဲ့ အပြတ်ဖြတ်ရမှာဆိုတော့ စာမေးပွဲကြီးအမှီ သင်ရိုးကုန်ဖို့ ဖုတ်ပူမီးတိုက်သင်ရမှာကို ပထမလမှာ ဆရာ့အင်္ဂလိပ်စာက ဘယ်မှ ကောင်းကောင်း မရောက်သေးဘူး။ ဆိုတော့ ဆရာက စာကို ဖိသင်တယ်။

ဒါပေမဲ့ သူ့ဝသီအတိုင်း ဟာသကလည်း မပြောဘဲ မနေနိုင်။ ကိုယ်တွေကလည်း ထုံးစံအတိုင်း ဆရာဟာသပြောလည်းရယ်၊ ဆရာ့ဟာသကို ထပ်ကွပ်ပြီးလည်း ရယ်။

တစ်ခါတော့ ဆရာဟာသပြောပြီး စာဆက်သင်နေလည်း ကိုယ်ဘာကိုယ် ဟာသတွေပြောပြီး တခိခိ ဆက်ရယ်ဖြစ်ကြတယ်။

အဲမှာ ဆရာက အစမှာ ပြောသလို ပွဲမကြမ်းစဖူး ထပွဲကြမ်းတော့တာပဲ။

“မင်းတို့ကောင်တွေ ငါစာကောင်းကောင်းသင်နေချိန် မရယ်နဲ့၊ ငါ ဟာသပြောချိန်ဆို ကြိုက်သလောက် ရယ်၊ ပတ်ဝန်းကျင်က ကျောက်ခဲနဲ့ပစ်ပေါက်ရင် ငါရှင်းမယ်”

ဒါက ဆရာ ဦးအောင်ဝင်း ချမှတ်တဲ့ စာသင်ခန်းထဲ ရယ်မောချင်းနဲ့ပတ်သက်ပြီး ပထမဆုံး အမိန့်ပါ။ ကျွန်တော်တို့အတွက် အမိန့်စိမ်းပါ။

ဒါပေမဲ့ ဆရာ့စေတနာ၊ စာသင်တာ အနှောက်အယှက်ဖြစ်မှာ၊ ဆရာ့အတွက်ရော ကျောင်းသူကျောင်းသားတွေအတွက်ပါကြည့်ပြီး ကိုယ်တွေလည်း ဆရာအမိန့်ကို လိုက်နာကြပါတယ်။

အဲဒီနေ့ကတော့ ငြိမ်ငြိမ်ကုတ်ကုတ်နဲ့ ဆရာ့အချိန်က ပြီးသွားတယ်ဆိုပါတော့..။

နောက်ရက် ဆရာ့အချိန်..။

ပထမတော့ ဆရာက ခပ်တည်တည်ပါပဲ။

ဒါပေမဲ့ စာကို တစ်သက်လုံး ဟာသနှောပြီး သင်ခဲ့တဲ့ ဆရာဦးအောင်ဝင်းလေ..၊
ဟာသပြောရမယ့်အပေါက်ရောက်ရင် ဟာသတွေက ဆရာ့ပါးစပ်ထဲက အလိုလို ထွက်ကျလာတယ်ပေါ့။

တစ်ခန်းလုံးလည်း ပေါ့ပေါ့ပါးပါး ဝိုင်းရယ်ကြတာပေါ့..။

တစ်ခန်းလုံး ရယ်သံတွေ တိတ်ချိန်မှာ ဆရာက သင်ပုန်းကို မျက်နှာလှည့်ပြီး စာဆက်သင်မယ်အလုပ် အသံနက်ကြီးတစ်ခု ခုနှစ်အိမ်ကြား ရှစ်ကြိမ်ကြား ဟိန်းထွက်လာတယ်..။

“ဟား.. ဟား.. ဟား.. ဟား..”

ပထမတော့ အားလုံး ကြောင်ကုန်တယ်။

ဆရာလည်းအသံထွက်လာတဲ့ ကျောင်းသားဆီ ကြောင်ပြီး ကြည့်တယ်။

ဘယ်သူရှိရမှာလဲ..၊

သူ့အချစ်တော် မင်းခန့်ဆိုတဲ့ကောင်ပေါ့။

တစ်ခုခု ပြောဖို့ ပြင်သေးတယ်။

နောက်မှ သူ့အမိန့်သူ သတိရပုံနဲ့ သက်ပြင်းချပြီး စာဆက်သင်တယ်။

ကောင်မလေးတွေဘက်ကတော့ တစ်ခိခိနဲ့ ကြိတ်ရယ်သံတွေ ခတ်အုပ်အုပ်ထွက်နေဆဲ။

ဆရာက မသိချင်ယောင်ဆောင်ပြီး စာဆက်သင်တယ်။

သိပ်မစောင့်ရပါဘူး။

ဆရာဦးအောင်ဝင်းပါလေ..၊

စာသင်ရင်း ဟာသတစ်ခု လွှတ်ခနဲ ပြောမိပါလေရော။

ကျောင်းသူကျောင်းသားတွေ ရယ်ကြတာပေါ့ဗျာ..။

ရယ်သံအဆုံးမှာတော့ ထွက်လာပြန်ပြီပေါ့ ကျယ်လောင်သလောက် နားထောင်မကောင်းတဲ့ အသံနက်ကြီး။

“ဟား.. ဟား.. ဟား.. ဟား..”

ဆရာလည်း မျက်မှောင်ကြုတ်ပြီး မင်းခန့်ကို ကြည့်တော့ ကျောင်းသားတွေလည်း တိုးတိုး ထပ်ရယ်ကြတယ်။

ဆရာ့မျက်နှာ မှောင်ရိပ် သန်းလာသလိုမျိုး။

အမိန့်ထုတ်မိတာ မှားပြီလား၊ ငါဟာသပြောရင် ရယ်သာရယ် ပတ်ဝန်းကျင်က ကျောက်ခဲနဲ့ပစ်ရင် ငါရှင်းမယ်လို့ စကားကျွန်မိတာ မှားပြီလား တွေးနေပုံရတယ်။

ဟုတ်တယ်လေ..။ စာသင်ဝိုင်းနေရာက ဆေးရုံလမ်း၊ ထားဝယ်မြို့လယ်ခေါင်လို့ ပြောလိုရတယ်။ အိမ်ခြေစေ့တယ်။ အဲလောက်အော်ကြီးဟစ်ကျယ် ရယ်မှတော့ ပြောစရာ ဖြစ်ပြီပေါ့။
ခုတော့ သူ့စကားနဲ့သူ အကျပ်ရိုက်နေပုံမျိုး။

မျက်နှာငယ်လေးနဲ့ သက်ပြင်းချတယ်။ ပြီးတော့ စာဆက်သင်တယ်။

ဒီတစ်ကြိမ်တော့ အတော်သတိထားပုံရတယ်။ တော်ယုံနဲ့ ဟာသ မနှောတော့ဘူး။

သင်ပုန်းကြီးနဲ့ကပ်လျက်လုပ်ထားတဲ့ တစ်ပေလောက်မြင့်တဲ့ လမ်းလျှောက်စာသင်ခုံပေါ်ကနေ မဆင်းတော့ဘဲ စာလှိမ့်သင်နေတော့တာပဲ။

ဒါပေမဲ့ ဆရာဦးအောင်ဝင်းလေဗျာ။

စာသင်ချိန်ပြီးခါနီးမှာ ဟာသပြောမိပြန်ပေါ့။

ကျောင်းသူကျောင်းသားတွေရယ်သံအဆုံးမှာ “ဟား.. ဟား.. ဟား.. ဟား..” အသံနက်ကြီးထွက်လာပြန်ပေါ့..။

အဲဒီမှာ ဆရာက ခါးတောင်းကြိုက်ပြီး စာသင်ခုံပေါ်က ဆင်းလာပါလေရော။

“ဟေ့ကောင် မင်းခန့်..၊ မင်းနဲ့ ငါတစ်ယောက်ချင်း ထိုးမယ်၊ လာကွ လာလာ” တဲ့လေ။
ဘယ်နေမလဲ..

ကိုယ်တွေကလည်း နာမည်တစ်လုံးနဲ့ နေတဲ့ကောင်လေ..။

ခါးတောင်းကြိုက်ပြီး လွယ်အိပ်ကို ကျစ်ကျစ်ကိုင်လိုက်တယ်။

“ဆရာက ကျွန်တော့်ထက် ဗလကြီးတယ်..၊ မထိုးရဲဘူးဗျ”

လှစ်နေအောင် အခန်းပြင် ထွက်ပြေးတော့တာပေါ့။

ဟုတ်ကဲ့..

နောက်ရက်ကျတော့ ဆရာက ကိုယ်တွေကို မိုခွာသည်ဆီကနေ မိုခွာတွေဝယ်ကျွေးပြီး ငြိမ်းချမ်းရေးယူလိုက်တယ်။

မိုခွာ စားနေရင်း ဆရာပြောတဲ့ မှတ်ချက်ကြောင့် ကိုယ်တွေ မိုခွာတောင် နင်သွားတယ်။

“မင်းခန့်..၊ မင်းက ဖြစ်မြောက်ရင် ဖြစ်မြောက်၊ မဖြစ်မြောက်ရင် မျောက်ဖြစ်မယ့်ကောင်” တဲ့လေ။

နောက်ပိုင်းနှစ်တွေမှာ ဆရာနဲ့ သီးခြား မဆုံဖြစ်။

ပြန်ဆုံတော့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ လောင်းလုံးမှာ ကျင်းပတော့ ဆရာနဲ့ ပြန်ဆုံတယ်ပေါ့။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရဲ့ မဲဆွယ်ပွဲတွေမှာ ဆုံဖြစ်ကြတယ်။

နောက်တော့ ဆရာလည်း NLD ပါတီဝင်လိုက်တော့ ကိုယ်တွေနဲ့လည်း ပိုအတွေ့များလာတယ်။

၂၀၁၃ ပါတီညီလာခံပြီးတော့ ဆရာက တိုင်းအလုပ်အမှုဆောင် ဖြစ်လာတယ်။

တိုင်းရုံးက ထားဝယ်မှာဆိုတော့ ဆရာ့ကို ရုံးမှာ ခဏခဏ တွေ့လာရတာပါ။

၂၀၁၅ ရွေးကောက်ပွဲကျတော့ ထားဝယ်မဲဆန္ဒနယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖြစ်လာတယ်ပေါ့။

ထားဝယ်မှာ ကျူရှင်ဆရာတွေ စမ်းထ၊ အမတ်ဖြစ်ကြတဲ့ နှစ်ပေါ့လေ။

ထားဝယ်မြို့နယ်ရဲ့ လွှတ်တော်ကိုယ်စားလှယ် ၄ ယောက်မှာ ၃ ယောက်က ကျူရှင်ဆရာတွေလေ။ ကိုယ်တို့ခေတ်က ကျူရှင်ဆရာတွေကို ပင်နီနဲ့ အမတ်အဖြစ် ပြန်တွေ့ရတော့ အမြင်ထူးနေတယ်ပေါ့လေ။

ဆရာက နေပြည်တော်က အမျိုးသားလွတ်တော်မှာ ခြေမပေါ်ပါဘူး။

ဆရာမှ မဟုတ်ပါဘူးလေ။ တနင်္သာရယ်တိုင်းက နေပြည်တော်ရောက် လွှတ်တော်ကိုယ်စားလှယ်အများစုက ခြေမပေါ်ကြပါဘူး။ မြိတ်ခရိုင်ဘက်က လူငယ်ခြေတက် အမတ်အချို့ပဲ မြိုင်မြိုင်ဆိုင်ဆိုင်ရှိခဲ့တာပါ။

ဒါပေမဲ့ ကိုယ့်ဒေသ ကိုယ်ပြန်ရောက်ရင်တော့ အငြိမ်မနေပါဘူး။

ထားဝယ်ဒေသတွင်း ကွင်းဆင်းပြီး မဲဆန္ဒရှင်တွေကို လွှတ်တော်အတွေ့အကြုံ ရှင်းပြတာတွေမျိုး၊ ဒေသတွင်းဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်တာမျိုး မနေမနား လုပ်ခဲ့တာ ကိုယ်တွေ မျက်စိရှေ့မှာပါပဲ။

တပည့်ပေါတဲ့ ဆရာလည်း ဖြစ်ပြန်တော့ ဝန်ထမ်းဖြစ်နေတဲ့(အထူးသဖြင့် ကျောင်းဆရာ/ဆရာမ) သူ့တပည့်ဟောင်းတွေက ဟိုစာသင်ကျောင်းလေးပြင်နိုင်အောင် လုပ်ပေးပါဦး၊ ဒီဆေးပေးခန်းလေး ပြင်ပေးနိုင်အောင် ပြောပေးပါဦး၊ ဒီလမ်းလေး ကောင်းအောင် အကျိုးဆောင်ပေးပါဦးတွေက ပေါမှပေါ။

ပြောလာတိုင်းလည်း ဆရာက ပြုံးပြုံး ပြုံးပြုံးနဲ့ နိုင်သလောက် လုပ်ပေးတတ်တော့ ဒေသတွင်းဝန်ထမ်းတွေနဲ့လည်း ဆက်ဆံရေး ပြေပြစ်ခဲ့တယ်ပေါ့။

ဒေသတွင်း လူထုအကျိုးပြု လှုပ်ရှားမှုပွဲတွေမှာလည်း ဘယ်ပွဲဖြစ်ဖြစ် ဘယ်အဖွဲ့က လုပ်လုပ် ဆရာ့ကို တွေ့နေရတာပါပဲ။

လူပုဂ္ဂိုလ်စွဲ၊ အဖွဲ့အစည်းစွဲ ကင်းပြီး အသက်အရွယ်မရွေး၊ ဘာသာမရွေး ဝင်ဆံ့ပေါင်းသင်း ဆက်ဆံတတ်ရာမှာတော့ စံထားလောက်ပါပေတယ်။

ကမြောကင်းတံတားသစ် အောင်မြင်အောင် ဆောက်နိုင်ဖို့ အစိုးရဌာနနဲ့ လူထုကြား ထိန်းညှိ အကျိုးဆောင်သွားတာလည်း အမှတ်ရစရာပါပဲ။

မြို့ခံလူထု ဆောက်ချင်တာက တစ်နေရာ၊ ဌာနက ရည်ရွယ်တာက တစ်နေရာ ဖြစ်နေတော့ ဆရာက လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်အနေနဲ့မက မြို့မိမြို့ဖ ကျောင်းဆရာတစ်ဦးအနေနဲ့ပါ စီမံကိန်းမပျက်အောင် ဝင်ထိန်းသွားခဲ့တယ်လေ။

တစ်ချို့ဆို တံတားဟောင်းကို ဦးစိန်ဝင်းတံတား၊ တံတားသစ်ကို ဦးအောင်ဝင်းတံတားလို့တောင် သမုတ်ကြသေးတာပါ့။

(ဦးစိန်ဝင်းဆိုတာက ကမြောကင်းတံတားဟောင်းဆောက်တုန်းက နိုင်ငံတော်ဝန်ကြီးချုပ် ဖြစ်နေတဲ့ ထားဝယ်သားပါ)

ပြောနိုင်တာကတော့ ဆရာ့ကို မဲဆန္ဒရှင်အားလုံး မချစ်ရင်တောင် မုန်းသူကတော့ မရှိသလောက်ပါပဲ။

၂၀၂၀ ရွေးကောက်ပွဲမှာ ထပ်ဝင်ပြိုင်တော့ ထပ်နိုင်ခဲ့တယ်ပေါ့။ နိုင်ဆို ဆရာရော အခြား NLD အမတ်လောင်းအားလုံး နိုင်ခဲ့တာပါ။

ဆရာကတော့ ဒီတစ်ကျော့မှာ နေပြည်တော်က လွှတ်တော်တွေကို မရွေးချယ်တော့ဘဲ တိုင်းဒေသကြီးလွှတ်တော်ကို ရွေးချယ်ခဲ့ပါတယ်။

ဒေသတွင်း စိတ်ပိုင်း/ရုပ်ပိုင်း ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ထဲထဲဝင်ဝင် ထိထိရောက်ရောက် ပိုလုပ်နိုင်အောင် တိုင်းလွှတ်တော်ကို ရွေးချယ်တယ်ထင်ပါရဲ့။

ဒါပေမဲ့ ဆရာက တိုင်းလွှတ်တော်တက်ဖို့ ကံမပါဘူးဖြစ်မယ်။

စစ်တပ်က အာဏာသိမ်းတော့ ဆန္ဒပြကြ၊ သေနတ်တွေနဲ့ပစ်တော့ ပြေးကြ လွှားကြပေါ့လေ။
အရှောင်အတိမ်းမကျွမ်းတဲ့ ကိုယ်တွေက ထောင်ထဲရောက်။

ထောင်ကထွက်လို့ ဆရာ့သတင်း စကြားရတာကတော့ ဆရာနေမကောင်းဘူးတဲ့။

အင်းလေ..၊ အသက်ရလာပြီဆိုတော့ လူကြီးရောဂါနဲ့ စိတ်ထောင်းကိုယ်ကြေ ဖြစ်နေတာလောက်ပဲ ပေါ့ပေါ့တွေးမိပါတယ်။

လွန်ခဲ့တဲ့ ၂ လ လောက်က ထပ်ကြားရတော့ ကင်ဆာတဲ့။

ဟာခနဲ ဖြစ်သွားတယ်။

ရှေ့မှာလည်း လောင်းလုံးအမတ်တစ်ယောက် သရက်ရွက်ကင်ဆာရောဂါနဲ့ ဆုံးသွားတာ လောလောလတ်လတ်။

ခုလည်း လာပြန်ပြီ ကင်ဆာ။

ပါးစောင် ကင်ဆာတဲ့။

ကွမ်း တမြုံ့မြုံ့ အမြဲငုံထားတတ်တဲ့ ဆရာ့မျက်နှာ ပြေးမြင်မိတယ်။

ကြားချိန်မှာ ကိုယ်တွေလည်း လောကဓံတွေကြား အလူးအလဲ။

ကိုယ်တိုင်က ဘာမှ လှမ်းမကူနိုင်။ ကူကြဖို့ပဲ ဆော်သြနိုင်။

ခုတော့ ဆရာ ဆုံးပြီတဲ့..။

သူကြိုက်လို့ ငုံထားတဲ့ ကွမ်းကပဲ သူ့အသက်ကို နုတ်ယူသွားတာလား တွေးမိပါတယ်။

ကမြောကင်းတံသစ်ပေါ် လမ်းလျှောက်ခွင့် မရလိုက်တော့။

အရွယ်ရောက်ပြီးတဲ့ ကိုယ်တွေကို တွေ့တိုင်း ကျူရှင်လခ အကြွေးတောင်းပြီးမှ သူ့ပိုက်ဆံအိတ်ဖွင့်ပြီး အကြီးဆုံးအရွက်ကို မုန့်ဖိုးပေးတတ်တဲ့ဆရာ၊

အရွယ်သုံးပါးစလုံး မုန်းသူမရှိ ချစ်မွေးပါတဲ့ဆရာ..၊

ကျောင်းသားတွေဆီက ကျူရှင်လခ မတောင်းတတ်တဲ့ဆရာ၊

မရဏမင်းကတော့ သူ့အသက်ကို တောင်းသွားပါပြီကောလေ။

ကိုယ်တွေ ရယ်မောခွင့်ရတဲ့တစ်နေ့

ဘေးအိမ်က ပစ်မယ့်ကျောက်ခဲ..

ဘယ်သူက ကာကွယ်ပေးတော့မလဲဆရာရေ..။

မင်းခန့်