ထားဝယ်ထောင်တွင် အစစ်အဆေးတင်းကျပ်နေပြီး အချို့ကိုထောင်ဝင်စာ ပိတ်ထားဟုဆို

0
1514

ထားဝယ်အကျဉ်းထောင်တွင် အစစ်အဆေးတင်းကျပ်နေပြီး အကျဉ်းသားအချို့ကို ထောင်ဝင်စာပါဆယ်ပို့ခွင့် ပိတ်ထားကြောင်း အကျဉ်းထောင်နှင့်နီးစပ်သူအချို့က ပြောသည်။

ဇူလိုင်လ ၃၀ ရက်(တနင်္ဂနွေနေ့)က အကျဉ်းထောင်အတွင်း ထပ်မံစစ်ဆေးမှုများပြုလုပ်ရာ အကျဉ်းသားအချိုု့ထံမှ မူးယစ်ဆေးနှင့် ဖုန်းများထပ်မိခဲ့ကြောင်း အကျဉ်းထောင်နှင့် နီးစပ်သည့် အမျိုးသားတစ်ဦးက ပြောသည်။

ယင်းကြောင့် မူးယစ်ဆေးနှင့် ဖုန်းမိသူအကျဉ်းသားများကို ထောင်ဝင်စာပိတ်လိုက်ခြင်းဖြစ်ကြောင်း ၎င်းထံမှသိရသည်။

တနင်္ဂနွေနေ့က စစ်ဆေးမှုတွင် နိုင်ငံရေးအကျဉ်းသား တစ်ဦးအပါအဝင် ၅ ဦးထံတွင် ဖုန်းမိသဖြင့် တိုက်ပိတ်ထားသည်ဟု ကြားသိရကြောင်း၊

ယင်းဖြစ်စဉ်ကြောင့် အကျဉ်းသားများကို ထပ်မံစစ်ဆေးမှုများ ပြုလုပ်နေသလို ထောင်ဝန်ထမ်းအားလုံးနီးပါးလည်း ထပ်မံအစစ်ဆေးခံနေရကြောင်း၊ ထောင်ဝင်စာပို့ရာတွင်လည်း ပိုမိုတင်းကျပ်လာသဖြင့် အချိန်ပိုကြာလာကြောင်း အထက်ပါအမျိုးသားက ပြောသည်။

မူးယစ်ဆေးဝါးအမှုဖြင့် ပြန်လည်လွတ်မြောက်လာသူများကိုလည်း စစ်ကောင်စီတပ်ဖွဲ့က ပြန်လည်ခေါ်ယူ စစ်ဆေးမှုများပြုလုပ်နေကြောင်း ၎င်းက ပြောသည်။

“ပြီးခဲ့တဲ့အပတ်လောက်ကမှ ပြန်လွတ်လာတဲ့ ကျွန်တော်တို့အိမ်နားက လူငယ်တစ်ယောက်ကိုပြန်လာခေါ်ပြီး ထားဝယ်ခရိုင်ရဲစခန်းမှာ စစ်ဆေးခဲ့တယ်လို့ပြောတယ်၊ မနက်ပိုင်းလောက်မှာလာဖမ်းပြီး နောက်တစ်နေ့ ညနေလောက်မှာ ပြန်လွတ်လာတယ်” ဟု၎င်းက ပြောသည်။

မူးယစ်ဆေးနှင့် ဖုန်းမိသူများ၏ စာရင်းမှာ A4 စာရွက်တစ်မျက်နှာစာခန့် ရှိကြောင်း၊ ထောင်ဝင်စာလာပို့ပါက ယင်းစာရွက်နှင့်တိုက်ကြည့်ပြီး အမည်စာရင်းပါရှိသူများကို ထောင်ဝင်စာပို့ခွင့်မပေးကြောင်း အကျဉ်းထောင်နှင့်နီးစပ်သူ အခြားအမျိုးသားတစ်ဦးက ပြောဆိုသည်။

“စာရင်းထဲကလူတွေက ဖုန်းမိထားတဲ့လူတွေတဲ့၊ သူတို့ကိုထောင်ဝင်စာပိတ်ထားတယ်တဲ့၊ အဲ့လိုတော့ပြောတယ်။ သွားပေးတဲ့အချိန်မှာ နာမည်စာရင်းနဲ့တိုက်ကြည့်တယ်။ မနေ့တုန်းကလည်း စစ်ဆေးရေးဝင်တယ်ဆိုပြောတယ်။ ကျွန်တော်တို့ပစ္စည်းသွားပို့တဲ့အချိန် ညနေပိုင်းထိကို မပြန်သေးဘူး။ မြင်တာကတော့ စစ်သားတွေရော ရဲတွေရော၊ ရဲတွေက ပိုများတယ်”ဟု အထက်ပါ အမျိုးသားက ပြောသည်။

မူးယစ်ဆေးနှင့် ဖုန်းမိသူနှစ်ဆယ်ခန့်ရှိပြီး ၎င်းတို့ကို ထောင်ဝင်စာပို့ခွင့်နှစ်ပတ်ပိတ်ခြင်း၊ အချို့ကိုခြေကျင်းခတ်ခြင်း၊ တိုက်ပိတ်ခြင်းများ ပြုလုပ်ထားသည်ဟုလည်း အကျဉ်းထောင်နှင့်နီးစပ်သူအချို့က ပြောသည်။

ဇူလိုင်လ ၁၁ ရက်ကလည်း စစ်ကောင်စီ၏ တနင်္သာရီတိုင်း နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသိန်းလင်းနှင့် စစ်ကောင်စီတပ်ဖွဲ့များ အင်အားအလုံးအရင်းနှင့် ဝင်ရောက်စစ်ဆေးချိန် ထောင်ဝန်ထမ်းအချို့နှင့် မူးယစ်အကျဉ်းသားအချို့ထံမှ မူးယစ်ဆေးဖမ်းဆီးရမိခဲ့သေးသည်။

ယင်းဖြစ်စဉ်ကြောင့် ထားဝယ်အကျဉ်းထောင်ဝန်ထမ်း ငါးဦးခန့်နှင့် မူးယစ်အကျဉ်းသားခြောက်ဦးခန့်ကို စစ်ဆေးကာ အမှုတပ် တရားစွဲဆိုထားကြောင်း၊ ဇူလိုင်လ ၁၂ ရက်မှစတင်ပြီး အကျဉ်းထောင်တွင်း၌ စစ်ကောင်စီတပ်သားများ လုံခြုံရေးယူထားပြီး အစစ်အဆေးတင်းကျပ်နေကြောင်း သိရသည်။