ရေဖြူ ဇာဒီကျေးရွာအုပ်စုက ရွာသား ၃၀ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီး

0
1927
ပုံစာ - စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေသည့် ဇာဒီကျေးရွာအုပ်စုအနီးရှိ မိုးလုံးတောင်

ရေဖြူမြို့နယ် ကံပေါက်ဒေသ ဇာဒီကျေးရွာအုပ်စုသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်က ဒေသခံ ၃၀ ကျော်ကို ဖမ်းဆီးထားကြောင်း ဒေသခံအချို့က ပြောသည်။

စစ်ကောင်စီတပ်သားများသည် မြေတင်ကားငါးစီး၊ အိမ်စီးကားတစ်စီး စုစုပေါင်း ကားခြောက်စီးဖြင့် ဇူလိုင်လ ၂၇ ရက် နံနက် ၅ နာရီတွင် ရောက်ရှိလာကြောင်း ၎င်းတို့က ဆိုသည်။

ဇာဒီရွာထိပ်တွင် စစ်ကောင်စီတပ်သားများကို ကားပေါ်မှချထားခဲ့ပြီးနောက် ခြေလျင်စစ်ကြောင်းဖြင့် ဇာဒီကျေးရွာအတွင်းသို့ ဝင်ရောက်လာကြောင်း ဒေသခံအချို့က ပြောဆိုသည်။

ရွာထိပ်ရှိ ဇနီးမောင်နှံနှစ်ဦးအား ဖမ်းဆီးခေါ်ဆောင်သွားပြီး ဇာဒီကျေးရွာအုပ်စု ခွေးမဖောရွာ မိုးလုံးတောင်ကြောသို့ စစ်ကောင်စီတပ်သားများ တက်သွား‌ကြောင်း ၎င်းတို့က ပြောသည်။

ယင်းနောက် ခေါင်ပြန်ရွာဘုန်းကြီးကျောင်းလမ်းအတိုင်းပြန်ဆင်းလာခဲ့ပြီး ခေါင်ပြန်ရွာနှင့် ဒိုက်တကော်ရွာတို့မှ ဥယျာဉ်ခြံလုပ်သားနှင့် ရွာသား ၃၀ ကျော်ကို ဖမ်းဆီးသွားကြောင်း ဒေသခံအချို့က ပြောဆိုကြသည်။

မိုးလုံးတောင်ကြောတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ရှိနေသည်ဟုအကြောင်းပြချက်ဖြင့် စစ်ကြောင်းထိုးခြင်း ဖြစ်နိုင်သည်ဟု ဒေသခံတို့က ဆိုသည်။

ဖမ်းဆီးခံရသည့် ရွာသား ၃၀ ကျော်ကို ဇူလိုင်လ ၂၇ ရက် ညနေတွင် ခရင်းချောင်းကျေးရွာဘက်သို့ ခေါ်ဆောင်သွားကြောင်း ၎င်းတို့ထံမှ သိရသည်။

ဖမ်းဆီးခံရသူများမှာ အရပ်သားဒေသခံများသာဖြစ်ကြောင်း ဒေသခံတို့က အတည်ပြုပြောဆိုသည်။

“ရွာမှာတော့ တချို့လည်း ရှောင်နေကြတယ်။ အများစုကတော့ မရှောင်ကြသေးဘူး” ဟု ဇာဒီရွာသားတစ်ဦးက ပြောသည်။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရန်ချယ်နယ်တို့တွင်မူ ခေါင်ပြန်ရွာနှင့် ဒိုက်တဂေါ်ရွာတို့မှ PDF ၃၀ ဦး ဖမ်းမိထားသည်ဟု ဖော်ပြနေကြသည်။

စစ်ကောင်စီစစ်ကြောင်း ဇာဒီကျေးရွာသို့ ဝင်ရောက်နေသည့် ဇူလိုင်လ ၂၇ ရက် နံနက်ပိုင်းမှစပြီး ကံပေါက်တိုက်နယ် အတွင်း အက်တမ် (Atom) ဖုန်းဆက်သွယ်ရေးတစ်ခုသာ ရရှိနေပြီး ကျန်ဖုန်းလိုင်းများ ပြတ်တောက်နေကြောင်း ဒေသခံတို့က ပြောသည်။

ဇာဒီကျေးရွာသို့ ဝင်ရောက်လာသည့် စစ်ကောင်စီစစ်ကြောင်းတွင် ရေတပ်ယူနီဖောင်း၊ ကြည်းတပ် ယူနီဖောင်း ဝတ်ဆင်ထားသူတို့နှင့်အတူ အရပ်ဝတ်ဖြင့်လည်း ပါဝင်ကြောင်း မျက်မြင်တွေ့ရသည့် ဒေသခံတစ်ဦးက ဆိုသည်။

ဇူလိုင်လဆန်းပိုင်းမှစပြီး ကံပေါက်တိုယ်နယ်အတွင်း စစ်ရေးလှုပ်ရှားများ၌ စစ်ကောင်စီတပ်က အရပ်ဝတ် လက်နက်ကိုင်များ စတင်အသုံးပြုလာခဲ့ကိုလည်း သတိထားမိကြောင်း ၎င်းက ပြောဆိုသည်။

ဇူလိုင်လ ၂၃ ရက်က အဖမ်းခံထားရသည့် ဇာဒီရွာသား ကုန်တင်ကားသမားနှစ်ဦးမှာလည်း မောရဝတီရေတပ်တွင် စစ်ဆေးခံနေရဆဲဖြစ်သည်။

ဇာဒီရွာမှာ ဇူလိုင်လဆန်းပိုင်းကတည်းက စစ်ကြောင်းထိုးခံနေရသည့် ရေဖြူမြို့နယ် နဘုလယ်နှင့် ကံပေါက်တိုက်နယ် လမ်းပိုင်းပေါ်တွင်တည်ရှိသည့် ကျေးရွာအုပ်စုတစ်ခုဖြစ်သည်။

စစ်ကောင်စီတပ်က ထားဝယ်အထူးစီးပွားရေးဇုန်ဧရိယာထဲရှိ နဘုလယ်ဒေသကို ဝိုင်းပတ်ပိတ်ဆို့ စစ်ကြောင်း ထိုးနေသည့် သဘောတွေ့နေရကြောင်း ဒေသခံတို့က ဆိုသည်။