နယ်စပ်ရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းများကို အမြစ်ပြတ်ချေမှုန်းရန် မြန်မာစစ်တပ်ကို တရုတ်တိုက်တွန်း

0
1706

တရားဥပဒေစိုးမိုးမှုမရှိသည့် နယ်စပ်ဧရိယာများတွင် တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားကာ အွန်လိုင်းလိမ်လည်မှုများ ဆောင်ရွက်နေသည့် အလိမ်အညာစင်တာများကို မြန်မာစစ်တပ် အနေနှင့် အမြစ်ပြတ် ချေမှုန်းပစ်ရန် တရုတ်အစိုးရ က တိုက်တွန်းထားသည်။

အဆိုပါ ရာဇ၀တ်ဂိုဏ်းများသည် မြန်မာနိုင်ငံမြောက်ပိုင်းနှင့် အရှေ့ပိုင်းနယ်စပ်တစ်လျှောက်ရှိ ဒေသများသို့ တရုတ်နှင့် အခြားသောနိုင်ငံများမှ နိုင်ငံသားများအား ဖြားယောင်းခြင်း သို့မဟုတ် ပြန်ပေးဆွဲခြင်းများကို ဆောင်ရွက်ကာ ၎င်းတို့အား အွန်လိုင်း လိမ်လည်သူများအဖြစ် ခိုင်းစေခဲ့သည် ဟု တရုတ်ဘက်က စွပ်စွဲထားသည်။

ယင်းသို့ လိမ်လည်လှည့်ဖြားသူများသည် ပုံမှန်အားဖြင့် ၎င်းတို့၏ ဆွေမျိုးသားချင်းများကို ပစ်မှတ်ထားပြီး အယုံသွင်းမှုကို စတင်ပြီး ရက်သတ္တပတ်များအတွင်း ရည်ရွယ်ထားသည့် အတုအယောင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းနှင့် အခြားသောလုပ်ငန်းများတွင် ငွေသွင်းခိုင်းလေ့ ရှိကြောင်း လေ့လာသူများက ဆိုသည်။

နိုင်ငံတကာမှ ဖယ်ကြဉ်ထားသည့် မြန်မာစစ်တပ် ၏ အဓိကမဟာမိတ်နှင့် လက်နက်ထောက်ပံ့သူ ဖြစ်သော တရုတ်အစိုးရ အတွက်မူ ဤကဲ့သို့ လှည့်စားမှုများသည် ဒေါသထွက်စရာများ ဖြစ်လာခဲ့သည်။

ပြည်တွင်း ဆက်သွယ်ရေး လိမ်လည်မှုများ အပါအဝင် ရာဇ၀တ်မှုများကို တိုက်ဖျက်ရန်အတွက် မြန်မာစစ်တပ်ဘက်က နိုင်ငံခြားရေးဝန်ကြီးနှင့် တရုတ်နိုင်ငံသံအမတ် တို့ အထူးညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း တရုတ်သံရုံး က ဇူလိုင် ၂၅ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ 

“မြန်မာနိုင်ငံ မြောက်ပိုင်း အပါအဝင် နယ်စပ်ဒေသတွေမှာ ဆက်သွယ်ရေးဆိုင်ရာ လိမ်လည်မှုတွေက တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံလုံးက ပြည်သူတွေရဲ့ ကိုယ်ရေးကိုယ်တာ အကျိုးစီးပွားကို ပြင်းပြင်းထန်ထန် ထိခိုက်စေပါတယ်” ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးဆိုင်ရာ လိမ်လည်မှုအပြင်  အွန်လိုင်းလောင်းကစားတွေရဲ့ အကြွင်းအကျန် တွေကို အမြစ်ကနေ ဖယ်ရှားသင့်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

တရုတ်အစိုးရသည် မြန်မာစစ်တပ်၏ အဓိကမဟာမိတ်တစ်ဦးဖြစ်ပြီး ၂၀၂၁ ခုနှစ် ၊ မြန်မာနိုင်ငံအတွင်း စစ်တပ်အာဏာသိမ်းမှု ကို အာဏာသိမ်းမှုဟု ခေါ်ဆိုသုံးနှုန်းရန် ငြင်းဆိုခဲ့သည်။

၎င်း၏ ကျယ်ပြောလှသော ပိုးလမ်းမကြီး စီမံချက် အတွင်း အခြေခံအဆောက်အအုံဆိုင်ရာ ပဏာမစီမံကိန်း အများအပြားသည် တရုတ်နိုင်ငံ၏ ကုန်းတွင်းပိတ် ယူနန်ပြည်နယ်ကို မြန်မာနိုင်ငံ မြောက်ပိုင်းမှတစ်ဆင့် အိန္ဒိယသမုဒ္ဒရာနှင့် ချိတ်ဆက်နိုင်ရန် စီစဉ်ထားသည်။

ထို့အပြင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် နယ်စပ်တလျှောက်ရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အများအပြားကို ကျောထောက်နောက်ခံပြုကာ လက်နက်ခဲယမ်းများ ပံ့ပိုးပေးလျက်ရှိကြောင်း လေ့လာသုံးသပ်သူများက ဆိုသည်။

၂၀၂၁ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်တွင် အဆိုပါတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနက် အချို့သည် မြန်မာစစ်တပ်နှင့် အကြိမ်ကြိမ် ထိပ်တိုက်တွေ့ခဲ့ပြီး မတ်လတွင် တရုတ်ကျောထောက် နောက်ခံပြု သူပုန်များ၏ မဟာမိတ်အဖွဲ့မှ အဆိုပါ အကျပ်အတည်းကို ချေမှုန်းရန် တရုတ်အစိုးရ ၏အကူအညီကို တောင်းဆိုခဲ့သည်။

ပြီးခဲ့သည့် ဇွန်လတွင် ထိုင်းနိုင်ငံသည် တရားမဝင် လောင်းကစားနှင့် အွန်လိုင်း လိမ်လည်လှည့်စားမှုများအတွက် ဒေါ်လာဘီလီယံချီသော ဖွံ့ဖြိုးတိုးတက်မှုရှိသည့် မြန်မာနယ်စပ်ရှိ ရှေ့တန်းပမာ မြို့နယ်တစ်ခုကို လျှပ်စစ်မီး ဖြတ်တောက်ခဲ့သည်။

ယင်း ရွှေကုက္ကို မြို့သစ် တွင် တရုတ်ဖောက်သည်များကို ပစ်မှတ်ထားသည့် ဟိုတယ်များနှင့် ကာစီနိုရုံများ တည်ရှိကာ အဆိုပါ ဧရိယာကို စစ်ကောင်စီတပ်နှင့် အလိုတူအလိုပါ ဖြစ်သည့် BGF နယ်ခြားစောင့်လက်နက်ကိုင်အဖွဲ့မှ ဦးစီးလုပ်ဆောင်သည်ဟု လေ့လာသူများက ဆိုသည်။

အွန်လိုင်း လိမ်လည်မှုများသည် အရှေ့တောင်အာရှတစ်ခွင်တွင် ရှိနေသည်မှာ ကြာခဲ့ပြီ ဖြစ်သည်။

လိမ်လည်ခံရသူများသည် အလိမ်အညာအချစ်ဇာတ်လမ်း သို့မဟုတ် လစာကောင်းသော အလုပ်များကိ ရမည် ဆိုကာ အယုံသွင်းခံရပြီး မြန်မာ၊ ကမ္ဘောဒီးယား၊ ထိုင်းနှင့် လာအိုနိုင်ငံများတွင်း ချိန်းဆိုထားသည့် နေရာများသို့ ရောက်လာပါက ဖမ်းဆီးခံရပြီး ၎င်းတို့၏ ဆွေမျိုးသားချင်းများကို အွန်လိုင်းတွင် လိမ်လည်ရန် အတင်းအဓမ္မစေခိုင်းခံရမှုများကို ကြုံတွေ့ခဲ့ကြရသည်။

Reference

●       AFP

●       The Straits Times