ကော့သောင်း လုံးဖော‌ရွာတွင် အိမ်ခြေတစ်ရာကျော် ရေနစ်မြုပ်၊ လူလေးရာကျော် ရေဘေးသင့်

0
2106

ကော့သောင်းခရိုင် ခမောက်ကြီးကော့သောင်းခရိုင် ခမောက်ကြီးမြို့ လုံးဖောရွာတွင် အိမ်ခြေတစ်ရာကျော် ရေကြီးနစ်မြုပ်ပြီး လူလေးရာကျော် ရေဘေးသင့်ခဲ့ကြောင်း လုံးဖောရွာနေသူအချို့က ပြောသည်။မြို့ လုံးဖောရွာတွင် အိမ်ခြေတစ်ရာကျော် ရေကြီးနစ်မြုပ်ပြီး လူလေးရာကျော် ရေဘေးသင့်ခဲ့ကြောင်း လုံးဖောရွာနေသူအချို့က ပြောသည်။

မိုးသည်းထန်စွာရွာသွန်းကာ လေပြင်းတိုက်ခိုက်ပြီး ‌တောင်ကျရေများဆင်းလာသည့် တစ်ချိန်တည်းတွင် ပင်လယ်ရေလည်း တက်လာသဖြင့် ဇူလိုင်လ ၁၉ ရက်နေ့ နံနက် ၆နာရီမှစတင်ကာ ရေကြီးရေလျှံခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

“အိမ်ရော၊ လမ်း‌ရောဆိုရင် ရေအမြင့်က လူအရိုးနှစ်ရပ် (လူနှစ်ယောက်အရပ်) အထိ မြုပ်သွားတာ။ ဆိုင်ကပစ္စည်းတွေဆို အိမ်ထဲမှာ ပေါလောပေါ်နေလို့ အိမ်ပိတ်ပြီး လွတ်ရာပြောင်းနေရတယ်” ဟု လုံးဖောရွာ ဆီအုန်းတောဘက်ရှိ ကုန်စုံအရောင်းဆိုင်ရှင်တစ်ဦးက ပြောသည်။

မိုးရေများနှင့် ပင်လယ်ရေများကြောင့် ဆီ‌အုန်းတောဘက်မှ ရေစတင်နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ဆီအုန်းတောထဲမှာတောင် အိမ် ၇၀ လောက်ရှိမယ်။ အားလုံးဆို (ရေနစ်မြုပ်တာ) အိမ်တစ်ရာကျော်ကျော်လောက် ရှိမယ်။ (ရေဘေးသင့်တာ) လူအနေနဲ့ဆိုရင် လေးရာကျော်ကျော်လောက်ရှိမယ်” ဟု ၎င်းက ပြောသည်။

ယင်းကဲ့သို့ နေအိမ်များ ရေနစ်မြုပ်ခဲ့သဖြင့် ကုန်းမြင့်ပိုင်းရှိ အသိမိတ်ဆွေ၊ ဆွေမျိုးတို့၏နေအိမ်များနှင့် ဘုန်းတော်ကြီးကျောင်းသို့ ပြောင်းရွှေ့နေထိုင်ခဲ့ရကြောင်း လုံးဖောရွာသားအချို့က ပြောဆိုသည်။

လုံးဖောရွာရှိ ဆီအုန်းတောဘက်မြေနိမ့်ပိုင်းနှင့် ကမ်းနားပိုင်းတို့ရှိ နေအိမ်တို့အား ဇူလိုင်လ ၁၉ ရက် နံနက် ၆ နာရီမှ စတင် ရေနစ်မြုပ်ခဲ့ပြီး ဇူလိုင်လ ၂၀ ရက်နေ့ နံနက်တစ်နာရီခွဲအချိန်တွင် ရေပြန်လည်ကျဆင်းခဲ့ကြောင်း လုံးဖောရွာသားတစ်ဦးက ပြောသည်။

ဇူလိုင်လ ၂၀ ရက်နေ့ မနက်ပိုင်းအချိန်တွင် ပင်လယ်ရေများပြန်လည်ကျဆင်းသွားသည့်အတွက် နေအိမ်များသို့ ပြန်လည်ပြောင်းရွှေ့နေထိုင်နေကြပြီဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“ရေပြန်ကျသွားပါပြီ။ လမ်းတွေပေါ်မှာ သန့်ရှင်းရေးလုပ်ငန်းတွေ ဝိုင်းလုပ်နေကြပါတယ်” ဟု ၎င်းက ပြောသည်။

လုံးဖောရွာမှာ တောင်ကျချောင်းနှင့်နီးသဖြင့် မိုးသည်းထန်စွာရွာလျှင် တောင်ကျရေများ၊ ပင်လယ်ရေများဖြင့် ရေဒဏ်ကို ခံရလေ့ရှိကြောင်း ကော့သောင်းမြို့ခံတစ်ဦးက ပြောဆိုသည်။

“လုံးဖောရွာက ချောင်းရဲ့အညှာဘက်မှာရှိနေတာဆိုတော့ မိုးကောင်းရင် တောင်ကျရေတွေကျလာမယ်။ ပင်လယ်ရေလည်းတက်လာတော့ ရေတွေကြီးပြီး အိမ်‌တွေ ရေမြုပ်သွားတဲ့သဘောပါ” ဟု ၎င်းက ပြောသည်။

ယင်းကဲ့သို့ မိုးရေနှင့် ပင်လယ်ရေတို့ကြောင့် နှစ်တိုင်းနီးပါး ရေကြီးရေလျှံပြီး နေအိမ်များ နစ်မြုပ်ခြင်းတို့အား
ကြုံတွေ့ရလေ့ရှိကြောင်း လုံးဖောရွာသားအချို့ထံမှ သိရသည်။