ထားဝယ်ထွက် ဓနိသကြား ဈေးကောင်းရ

0
1738

ထားဝယ်ထွက် ဓနိသကြား ပြီးခဲ့သည့်နှစ် ဇူလိုင်လကထက် ယခုနှစ်ဇူလိုင်လတွင် ဈေးနှစ်ဆကျော်တက်သွားပြီး ဈေးကောင်းရနေကြောင်း လောင်းလုံးမြို့နယ်ရှိ ဓနိသကြားချက်လုပ်သူများထံမှ သိရသည်။

ယမန်နှစ် ဇူလိုင်လက ချက်ပြီးသား ဓနိသကြားကော်‌ပုံးဝါတစ်ပုံးကို ကျပ် ၁၃၀၀ဝခန့်သာရှိရမှ ယခုနှစ်တွင် ၃၀၀၀ဝကျပ်အထိ ဈေးရလာကြောင်း ၎င်းတို့က ပြောသည်။

ဖောက်သည်ဝယ်ယူသူများလာခြင်းအပြင် သွင်းအားစုများနှင့် လုပ်သားငှားရမ်းခပါဈေးတက်လာသည့်အတွက်ကြောင့် လိုက်ပါဈေးတက်ရခြင်းဖြစ်ကြောင်း လောင်းလုံးမြို့နယ်ရှိ သကြားထုတ်လုပ်သူတစ်ဦးက ဆိုသည်။

“ဖိုထွက်ဆိုရင် သုံးသောင်း၊ လက်လီမှာဝယ်ရင်တော့ သုံးသောင်းနှစ်ထောင်လောက် ‌ပေါက်ဈေးရှိတယ်။ စာရင်းငှား အမျိုးသမီးတစ်ယောက်ကို မနှစ်က တစ်လကို ရှစ်သောင်းအများဆုံးပဲ။ အခုက ကိုးသောင်းလောက်ပေးရတယ်” ဟု ၎င်းက ပြောဆိုသည်။

ဓနိသကြားဈေးမှာ ယမန်နှစ်များထက်ပိုရသော်လည်း စားသောက်ကုန်ဈေးနှုန်းဖြင့် နှိုင်းယှဉ်ပါက ငွေသာမြင်ရပြီး စုမိဆောင်းမိခြင်းမျိုး မရှိကြောင်း လောင်းလုံးမြို့နယ် ပန်းဒလဲ‌ရွာသူ အမျိုးသမီးတစ်ဦးက ပြောသည်။

“မနှစ်က ကျွန်မတို့စားနေတဲ့ဆန် တစ်အိတ် တစ်သောင်းခြောက်ထောင်ပဲရှိတယ်။ အခု ၄၃၀၀၀ ‌လောက် ပေးရတယ်” ဟု ၎င်းက ဆိုသည်။

သကြားဈေးနှင့်အပြိုင် စားသောက်ကုန်ဈေးနှုန်းများမှာလည်း နှစ်ဆခန့်တက်လာခြင်းဖြစ်သည်။

လောင်းလုံးမြို့နယ် ပန်းဒလဲရွာတွင် ယခင်နှစ်က ပဋိပက္ခများကြောင့် ဒေသခံ ဓနိတောင်သူများ လုပ်ငန်းခွင် စွန့်လွတ်ပြီးထွက်ပြေးခဲ့ကြရသည်။

ယင်းအတွက်ကြောင့် သကြားထုတ်လုပ်သူများနည်းပါးလာသည့်အတွက် ပြီးခဲ့သည့်နှစ် အောက်တို့ဘာလကစပြီး သကြားဈေးမှာ တဖြေးဖြေး ဈေးကောင်းရလာခြင်းဖြစ်သည်။

ပြီးခဲ့သည့် အောက်တိုဘာလက သကြားဈေးမှာ တစ်ပုံးကို ၂၈၀၀ဝကျပ်ခန့်ရှိပြီး တဖြေးဖြေးဈေးကောင်းရလာခဲ့ရာ ယခုနှစ် ဇူလိုင်လတွင် တစ်ပုံးကို ၃၀၀၀ဝကျပ်အထိ ရလာခဲ့ခြင်းဖြစ်သည်။

“မနှစ်ဆို နှစ်ယောက်လောက်ပဲ ဒိုင်ခံဝယ်တယ်။ အခု ဒီနှစ် လေးယောက်လောက်ရှိတယ်” ဟု အထက်ပါ ပန်းဒလဲရွာသူက ပြောသည်။

ထားဝယ်မြို့ရှိ အဝယ်ဒိုင်များက သကြားတစ်ပုံးကို ၅၀၀ ကျပ်ပေးပြီး လက်ခွဲဝယ်သူများ စေလွှတ်ထားခြင်းဖြစ်ကြောင်း ဓနိသကြားချက်လုပ်သူများထံမှ သိရသည်။

ထားဝယ်ထွက် ဓနိသကြားကို ဒေသအတွင်း ရိုးရာအရက်ချက်လုပ်သူများနှင့် ရိုးရာမုန့်လုပ်ငန်းများတွင် အသုံးပြုလေ့ရှိသည်။

ဒေသထွက်သကြားအများဆုံးကို ထားဝယ်မြို့ရှိ ကုန်သည်များက ဝယ်ယူကြပြီး အိမ်နီးချင်းထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချကြသည်။