Export ငါးသယ်လှေများ ခြေရာခံစက် တပ်ဆင်ရမည်

0
1787

Export ငါးသယ်လှေများတွင် ငါးသယ်လှေများအား စောင့်ကြည့်ခြေရာခံမည့် VMS (Vessel Monitoring System) စက်များ တပ်ဆင်ရမည်ဖြစ်ကြောင်း မြိတ်ခရိုင်အတွင်းရှိ ငါးသယ်လှေအသိုင်းအဝိုင်းထံမှ သိရသည်။

အဆိုပါ VMS စက် တပ်ဆင်ခြင်းအတွက် ရှင်းလင်းပွဲတစ်ခုကို ဇူလိုင်လ ၁၃ ရက်နေ့ နံနက်ပိုင်းအချိန်က မြိတ်ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံးတွင် ပြုလုပ်ခဲ့ကြောင်း ယင်းပွဲမှ သိရသည်။

ယင်းရှင်းလင်းပွဲတွင် ရေလုပ်ငန်းကုမ္ပဏီများ၊ လှေပိုင်ရှင်များနှင့် ငါးလုပ်ငန်းအဖွဲ့ချုပ်၊ ငါးဦးစီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ရှင်းလင်းပွဲတွင် VMS တပ်ဆင်ရမည့်ကိစ္စပါဝင်ကြောင်း အစည်းအဝေးတက်ရောက်ခဲ့သည့် ရေလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

“၁၁ လပိုင်း ၁ ရက်နေ့ အပြီးတပ်ဆင်ရမယ်။ မတပ်ရင် export ပေးမထွက်ဘူးပေါ့။ လက်ရှိ ၁၁ လပိုင်း မတိုင်ခင် အထိတော့ ပေးထွက်နေဦးမယ်။ ဒီကြားမှာ တပ်ကြပြုကြပေါ့” ဟု ၎င်းက ဆိုသည်။

ထိုင်းနိုင်ငံ ရနောင်းမြို့ရှိ ငါးဈေးသို့ သွားရောက်ရောင်းချမည့် ငါးသယ်လှေတို့တွင် VMS စက်များ တပ်ဆင်ရမည် ဖြစ်ကြောင်း ရေထွက်ကုန်များတင်ပို့ရောင်းချနေသူအချို့က ဆိုသည်။

“ရနောင်းကိုသွားမယ့် ငါးသယ်လှေအားလုံးပါတယ်။ ခရိုင်တစ်ခုတည်း မဟုတ်ဘူး။ ထားဝယ်ရော၊ ကော့သောင်းပါ တစ်တိုင်းလုံးပါတယ်” ရေထွက်ကုန်များ တင်ပို့ရောင်းချနေသူတစ်ဦးက ပြောသည်။

ငါးသယ်လှေတို့သည် မြိတ်ဆိပ်ကမ်းမှ ပင်လယ်ငါးဖမ်းလုပ်ငန်းခွင်ရှိ ဝါးလတ်၊ ဝါးတန်း စသည့် ကမ်းဝေး ငါးဖမ်းလှေတို့တွင် သားငါးများ သွားရောက်သယ်ယူကာ ရနောင်းမြို့သို့ သွားရောက် ရောင်းချလေ့ရှိကြသည်။

“အရေးယူမယ့်အပိုင်းတွေ၊ လိုက်နာရမယ့် စည်းကမ်းချက်တွေက လောလောဆယ် မပြောပြသေးဘူးဗျ” ဟု ရေလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

VMS စက်တင်ဆင်ရခြင်းသည် ပင်လယ်ပင်အတွင်း ငါးသယ်သည့်နေရာ၊ လမ်းကြောင်းနှင့် ကုန်ချိန်အမှန်တို့အား သိရှိနိုင်ရန်အတွက်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနနှင့် နီးစပ်သူတစ်ဦးက ပြောပြသည်။

VMS စက်တစ်လုံးလျှင် ကျပ်သိန်းသုံးဆယ်နှင့် အထက်ဘက်တွင် ရှိနေပြီး လစဉ်ကြေးတစ်လလျှင် တစ်သိန်းငါးသောင်းကျပ် ပေးသွင်းရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ကမ်းဝေးငါးဖမ်းလှေတွေမှာကျတော့ VMS အမြဲဖွင့်ထားရတယ်။ တစ်ရက်ကို လေးနာရီ error တက်ခွင့်ရှိ၊ စက်ပျက် ချို့ယွင်းတာမျိုး‌ပေါ့။ လေးနာရီကျော်တာနဲ့ စက်ပြန်မပွင့်ဘူးဆိုရင် ငါးဦးစီးကို ချက်ချင်းအကြောင်းကြားရတယ်။ ထုချေလွှာတင်ရတယ်။ ငါးသယ်လှေ‌တွေမှာကျတော့ ဘယ်လိုလာမလဲဆိုတာ မသိရသေးဘူး” ဟု ရေလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

VMS ကိစ္စအပြင် တရားမဝင်၊ စည်းကမ်းပျက် ငါးဖမ်းရေယာဉ်တို့အား အရေးယူနိုင်ရန်အတွက် ပြစ်ဒဏ် သတ်မှတ်ချက်များနှင့် ကုန်သွယ်မှု၊ ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်ရေး ဗဟိုကော်မတီသို့ နေ့စဉ်ပေးပို့သည့် စာရင်းဇယားကိစ္စတို့အား အစည်းအဝေးတွင် ရှင်းလင်းခဲ့ကြောင်း အစည်းအဝေးတက်ရောက်သူအချို့ထံမှ သိရသည်။