လောင်းလုံး အင်းဝတောင်စစ်ကောင်စီစခန်းကို PDF တိုက်ခိုက်

0
2635

လောင်းလုံးမြို့နယ် သဲပုံရွာရှိ အင်းဝတောင်စစ်ကောင်စီတပ်စခန်းကို ဇွန်လ ၂၅ ရက်နေ့ ည က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-LLPDF က ယနေ့ ဇွန်လ ၂၆ ရက်တွင် ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သား အင်အားသုံးဆယ်ခန့်ရှိသည့် ယင်းစခန်းကို ယမန်နေ့ည ၈ နာရီခွဲတွင် LLPDF နှင့် အထူးပြောက်ကျားတပ်ဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ဆိုသည်။

PDF ဘက်က ၈၁ မမ လက်နက်ကြီးများအသုံးပြု၍ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု တစ်နာရီခန့်ကြာမြင့်ခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

“လက်နက်ကြီးတွေက (ပစ်တာ) အများကြီးပဲ။ ကျွန်မကလေးတွေဆို လန့်ပြီးငို‌တာ၊ ဖျားတောင်ဖျားသွားတယ်။ဒီမနက်ကျောင်းမသွားနိုင်တော့ဘူး” ဟု ဒေသခံ အမျိုးသမီးတစ်ဦးကပြောသည်။

ထားဝယ် နှင့် ကမြောကင်းတံတားဘက်မှ စစ်ကူလာသည့် စစ်ကောင်စီတပ် စစ်ကြောင်းမှာလည်း ကမြောကြီးရွာအနီးအထိ ရောက်လာပြီး လက်နက်ကြီး၊ လက်နက်ငယ်များပစ်ခတ်၍ ပြန်လည်ဆုတ်ခွာသွားကြကြောင်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း ဖော်ပြသည်။

ယင်းတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ဇွန်လ ၂၆ ရက် ယနေ့နံနက်ပိုင်းက ကမြောကြီးဈေးအနီးရှိ တံတားနံဘေးတွင်မိုင်းဟုယူဆရသည့်အရာဝတ္ထုတစ်ခုကို ဒေသခံခရီးသွားများက တွေ့ရှိခဲ့သည်။

အဆိုပါ မိုင်းဟုယူဆရသည့်အရာဝတ္ထုကို ယနေ့နံနက် ၁၀ နာရီခန့်တွင် စစ်ကောင်စီတပ်က လာရောက်ရှင်းလင်းခဲ့ကြောင်း ခရီးသွားပြည်သူများထံမှ သိရသည်။

စစ်ကောင်စီတပ်သည် လောင်းလုံးမြို့နယ် သဲပုံရွာရှိ အင်းဝတောင်တွင် မေလ ၂၄ ရက်နေ့ကစပြီး တပ်စွဲထားခြင်းဖြစ်သည်။

ယင်းနောက် ဇွန်လအတွင်း အဆိုပါ စစ်‌စခန်းမှာ နှစ်ကြိမ်အထိ တိုက်ခိုက်ခံရသည်။

ဇွန်လ ၁၂ ရက် ညက အင်းဝတောင်စခန်း နှင့် လောင်းလုံးမြို့မ ရဲစခန်းကို လောင်းလုံးမြို့နယ် ပြည်သူကာကွယ် ရေးတပ်ဖွဲ့က စစ်ကြောင်းနှစ်ကြောင်းခွဲ၍ တိုက်ခိုက်ခဲ့သည်။