ကမြောကြီးတံတားအနီးမိုင်း‌တွေ့သဖြင့် စစ်ကောင်စီတပ်လာရှင်း၊ ခရီးသွားများ သုံးနာရီကြာပိတ်မိ

0
2102

လောင်းလုံးမြို့နယ် ကမြောကြီးရွာ ဈေးအနီးရှိတံတားနံဘေးတွင် ယနေ့ ဇွန်လ ၂၆ ရက် နံနက်ပိုင်းက မိုင်းဟုယူဆရသည့်အရာ တွေ့သဖြင့် စစ်ကောင်စီတပ်က လာရောက်ရှင်းလင်းနေကြောင်း ခရီးသွားဒေသခံများထံမှ သိရသည်။

အဆိုပါ မိုင်းဟုယူဆရသည့် ကိရိယာကို ယနေ့ နံနက်ပိုင်းက ဈေးရောင်းဝယ်ရန်လာသည် ဒေသခံများနှင့် ခရီးသွားဒေသခံပြည်သူများက စတင်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

“ဝါယာကြိုးနဲ့ တွဲရက် ရှိသေးတယ်” ဟု ဒေသခံခရီးသွားတစ်ဦးက ပြောသည်။

ယင်းနောက် နံနက် ၁၀ နာရီကျော်တွင် အဆိုပါမိုင်းတွေ့သည့်နေရာသို့ စစ်ကောင်စီတပ်သားများ ရောက်လာပြီး ရှင်းလင်းဖယ်ရှားနေကြောင်း ဒေသခံများထံမှ သိရသည်။

မိုင်းရှင်းလင်းနေသောကြောင့် လောင်းလုံးမြို့သို့ သွားသည့်ဒေသခံများအပြင် လောင်းလုံးမြို့မှပြန်သည့် ‌ဒေသခံခရီးသွားပြည်သူများမှာ နံနက် ၁၀ နာရီကျော်မှစပြီး မွန်းလွဲ ၁ နာရီအထိ ဖြတ်သန်းခွင့်မရသေးဘဲ စောင့်ဆိုင်းနေကြရကြောင်း ခရီးသွားပြည်သူများထံမှ သိရသည်။

မွန်းလွဲ ၁နာရီ ၁၀ မိနစ်ဝန်းကျင်တွင်မှု မိုင်းရှင်းလင်းပြီးသွားသဖြင့် ခရီးသွားများကို ပြန်လည်ဖြတ်သန်းခွင့်ပေးနေပြီဖြစ်ကြောင်း ခရီးသွားပြည်သူတို့က ပြောသည်။

အဆိုင်ပါမိုင်းမှာ မည်သူတို့က ထောင်ထားသည်ကို မသိရသေးပေ။

ပြီးခဲ့သည့် ဇွန်လ ၂၅ ရက် ညကလည်း အဆိုပါ ကျေးရွာအနီးဝန်းကျင် ရွာများတွင် လက်နက်ကြီး၊ လက်နက်ငယ်များ အဆက်မပြတ် ပစ်ခတ်သံ ကြားရသေးကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။