သေဆုံးသူ အများအပြား ရှိခဲ့သည့် တရုတ်နိုင်ငံက စားသောက်ဆိုင် ပေါက်ကွဲမှု လူ ၄ ဦးကို ဖမ်းဆီး

0
1865

တရုတ်နိုင်ငံတွင် စားသောက်ဆိုင်တစ်ခု ပေါက်ကွဲမှုကြောင့် လူအများအပြား သေဆုံးခဲ့ရမှုအပေါ် ဆက်နွှယ်နေသည့် လူ ၄ ဦးကို ဇွန်လ ၂၄ ရက်နေ့တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာ က ဖော်ပြခဲ့သည်။

ပြီးခဲ့သည့် ဇွန်လ ၂၁ ရက်နေ့ တွင် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ၊ ရင်ချွမ်းမြို့ရှိ အကင်ဆိုင်တစ်ဆိုင်တွင် ဓာတ်ငွေ့ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ပြီး အနည်းဆုံး လူ ၃၁ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့သည်။

သုံးရက်ကြာ နဂါးလှေပွဲတော် မတိုင်မီ အကြိုအားလပ်ရက်တွင် ယင်းသို့ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါ ကာလသည် တရုတ်နိုင်ငံမှ ပြည်သူအများစုသည် ၎င်းတို့၏ မိတ်ဆွေများနှင့် အပြင်ထွက်လည် မိတ်ဖွဲ့လေ့ ရှိသည့် အချိန် ဖြစ်သည်။

အဆိုပါ ဖြစ်ရပ်အပေါ် သံသယရှိသူများတွင် ယင်းစားသောက်ဆိုင်ပိုင်ရှင်၊ ဆိုင်၏ ရှယ်ယာရှင်နှစ်ဦး အပြင် ဆိုင် မန်နေဂျာတို့ ပါဝင်ကြောင်း နိုင်ငံပိုင် မီဒီယာ ဆင်ဟွာ က တင်ပြခဲ့သည်။

၎င်းတို့အား ပေါ့ဆမှုကြောင့် ယခုလို ပြင်းထန်သော မတော်တဆမှုဖြစ်စေသည်ဟု စွဲချက် ဖြင့် ဖမ်းဆီးခံခဲ့ရပြီး လက်ရှိတွင် သက်ဆိုင်ရာ တပ်ဖွဲ့များက ရာဇ၀တ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း အဆိုပါ သတင်းဌာန က ထုတ်ဖော်ခဲ့သည်။

ထို့အပြင် အဆိုပါ ဖြစ်ရပ် အတွက် ဆက်နွယ်မှုကြောင့် ဖမ်းဆီးခံရသူ လေးဦး အပါအဝင် လူကိုးဦး၏ ပိုင်ဆိုင်မှုများကို ဒေသတွင်း ပြည်သူ့လုံခြုံရေး ဗျူရိုက သိမ်းဆည်းခဲ့ကြောင်း သိရသည်။

တရုတ်သမ္မတ ရှီကျင့်ဖျင် အနေနှင့် အဆိုပါ ဖြစ်ရပ်တွင်း ဒဏ်ရာရသူများကို ကုသရာတွင် အစွမ်းကုန် ကြိုးပမ်းအားထုတ်ရန်နှင့် ပြည်သူတို့၏ အသက်၊အိုးအိမ်နှင့် စည်းစိမ်တို့ကို ထိထိရောက်ရောက် ကာကွယ်နိုင်ရန်အတွက် အဓိကကျသည့် စက်မှုလုပ်ငန်းနှင့် အခြားသော နယ်ပယ်များတွင် လုံခြုံ ဘေးကင်းရေး ဆိုင်ရာ ကြီးကြပ်ကွပ်ကဲမှုနှင့် စီမံခန့်ခွဲမှု အားကောင်းလာရေး အင်တိုက်အားတိုက် လုပ်ဆောင်ကြရန် တိုက်တွန်းခဲ့ကြောင်း ဆင်ဟွာသတင်းဌာန က ဇွန်လ ၂၂ရက်နေ့ တွင် တင်ပြခဲ့သည်။ 

ပေါက်ကွဲမှုများ နှင့် အခြားသော လူသေမှု ရှိသည့် ထိခိုက်ပျက်စီးမှု ဖြစ်စဉ်များသည် တရုတ်နိုင်ငံတွင် အဖြစ်များလေ့ ရှိပြီး အဆောက်အအုံ တည်ဆောက်မှုဆိုင်ရာ  စည်းမျဉ်းစည်းကမ်းများ ကို လိုက်နာမှု သည် မကြာခဏ အားနည်းကာ ခွင့်ပြုချက်မရှိပဲ (သို့မဟုတ်) ခွင့်ပြုချက်နှင့် အညီမဟုတ်ပဲ ဆောက်လုပ်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာသည့် အတွက် အကြောင်းတခုခုကြောင့် မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားပါက ပြည်သူများအတွက် ထွက်ပြေးရန် ခက်ခဲကြောင်း သိရသည်။

၂၀၂၂ ခုနှစ် စက်တင်ဘာလတွင်း နိုင်ငံ၏ အရှေ့မြောက်ပိုင်း ချန်ချွင်း မြို့ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် ဖြစ်ပွားခဲ့သည့် မီးလောင်မှုအတွင်း အနည်းဆုံး လူ ၁၇ ဦး သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များ၏ ပြောကြားချက်အရ သိရသည်။

ထို့အပြင် အဆိုပါနှစ်၏ ဇန်နဝါရီလတွင် ချုံချင်း မြို့ရှိ သံသယရှိဖွယ် ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် အဆောက်အအုံတစ်ခုအတွင်း ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ လူတစ်ဒါဇင်ကျော် သေဆုံးခဲ့သည်။

၂၀၂၁ ခုနှစ် ဇွန်လမှာလည်း ဟူပေ ပြည်နယ် ရှီယန် မြို့ ရှိ လူနေရပ်ကွက်အတွင်း ဓာတ်ငွေ့ပေါက်ကွဲမှုကြောင့် လူ ၂၅ ဦး သေဆုံးခဲ့ပြီး ဈေးဝယ်သူများ ပြည့်နှက်နေသည့် နှစ်ထပ်အဆောက်အအုံတစ်ခု ကိုလည်း ထိခိုက်စေခဲ့သည်။

Reference

●       AFP

●       Channel News Asia