တစ်ပတ်အတွင်း မြန်မာ့ရေးရာ

0
2385

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဇွန်လ ၁၈ ရက်နေ့မှ ၂၄ ရက်နေ့အထိ

နိုင်ငံပိုင်ဘဏ်ကြီးနှစ်ဘဏ်နဲ့ ကာကွယ်ရေးဝန်ကြီးဌာနကို အမေရိကန်ပိတ်ဆို့အရေးယူ

စစ်ကောင်စီ ထိန်းချုပ်မှုအောက်မှာရှိတဲ့ နိုင်ငံပိုင် အကြီးဆုံးဘဏ်ကြီးနှစ်ဘဏ်နဲ့ ကာကွယ်ရေးဝန်ကြီးဌာနကို အမေရိကန်ပြည်ထောင်စုက ဇွန်လ ၂၁ရက်မှာ ပိတ်ဆို့အရေးယူလိုက်ပါတယ်။

ပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေကြောင့် အခုလိုအရေးယူတာလို့ ဆိုပါတယ်။

နိုင်ငံရပ်ခြားကနေ စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူရာမှာ နိုင်ငံခြားငွေကြေး သုံးစွဲမှုအဆင်ပြေချောမွေ့စေရေးအတွက် အခရာကျတဲ့ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို အရေးယူထားတာပါ။

ဒီဘဏ်တွေဟာ နိုင်ငံခြားဘဏ်စာရင်းတွေကို အသုံးပြုပြီး အခွန်ဘဏ္ဍာငွေရှာဖွေပေးတဲ့ နိုင်ငံတော်ပိုင် စီးပွားရေး လုပ်ငန်းတွေကို နိုင်ငံတကာဈေးကွက်နဲ့ အလွယ်တကူချိတ်ဆက်နိုင်စေခဲ့သလို စစ်ရေးကိစ္စရပ်တွေအတွက် ငွေကြေးအရင်းအမြစ် အမြောက်အများကို ပံ့ပိုးပေးခဲ့တယ်လို့ ဖော်ပြတယ်။

ကာကွယ်ရေးဝန်ကြီးဌာနဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်လက်နက်ပစ္စည်း ပြည်ပကနေ အမေရိကန်ဒေါ်လာ တစ်ဘီလျံဖိုးထက်မနည်း ဝယ်ယူတင်သွင်းခဲ့ပြီး အဲဒီအထဲမှာ ရုရှားကနေဝယ်တာတွေလည်းပါတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းပြီးနောက်မှာ စစ်ကောင်စီတပ်က သတ်ဖြတ်တာကြောင့် ပြည်သူ ၃၆၀၀ ထက်မနည်း သေဆုံးခဲ့ရပြီး ပြည်သူ ၁ဒသမ၅ သန်းကျော်ဟာလည်း နေရပ်စွန့်ခွာထွက်ပြေးကြရတယ်လို့ ဖော်ပြပါတယ်။ စစ်ကောင်စီတပ်ဟာ ရွာတွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံဆေးခန်းတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒီတိုက်ခိုက်မှုတွေဟာ ကာကွယ်ရေးဝန်ကြီးဌာနမှာ အဓိကတာဝန်ရှိလို့ အရေးယူတာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီအတွက် နိုင်ငံခြားငွေရှာပေးရာမှာ အဓိကကျတဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကိုလည်း အရေးယူဖို့ တောင်းဆိုမှုတွေ ရှိနေပါတယ်။

နိုင်ငံခြားငွေကြေးစီးဆင်းရာမှာ အဓိကအရေးအကြီးဆုံးဖြစ်တဲ့ ဘဏ်နှစ်ဘဏ် အရေးယူခံလိုက်ရတဲ့အတွက် စစ်ကောင်စီအတွက် ထိခိုက်မှုကြီးနိုင်တယ်လို့ ထောက်ပြကြပါတယ်။ နိုင်ငံတကာနဲ့ ကုန်သွယ်ရာမှာလည်း အခက်တွေ့နိုင်လို့ သွယ်ဝိုက်တဲ့နည်းနဲ့ ပြည်သူတွေကိုလည်း ထိခိုက်နိုင်တယ်လို့ သုံးသပ်မှုတွရှိနေပါတယ်။

……………………………………

တစ်ဒေါ်လာကို ကျပ်သုံးထောင်ကျော်သွားပြီ

စစ်ကောင်စီထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်ဘဏ်ကြီးနှစ်ဘဏ်ကို အမေရိကန်က အရေးယူလိုက်ပြီးနောက်မှာ အမေရိကန်တစ်ဒေါ်လာ လဲလယ်နှုန်းဟာ ကျပ်သုံးထောင်ကျော် ဖြစ်သွားပါတယ်။

ပြင်ပပေါက်ဈေး တစ်ဒေါ်လာကို ၂၉၀ဝကျပ်ဝန်းကျင်ရှိရာကနေ ဇွန်လ ၂၃ရက်မှာ ၃၂၀ဝအထိ ဈေးပေါက်နေပါတယ်။

ဘဏ်တွေ အရေးယူခံရချိန်မှာပဲ စစ်ကောင်စီ ဗဟိုဘဏ်က ဒေါ်လာဈေးကို ထိန်းချုပ်ဖို့ ကြိုးပမ်းလာပါတယ်။ ဘဏ်တွေ အချင်းချင်းကြား ဘဏ်တွေနဲ့ ကာစတန်မာတွေအကြား ရောင်းဝယ်နိုင်မယ့် အွန်လိုင်းထရိတ်ဒင်း အစီအစဉ်ကို ဇွန်လ ၂၂ ရက် စတင်ခဲ့တာပါ။

ဗဟိုဘဏ်ကိုယ်တိုင်လည်း ဝင်ရောက်အရောင်းအဝယ် လုပ်နေပါတယ်။ အွန်လိုင်းထရိတ်ဒင်း အစီအစဉ်စတင်ပြီး နှစ်ရက်အတွင်း အမေရိကန်ဒေါ်လာ ၁၃သန်းကျော် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ အများပြည်သူ လဲလယ်နိုင်မယ့် ဗဟိုဘဏ်ရဲ့ တစ်ဒေါ်လာရည်ညွှန်းဈေးကတော့ ၂၁၀၀ ကျပ်ပဲ ဆက်လက်သတ်မှတ်ထားဆဲဖြစ်ပြီး ပြင်ပပေါက်ဈေးနဲ့ ၁၁၀၀ ကျပ် ကွာဟနေပါတယ်။

အရင်က လုပ်ငန်းရှင်တွေကို ပို့ကုန်ရငွေရဲ့ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ် ရည်ညွှန်းဈေးအတိုင်းလဲရပြီး ၃၅ ရာခိုင်နှုန်းကို ပြင်ပပေါက်ဈေးအတိုင်း လဲခွင့်ပြုထားတာပါ။ အခုက ၃၅ ရာခိုင်နှုန်းလည်း ပြင်ပပေါက်ဈေးအတိုင်းမလဲ ရတော့ဘဲ အွန်လိုင်းထရိတ်ဒင်းပေါက်ဈေးအတိုင်း လဲလယ်ကြရလို့ နစ်နာမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ဒေါ်လာအရောင်းအဝယ် မှောင်ခိုပုံစံဖြစ်လာနိုင်သလို ဒေါ်လာဈေးတက်တာကြောင့် ကုန်ပစ္စည်း ဈေးတက်တဲ့ဒဏ်ကိုလည်း ပြည်သူတွေခံရလာနိုင်တယ်လို့ ထောက်ပြမှုတွေရှိနေပါတယ်။

……………………………………

ကျန်းမာရေးမကောင်းလို့ ဆီးပိုက်တပ်ထားရတဲ့ သမ္မတဦးဝင်းမြင့်

တောင်ငူထောင်မှာ အကျဉ်းကျနေတဲ့ သမ္မတဦးဝင်းမြင့် ကျန်းမာရေးအခြေအနေမကောင်းလို့ ဆီးပိုက်တပ်ဆင်ထားရပါတယ်။

ရောဂါအခြေအနေကို ရှင်းရှင်းလင်းလင်းမသိရသေးပေမယ့် ဆီးပိုက်တပ်ပြီး ဆေးကုသမှု ခံယူနေရတာတော့ သေချာတယ်လို့ သမ္မတဦးဝင်းမြင့်နဲ့ နီးစပ်သူတွေ၊ အကျဉ်းထောင်နဲ့ နီးစပ်သူတွေကို ကိုးကားပြီး ပြည်တွင်း သတင်းတွေမှာ ယခုသီတင်းပတ်အတွင်း ဖော်ပြကြပါတယ်။

အသက် ၇၁နှစ်အရွယ် သမ္မတဦးဝင်းမြင့်ကို စစ်ကောင်စီက ထောင်ဒဏ် ၁၂နှစ်ချမှတ်ထားတာပါ။

……………………………………

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ ပန်းပန်လို့ အဖမ်းခံရ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ပန်းပန်တဲ့ပြည်သူတွေကို စစ်ကောင်စီတပ်က လိုက်လံဖမ်းဆီးခဲ့ပါတယ်။

ရန်ကုန်၊ စစ်ကိုင်း၊ ဧရာဝတီ၊ မန္တလေး၊ တနင်္သာရီတိုင်းတွေမှာ လိုက်လံဖမ်းဆီးခဲ့တာပါ။ လမ်းတွေ၊ ဈေးတွေ၊ ဈေးဝယ်စင်တာတွေအနီးမှာ ကားတွေနဲ့ စောင့်ကြိုဖမ်းဆီးသလို လူမှုကွန်ရက်မှာ ပန်းပန်တဲ့ ပုံတွေ၊ ပန်းပုံတွေ တင်သူတွေကိုပါ လိုက်လံဖမ်းဆီးတာပါ။

ဖမ်းဆီးခံရသူရာဂဏန်းရှိတယ်လို့ ပြည်တွင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။ လူမှုကွန်ရက်မှာ ကျော်ကြား နေသူလည်းဖြစ်တဲ့ သရုပ်ဆောင် ပိုးကြာဖြူခင်လည်း ဖမ်းဆီးခံရရာမှာ ပါဝင်တယ်လို့ သတင်းထွက်နေပါတယ်။

ဒါ့အပြင်ပန်းသည်တွေဆီက ပန်းတွေကို သိမ်းဆည်းတာတွေလည်း လုပ်ဆောင်ခဲ့ပါတယ်လို့ ဆိုပါတယ်။

ရန်ကုန်တိုင်း ကမာရွတ်မြို့နယ် Junction Square ဈေးဝယ်စင်တာအနီးမှာ ပန်းပန်လာသူ၊ ပန်းစည်း ကိုင်ဆောင် လာတဲ့ လမ်းသွားလမ်းလာတွေကို စစ်ကောင်စီတပ်က လိုက်လံဖမ်းဆီးနေတာကို ဗီဒီယိုရိုက်ကူးပြီး လူမှုကွန်ရက် တင်တာနဲ့ ပတ်သက်လို့လည်း အမျိုးသားသုံးဦး ဖမ်းဆီးခံထားရပါတယ်။

ထောင်ဒဏ် ၃၃ နှစ်ချမှတ်ခံထားရလို့ အကျဉ်းကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် ပြည်တွင်း၊ ပြည်ပမှာ ဇွန်လ ၁၉ ရက်က ပန်းသပိတ်ပြုလုပ်ကြပါတယ်။ မွေးနေ့ဆုတောင်းပေးကြသလို ကျန်းမာပါစေကြောင်းလည်း ဆုတောင်းပေးခဲ့ကြပါတယ်။

မွေးနေ့ဆုတောင်းပေးတာ၊ ပန်းပန်တဲ့ပုံတွေ လူမှုကွန်ရက်မှာတင်သူတွေကိုဖမ်းဆီးဖို့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရန် ချန်နယ်တွေမှာ ရေးသားကြပါတယ်။ နေရပ်လိပ်စာတွေနဲ့တကွရေးသားတာကြောင့်ဖမ်းဆီးခံရသူတွေလည်းရှိပါတယ်။

……………………………………

ထိုင်းဦးဆောင်တဲ့ မြန်မာအရေးဆွေးနွေးပွဲ ကန့်ကွက်ခံရ၊ အာဆီယံသုံးနိုင်ငံမတက်

ထိုင်းနိုင်ငံ အိမ်စောင့်အစိုးရက မြန်မာ့အရေးဆွေးနွေးပွဲကို ကန့်ကွက်မှုတွေကြားထဲကနေ ဦးဆောင်ပြီး ကျင်းပခဲ့ပါတယ်။

မြန်မာ့အရေးဆွေးနွေးပွဲကို စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ကြားခဲ့တဲ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG က အပြင်းအထန်ကန့်ကွက်ခဲ့သလို အရပ်ဖက်အဖွဲ့အစည်း သုံးရာကျော်ကလည်း ဆွေးနွေးပွဲကို ဖျက်သိမ်းဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဒါဟာ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို မျက်ကွယ်ပြုရာရောက်ပြီး စစ်ကောင်စီကို အသိအမှတ်ပြုထောက်ခံရာရောက်တဲ့ လုပ်ရပ်ဖြစ်တဲ့အပြင် ပြဿနာကို ပိုမိုခက်ခဲရှုပ်ထွေးစေတယ်လို့ NUG က ဆိုပါတယ်။

ဒါပေမဲ့ ထိုင်းအိမ်စောင့်အစိုးရက ဆွေးနွေးပွဲကို ဆက်လက်ကျင်းပခဲ့ပါတယ်။ ထိုင်းနိုင်ငံ ပတ္တရားမြို့မှာ ဇွန်လ ၁၈ရက် နဲ့ ၁၉ ရက်တွေမှာ ကျင်းပခဲ့တာဖြစ်ပြီး အခုဆွေးနွေးပွဲက အလွတ်သဘောဆွေးနွေးတာလို့ ထိုင်းအစိုးရက ဆိုပါတယ်။

အစည်းအဝေးကို အာဆီယံထဲက ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နိုင်ငံတွေနဲ့ အိမ်နီးချင်း တရုတ်နဲ့ အိန္ဒိယနိုင်ငံက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ အင်ဒိုနီးရှား၊ မလေးရှားနဲ့ စင်ကာပူနိုင်ငံတွေကတော့ မတက်ရောက်ကြပါဘူး။

ဒီဆွေးနွေးပွဲနဲ့ ပတ်သက်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့သလို စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးကလည်း စစ်ကောင်စီကို ထိတွေ့ဆက်ဆံဖို့ အချိန်မတန်သေးဘူးလို့ ပြောပါတယ်။ အာဆီယံနိုင်ငံ လွှတ်တော်အမတ်များအဖွဲ့ (APHR) ကလည်း ဆွေးနွေးပွဲကို ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။

ဒါဟာ အာဆီယံအတွင်း သဘောကွဲလွဲမှုကို ထင်ရှားပေါ်လွင်နေတာပါ။ ထိုင်းအစိုးရရဲ့ လုပ်ရပ်ဟာ အာဆီယံမူကို ချိုးဖောက်ရာ ရောက်သလို အာဆီယံအထူးကိုယ်စားလှယ်ရဲ့ လုပ်ပိုင်ခွင့်ကို ကျော်လွန်လုပ်ဆောင်တာလို့လည်း ဝေဖန်မှုတွေ ရှိနေပါတယ်။

……………………………………

နယ်ခြားစောင့်တပ်က စစ်ကောင်စီကို ပြန်တိုက်

စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ် BGF က မူလတပ်ကိုပြန်ဖွဲ့ပြီး စစ်ကောင်စီတပ်ကို လက်နက်ကိုင် တိုက်ခိုက်မှု ကရင်နီပြည် (ကယား) မှာ ပထမဆုံး ပေါ်ပေါက်လာပါတယ်။

ကရင်နီလူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဦး ကလတတ-KNPLF ဟာ ၁၉၉၄မှာ အပစ်ရပ်လက်မှတ်ထိုးခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်မှာ နယ်ခြားစောင့်အသွင်ပြောင်းခံရပြီး ထိုင်းနယ်စပ် မယ့်စဲ့မြို့နယ်အတွင်းမှာ အခြေပြုခဲ့ပါတယ်။

စစ်အာဏာသိမ်းမှု ဖြစ်ပြီးနောက်မှာတော့ အာဏာသိမ်းမှုကိုဆန့်ကျင်ကြောင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ မှာ KNPLF ထုတ်ပြန်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှာ ဖရူဆိုမြို့နယ် မူဆိုရွာသား ၃၅ဦး အဖမ်းခံရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီတပ်နဲ့သွားညှိနှိုင်းတဲ့ ရဲဘော်လေးဦးကို သတ်ဖြတ်ခံခဲ့ရတဲ့အတွက်လည်း ကန့်ကွက်စာ ထုတ်ခဲ့ ပါသေးတယ်။

လက်ရှိမှာတော့ KNPLF ယခင်ရပ်တည်ခဲ့သည့် တပ်ဖွဲ့ အလံ၊ ယူနီဖောင်း၊ ဘက်တံဆိပ်များကို ပြန်လည်ပြောင်းလဲ တပ်ဆင်ပြီး ဇွန်လ ၁၄ရက်မှာ မယ်စဲ့ရဲစခန်းနဲ့ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်တာပါ။ ကရင်အမျိုးသားအစည်းအရုံး KNU/KNLA၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP/KA၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDF တို့နဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။

စခန်းတွေ ကျဆုံးတဲ့အတွက် စစ်ကောင်စီတပ် လေကြောင်းနဲ့ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်လို့ တိုက်ပွဲတွေ ပြင်းထန် နေပါတယ်။ KNPLF အပါအဝင် ပူးပေါင်းအဖွဲ့က စစ်ကောင်စီစခန်းတွေကို သိမ်းပိုက်ထားနိုင်ခဲ့ပြီလို့ ပြည်တွင်းသတင်းတချို့မှာ ဖော်ပြပါတယ်။

တိုက်ပွဲတွေပြင်းထန်တဲ့အတွက် ဒေသခံငါးထောင်ကျော်ဟာ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးခိုလုံနေကြရပါတယ်။

……………………………………

အမျိုးသားစာပေဆုရ စာရေးဆရာ ညီပုလေးကွယ်လွန်

အမျိုးသားစာပေဆုရ စာရေးဆရာ ညီပုလေး နှလုံးရောဂါနဲ့ မန္တလေးမြို့က နေအိမ်မှာ ဇွန်လ ၂၁ ရက်နေ့က ကွယ်လွန်သွားပါတယ်။

စာရေးဆရာ ညီပုလေးရဲ့ နာမည်အရင်းက ဦးငြိမ်းချမ်း (ခေါ်) ဘိုညိုဖြစ်ပါတယ်။ လူထုဦးလှနဲ့ လူထုဒေါ်အမာတို့ရဲ့ သားသမီးငါးဦးထဲမှာ အငယ်ဆုံးသားဖြစ်တာကြောင့် ကလောင်အမည်ကို ညီပုလေးလို့ ပေးထားတာပါ။

မနက်ပိုင်း လမ်းလျှောက်ပြီးပြန်လာချိန်မှာ ရုတ်တရက်အမောဖောက်ပြီး ကွယ်လွန်တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၇၂နှစ်ရှိပြီ ဖြစ်ပါတယ်။

စာရေးဆရာညီပုလေးဟာ ဝတ္တုတို၊ ဝတ္ထုရှည်များစွာ ရေးသားခဲ့ပြီး နာဂတောင်တန်းပေါ်က ပရဟိတဆရာဝန် နာဂသိန်းလှိုင်အကြောင်း ရေးထားတဲ့ ‘ထက်မြက်တဲ့ဓားသွားပေါ်က ချိုမြမြပျားရည်စက်’ ဝတ္ထုရှည်နဲ့ ၂၀၁၆ခုနှစ်တွင် အမျိုးသားစာပေဆုရရှိခဲ့ပါတယ်။

ဆရာညီပုလေးရဲ့ နာရေးအခမ်းအနားကို ဇွန်လ ၂၂ ရက်မှာ အေးရိပ်ငြိမ်သုသာန်မှာ ပြုလုပ်ခဲ့ပါတယ်။

……………………………………

မုန်တိုင်းသင့်ပြည်သူတွေကို တစ်လကျော်ကြာလာချိန်အထိ INGO တွေ ကူညီခွင့်မရ

မိုခါမုန်တိုင်းဒဏ်ကို ဆိုးဆိုးဝါးဝါးခံစားခဲ့ရတဲ့ မုန်တိုင်းသင့်ပြည်သူတွေကို ကူညီခွင့်မပိတ်ပင်ဘူးလို့ စစ်ကောင်စီ ပြောဆိုထားပေမယ့် နိုင်ငံတကာအဖွဲ့အစည်းတွေ ကူညီခွင့်နဲ့ သွားရောက်ခွင့် မရသေးပါဘူး။

လူသားချင်းစာနာမှုဆိုင်ရာအဖွဲ့အစည်းတွေရဲ့ ခရီးသွားခွင့်ပြုမိန့်တွေကို စစ်ကောင်စီက ယာယီဆိုင်းငံ့ထားဆဲ ဖြစ်တယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး UNOCHA က ဇွန်လ ၂၂ ရက်မှာ ထုတ်ပြန်ပါတယ်။

လူမှုကယ်ဆယ်ရေးအကူအညီတွေ ဖြန့်ဝေခွင့်နဲ့ ဝင်ရောက်ကူညီခွင့် ကန့်သတ်ခံထားရတာကြောင့် မိုခါမုန်တိုင်းတုံ့ပြန် ကူညီရေးလုပ်ငန်းတွေကို ထိခိုက်နေတယ်လို့ ဆိုပါတယ်။ မုန်တိုင်းဒဏ်သင့်ဒေသခံလူထုရဲ့ ဆိုးရွားနှင့်ပြီးသား စားဝတ်နေထိုင်ရေးအခြေအနေတွေကို ပိုမိုဆိုးရွားစေတယ်လို့လည်း ဆိုပါတယ်။

နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ဒေသတွင်းက အရပ်ဖက်လူမှုရေးအဖွဲ့အစည်းတွေ မုန်တိုင်းဒဏ်သင့်ပြည်သူတွေဆီ သွားရောက်ကူညီခွင့်ကို စစ်ကောင်စီက ဇွန်လ ၇ရက်ကနေ စတင်ပိတ်ပင်ခဲ့ပါတယ်။

အဲဒီနောက် ဝေဖန်မှုတွေကြောင့် အာဏာပိုင်တွေကို အသိပေးပြီး သွားလို့ ရတယ်လို့ စစ်ကောင်စီဘက်က လေသံပြောင်းသွားပေမယ့် အခုအချိန်အထိ သွားရောက်ကူညီခွင့်မရသေးတာပါ။

ရခိုင်မှာ မုန်တိုင်းသင့်ပြည်သူ ၃၀ ရာခိုင်နှုန်းပဲအကူအညီရသေးပြီး ကျန် ၇၀ ရာခိုင်နှုန်းဟာ အကူအညီလိုအပ်နေဆဲ ဖြစ်တယ်လို့ ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်ထားပါတယ်။

……………………………………

ဇွန်လအတွင်း စစ်ဘေးရှောင် ၁၁ဦး မြွေကိုက်ခံရ

ယခုဇွန်လအတွင်းမှာ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်က စစ်ဘေးရှောင်ဒေသခံ ၁၁ ဦးဟာ အဆိပ်ပြင်းမြွေတွေ ကိုက်တာခံရပါတယ်။

ဇွန်လ ၁ရက်နေ့ကနေ ၂ဝရက်နေ့အထိ စစ်ဘေးရှောင်အမျိုးသား ခြောက်ဦး၊ အမျိုးသမီး ငါးဦး မြွေပွေးနဲ့ မြွေဟောက် ကိုက်တာခံရတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ဆီကနေ သိရပါတယ်။

မြွေကိုက်ခံရသူ မြင့်တက်လာတဲ့အတွက် မြွေဆိပ်ဖြေဆေးတွေလည်း အရေးပေါ်လိုအပ်နေတယ်လို့ ဆိုပါတယ်။

၂၀၂၃ ခုနှစ် မေလအထိဆိုရင် မြွေကိုက်ခံရတဲ့ စစ်ဘေးရှောင် ၆၀ကျော်ရှိပြီး အဲ့ဒီထဲက ကလေး နှစ်ဦးအပါအဝင် ခြောက်ဦး သေဆုံးခဲ့ပါတယ်။

……………………………………