သရက်ချောင်း စစ်ကောင်စီ ကာကင်းစခန်းကို PDF များ သိမ်းပိုက်ပြီးမီးရှို့

0
2224
ဓာတ်ပုံ - ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့

သရက်ချောင်းမြို့ အရှေ့မြောက်ဘက် ၂ မိုင်ခန့်အကွာတွင်ရှိသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးတို့၏ ကာကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်-PDF ပူးပေါင်းတပ်ဖွဲ့များက ဇွန်လ ၁၂ ရက် မွန်းလွဲပိုင်းတွင်သိမ်းယူပြီး မီးရှို့လိုက်ကြာင်း ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့က ထုတ်ပြန်သည်။

အဆိုပါစခန်းတွင် ပျူစောထီးနှင့် စစ်ကောင်စီတပ်သား တစ်ဆယ်ကျော် နေထိုင်တပ်စခန်းချထားခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

“ပျူစောထီးစခန်း ရှိနေတာတော့ ကြာနေပြီ။ ကျွန်တော်တို့ ဆင်းချသွားတဲ့အချိန်မှာ သူတို့က ကျွန်တော်တို့ကိုလည်း ပြန်မပစ်ဘူး။ သူတို့က ကျွန်တော်တို့ကို မြင်တာနဲ့ ပြေးသွားတယ်။ ကျွန်တော်တို့ တက်ဝိုင်းတဲ့အချိန်မှာလေ။ အပြန်အလှန်ပစ်ခတ်မှုတော့ မဖြစ်ဘူးပေါ့” ဟု ၎င်းက ဆိုသည်။

စခန်းတွင် စကားပြောစက် ၂ လုံးနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ပြီး ကာကင်းစခန်းကိုမူ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ကာကင်းစခန်း ဝင်ရောက်စီးနင်းမှုတွင် တောင်ပိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ထားဝယ်နဂါးတပ်ခွဲ (၂) ၊ဒေါင်းမင်း စစ်ဆင်ရေးအဖွဲ့နှင့် သရက်ချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့တို့ပူးပေါင်းလုပ်ဆောင်ခြင်း ဖြစ်ကြောင်း ဖော်ပြသည်။

သရက်ချောင်းမြို့နယ်ကို စစ်ကောင်စီတပ်က ဇွန်လ ၅ ရက်နေ့ကတည်းက စစ်ကြောင်းထိုးနေပြီး ပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်များ လေးကြိမ်ထက်မနည်း ထိတွေ့ပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသကာကွယ်ရေးတပ်များနှင့် ဒေသခံအချို့က ပြောဆိုသည်။

စစ်ကောင်စီတပ်က ဒေသခံများကို ဖမ်းဆီးခြင်း၊ နေအိမ်မီးရှို့ခြင်းများ လုပ်ဆောင်နေပြီး လက်နက်ကြီး၊လက်နက်ငယ်များ ပစ်ခတ်မှုကြောင့် လူထိခိုက်သေဆုံးမှုများရှိသည်။

ထို့ကြောင့် မင်းဒပ်၊ သိမ်ကုန်း၊ ရငဲ၊ ကမြိုင်၊ ကနက်သီရိ၊ ကျွဲမင်းကုန်းစသည့် ကျေးရွာ ၁၁ ရွာခန့်ကဒေသခံပြည်သူ တစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။