ဖမ်းထားသည့် မီးသတ်တပ်ဖွဲ့ဝင်နှစ်ဦး၊ ဗိုလ်ကြီးတစ်ဦး၏ဇနီးနှင့် ကလေးတို့ကို PDF ပြန်လွှတ်ပေးဟုဆို

0
2271

တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာအုပ်စု၊ ဘန်လောလမ်းဆုံတွင် ဖမ်းမိထားသည့် မီးသတ်တပ်ဖွဲ့ဝင်နှစ်ဦး၊ စစ်ကောင်စီတပ်က ဗိုလ်ကြီးတစ်ဦး၏ ဇနီးနှင့် ကလေးတို့အား ပြည်သူ့ကာကွယ်ရေးတပ်က ပြန်လွှတ်ပေးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်နှင့် နီးစပ်သူများထံမှ သိရသည်။

မြိတ်မြို့မှ အရံမီးသတ်တပ်ဖွဲ့ဝင်နှစ်ဦး၊ ညောင်ပင်ကွင်းအခြေစိုက် (၅၆၁) တပ်ရင်းမှ ဗိုလ်ကြီးတစ်ဦး၏ ဇနီးနှင့် ကလေးတို့ကို ဇွန်လ ၁၄ ရက်က ဘန်လောလမ်းဆုံ PDF စစ်ဆေးရေးဂိတ်တွင် ဖမ်းမိခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

ဗိုလ်ကြီး၏ ဇနီးသည်မှာ မြိတ်မြို့မှ ညောင်ပင်ကွင်းတပ်ရင်းသို့အလာတွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

၎င်းတို့ လေးဦးစလုံးကို ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်နှင့် နီးစပ်သူအမျိုးသားတစ်ဦးက ပြောဆိုသည်။

“ဗိုလ်ကြီးမိန်းမက နို့စို့အရွယ်ကလေးနဲ့ဆိုတော့ ဒီကနေ့ မနက်က ပြန်လွှတ်လိုက်တယ်။ မီးသတ်နှစ်ယောက်ကိုလည်း ခံဝန်ချက်တွေ ထိုးခိုင်းပြီး မနေ့ကတည်းက ပြန်လွှတ်ပေးခဲ့တယ်လို့ သိရတယ်” ဟု ၎င်းက ပြောသည်။

မီးသတ်တပ်ဖွဲ့ဝင်နှစ်ဦးကို ပြန်လွှတ်လိုက်သော်လည်း ၎င်းတို့စီးလာသည့် တပ်ရင်း (၂) တပ်ခွဲ (၅) ဟု တံဆိပ် ကပ်ထားသည့် အိမ်စီးကားကိုမူ သိမ်းဆည်းထားကြောင်း အထက်ပါနီးစပ်သူက ပြောဆိုသည်။

ဖမ်းဆီးမှုပြန်လွှတ်မှုနှင့် ပတ်သက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မတွေ့ရသေးပေ။

စစ်ကောင်စီတပ်က ဗိုလ်ကြီး၏ ဇနီးဖြစ်သော်လည်း အရပ်သားဖြစ်နေခြင်း၊ နို့တိုက်မိခင်ဖြစ်နေခြင်းတို့ကြောင့် ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်သည်ဟု ကြားသိရကြောင်း အထက်ပါအမျိုးသားက ပြောသည်။

ဗိုလ်ကြီးဖြစ်သူ၏ ဇနီးနှင့် ကလေးအား ထိန်းသိမ်းထားပြီးနောက် ညဦးပိုင်းတွင် ညောင်ပင်ကွင်း (၅၆၁) တပ်ရင်းက ဘန်လောလမ်းဆုံ စစ်ဆေးရေးဂိတ်ကို လက်နက်ကြီးဖြင့် ခြောက်ကြိမ်ပစ်ခတ်ခဲ့ပြီး နောက်တစ်ရက်တွင်လည်း ဆက်လက် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ပစ်ခတ်မှုကြောင့် အထိအခိုက်ပျက်စီးမှုမရှိဟု ဒေသခံများက ပြောသည်။

ယင်းနောက် ယနေ့ ဇွန်လ ၁၆ရက် နံနက်တွင်လည်း ဘန်လောကျေးရွာဖက်သို့ လက်နက်ကြီးဖြင့် အကြိမ်ရေအမြောက်အများ ပစ်ခတ်ပြီး စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်လာနေသဖြင့် ရွာသားများမှာ ထွက်ပြေးတိမ်းရှောင်နေကြရပြီ ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

လက်နက်ကြီးပစ်ခတ်သံများကို ယနေ့နေ့လယ်ပိုင်းအထိ ကြားနေရပြီး နှစ်ဖက်တိုက်ပွဲအခြေအနေကိုမူ မသိရသေးဟု ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။