ဦးထွန်းမင်းလတ်နှင့် လုပ်ဖော်ကိုင်ဖက်သုံးဦးကို ရုံးထုတ်၊ စခန်းမှူးကို သက်သေအဖြစ်စစ်မေး

0
2233

မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ ငွေကြေးခဝါချမှုများဖြင့် ဖမ်းဆီးခံထားရသော ဟိုတယ်ထားဝယ်ပိုင်ရှင် ဦးထွန်းမင်းလတ်နှင့် လုပ်ဖော်ကိုင်ဖက်သုံးဦးကို ဇွန်လ ၁၅ ရက်နေ့က ရာ့ချဒါတရားရုံးတွင် ရုံးထုတ်စစ်ဆေးသည်။

၎င်းတို့ကို ဖမ်းဆီးခဲ့သော ဖယာထိုင်းရဲစခန်းမှူး ဒုတိယဗိုလ်မှူးကြီးတစ်ဦးကို တရားရုံးက ပထမဆုံးသက်သေအဖြစ် နံနက်မှ ညနေအထိ ရှစ်နာရီခန့်ကြာအောင် စစ်ဆေးမေးမြန်းခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

မြန်မာစစ်ကောင်စီ လက်နက်ပွဲစားဟုဆိုသူ ခရိုနီ ဦးထွန်းမင်းလတ်နှင်အတူ လုပ်ဖော်ကိုင်ဖက်ဖြစ်သည့် ထိုင်းအထက် လွှတ်တော်အမတ် ဥပကစ်၏ သားမက်ဖြစ်သူနှင့် အတွင်းရေးမှူးနှစ်ဦးတို့ကို တရားရုံးထုတ်ခြင်းဖြစ်သည်ဟု ဆိုသည်။

မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ ငွေကြေးခဝါချမှုနှင့် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများအတွက် ၎င်းတို့ကို တရားခွင်တွင် အသေးစိတ် စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။

ဖယာထိုင်းရဲစခန်းမှူးက ၎င်းကိုယ်တိုင်သည် မူးယစ်ဆေးဝါးအမှု ၃၀ မှ ၄၀ ခန့်အထိ ဖမ်းဆီးခဲ့ပြီး မူးယစ်ဆေး ထုတ်လုပ်သူအများစုမှာ မြန်မာ၊ လာအို၊ ထိုင်းနိုင်ငံဆုံရာ ရွှေတြိဂံနယ်မြေထဲရှိနေသည်ဟု ယုံကြည်ရကြောင်း ထွက်ဆိုသည်။

ယခုအမှုတွင် တာချီလိတ်မှတစ်ဆင့် လျှပ်စစ်မီးဝယ်ယူသည်ကို အကြောင်းပြ၍ မူးယစ်ဆေးဝါးအတွက် ငွေကြေး လွှဲပြောင်းသည့် ကိစ္စရပ်များအတွက် အသေးစိတ်အခြေအနေများကို တရားရုံးက စခန်းမှူးကို အသေးစိတ်စစ်ဆေး မေးမြန်းခဲ့ခြင်း ဖြစ်ကြောင်း ထိုင်းတရားရေးကျွမ်းကျင်သူ Steven Sanyu က လူမှုကွန်ရက်တွင် ရေးသားထားသည်။

ယခုအမှုနှင့်ပက်သက်ဆက်နွယ်သည့် မူးယစ်ဆေးဝါးအဖွဲ့ လေးဖွဲ့ကို ဖမ်းဆီးခဲ့မှုသည်ဟု ဖယာထိုင်းရဲစခန်းမှူးက ထွက်ဆိုသည်။

ယင်းအဖွဲ့လေးဖွဲ့သည် Allure Group မှတစ်ဆင့် မြန်မာပြည်ရှိ မူးယစ်ဆေးဝါးထုတ်လုပ်သူများထံ ငွေကြေး လွှဲပြောင်းနေခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ပိုင်ဆိုင်သော အမည်ခံ ငွေစာရင်းပေါင်း ၅၀၀ ကျော်ရှိကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ဖော်ပြောဆိုထားသည်။  

ငွေစာရင်း ငါးရာအနက် ဘတ်သန်း ၁၀၀ မှ ၂၀၀ အထိ လည်ပတ်နေသော အဓိကငွေစာရင်း ၁၀ ခုနှင့်အထက်ရှိပြီး ထိုငွေစာရင်းများသည် Allure Group ကို တိုက်ရိုက်ငွေလွှဲနေကြခြင်းဖြစ်ကြောင်းလည်း ဆိုသည်။

နိုင်အက်ဒီနှင့် ဇနီးဖြစ်သူ၊ ဦးထွန်းမင်းလတ်နှင့် ဥပကစ်သားမက်ဖြစ်သူ လေးဦးမှာ Allure Group ၏ အဓိက ပိုင်ရှင်များ ဖြစ်သည်။

နိုင်အက်ဒီးနှင့် ဇနီးဖြစ်သူများမှာ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်သည်။

မူးယစ်ဆေးဝါးအမှုနှင့် သေဒဏ်ချခံထားရသူ ခြောက်ဦးမှာ Allure Group ထံသို့ ငွေကြေးလွှဲပြောင်းမှုများတွင် ပါဝင်နေသည်။

ဦးထွန်းမင်းလတ်နှင့် ဥပကစ်၏ သားမက်ဖြစ်သူတို့၏ ရှေ့နေများကမူ သေဒဏ်ပေးခံရသူများ၏ အမှုများနှင့် မပတ်သက်ဟု လျှောက်လဲခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။

သို့သော်လည်း အမှုတွင်ပါဝင်နေသူအားလုံးမှာ ဆက်စပ်နေသဖြင့် တရားရုံးက လက်မခံဘဲ ပယ်ချခဲ့ကြောင်း ဖော်ပြသည်။

အမှုများနှင့်ပက်သက်၍ သက်သေ ၂၀ ဦးကို ဆက်လက်စစ်ဆေးသွားမည်ဖြစ်ပြီး အထက်လွှတ်တော်အမတ် ဥပကစ်ကိုလည်း မူးယစ်ဆေးဝါးမှု၊ ငွေကြေးခဝါချမှုနှင့် နယ်စပ်ဖြတ်ကျော်မှုများအတွက် တရားစွဲ မစွဲကို ဇူလိုင်လ ၂၆ ရက်တွင် စစ်ဆေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

Ref: MGR Online, The Nation