စစ်ရေးအရှိန်မြင့်လာ၍ ခရီးသွားများ သတိပြုရမည့်အချက်များ ရေးပကဖထုတ်ပြန်

0
2185

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် စစ်ရေးအရှိန်မြင့်တက်လာနေသည့်အတွက် ပြည်သူများအနေဖြင့် မလိုအပ်ဘဲ ခရီးမသွားကြရန်နှင့် မဖြစ်မနေခရီးသွားရပါက လိုက်နာရမည့် အချက်များကို ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်လိုက်သည်။

ရေးပြောက်ကျားတပ်ဖွဲ့ တာဝန်ခံ ဗိုလ်ကျန်ရစ်က ပြည်သူများအနေဖြင့် မလိုအပ်ဘဲ ခရီးမသွားကြရန်နှင့် မဖြစ်မနေခရီးသွားရပါက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ တားစီးစစ်ဆေးသည့်အခါ ကြည်ဖြူစွာ လက်ခံပေးရန် ဇွန်လ ၁၅ ရက်နေ့က ထုတ်ပြန်ပြောဆိုထားသည်။

အရေးပေါ်လူနာတင်ယာဥ်များ အနေဖြင့်လည်း ညပိုင်းတွင် အရေးပေါ်မှအပ သွားလာခြင်းမပြုရန်နှင့် မော်လမြိုင်သို့ ဆန်တက်ပြီး ညအချိန်မတော် ပြန်ဆင်းလာခြင်းမျိုးမလုပ်ရန်၊ ၁ နာရီ ၈၀ ကီလိုမိုင်ထက် ပိုမမောင်းရန်လည်း မေတ္တာရပ်ခံထားသည်။

ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ (၆) ကလည်း ဇွန်လ ၁၅ ရက်နေ့မှစပြီး မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ ထားဝယ်၊ မြိတ် အမှတ် ၈ လမ်းမကြီးတလျှောက်တွင် သွားလာနေသော ခရီးသွားပြည်သူများ၊ မော်တော်ယာဉ်များ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် KNLA မှ ရပ်တန့်စစ်ဆေးသည့်အခါ ကြည်ဖြူစွာ လက်ခံရန် ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီ၏ပစ္စည်းများကို မတင်ဆောင်ရန်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်အတူ စီးနင်းလိုက်ပါခြင်း လုံးဝမပြုလုပ်ရန်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က သတိပေးထုတ်ပြန်ထားသည်။

“ဒီရေးလမ်းတစ်လျှောက်မှာက ပစ်ခတ်မှုတွေလည်း ခဏခဏဖြစ်နေတော့ သတိထားပြီး သွားနေရတယ်။ အရေးကြီးတဲ့ကိစ္စတွေ၊ မဖြစ်မနေသွားရမယ့်ကိစ္စတွေရှိမှပဲ သွားကြတာ။ ဒါတောင်မှ အခြေအနေလေးမေး၊ စုံစမ်းပြီးမှ သွားရဲတာ။ နှစ်ဖက်စလုံးကို ကြောက်နေရတယ်လေ။ အဲလိုအခြေအနေဖြစ်နေတယ်” ဟု အသက် ၄၅ နှစ်ဝန်းကျင်ရှိ ရေးမြို့ခံတစ်ဦးက ပြောသည်။

ရေးမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်ကြား ကားလမ်းတစ်လျှောက်တွင် စစ်ကောင်စီယာဥ်တန်းများ မကြာခဏ ပစ်ခတ်တိုက်ခိုက်ခံရလေ့ရှိသည့်အပြင် အရပ်သားကားများ၊ ကုန်တင်ကားနှင့် ဆိုင်ကယ်များ ပစ်ခတ်ခံရသည့်ဖြစ်စဥ်လည်း ဆက်တိုက်ရှိလာခဲ့သည်။

ရေး-သံဖြူဇရပ်ကားလမ်းတွင် နှစ်ဖက်တိုက်ပွဲအကြား လူထိခိုက် သေဆုံးမှုရှိခဲ့သလို နှစ်ဖက်တပ်ဖွဲ့တို့၏ ပစ်ခတ်မှုကြောင့်လည်း လူထိခိုက် သေဆုံးမှုရှိခဲ့သည်ဟု ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။

မော်လမြိုင်-မြိတ်လမ်းတစ်လျှောက်တွင် KNLA နှင့် PDF တို့ ထိန်းချုပ်လှုပ်ရှားနေပြီဖြစ်သည့်အတွက် ခရီးသွားပြည်သူများ ထိခိုက်နစ်နာ ဆုံးရှုံးမှုများမဖြစ်ပေါ်စေရေးအတွက် ယခုကဲ့သို့ ထုတ်ပြန်ရခြင်းဖြစ်သည်ဟုဆိုသည်။

ပြည်သူများအနေဖြင့်လည်း တော်လှန်ရေးအင်အားစုများ နယ်မြေစိုးမိုးနိုင်ရေးအတွက် ပူးပေါင်းပါဝင်ပေးရန်လည်း မေတ္တာရပ်ခံထုတ်ပြန်ထားသည်။