မန်ယူကို ဝယ်ယူရန် ကာတာစော်ဘွား ရှိတ်ခ်ဂျာဆင်းမ်၏ကမ်းလှမ်းမှု အောင်မြင်သွားခဲ့ပြီဟုဆို

0
2033
Photo – The Mirror

မန်ယူကို ဝယ်ယူရန် ကာတာစော်ဘွား ရှိတ်ခ်ဂျာဆင်းမ်၏ကမ်းလှမ်းမှုကို ဂလေဇာမိသားစုဘက်က လက်ခံလိုက်ပြီဖြစ်ပြီး အောင်မြင်မှုရရှိသွားခဲ့ပြီဟု ရှိတ်ခ်ဂျာဆင်းမ်၏ဖခင်ဖြစ်သူ ရှယ်ယာတစ်ဝက် ပိုင်ဆိုင်ထားသည် Al-Watan သတင်းစာက ရေးသားဖော်ပြလိုက်သည်။

သို့သော် ဂလေဇာမိသားစုဘက်က အပြီးသတ် ဆုံးဖြတ်ချက်ကို ချမှတ်ခြင်း မရှိသေးဘဲ လာမည့်ရက် အနည်းငယ်အတွင်းသို့ ရောက်မှသာ အသင်းကို မည်သူ့ထံသို့ လက်လွှဲရောင်းချမည်ဆိုခြင်းကို ယတိပြတ် ဆုံးဖြတ်ချက်ချဖွယ်ရှိနေကြောင်း သိရှိရသည်။

ဂလေဇာမိသားစုသည် အမေရိကန်ပြည်ထောင်စုအခြေစိုက် ကုန်သွယ်လုပ်ငန်းဘဏ် Raine ၏အကူအညီကို ရယူကာ အပြီးသတ်ဆုံးဖြတ်ချက်ကို ချမှတ်ဖွယ်ရှိနေပြီး အယ်လ်ဂျာဆင်းမ်နှင့် ဆာဂျင်မ် ရတ်ဒ်ကလစ်ဖ်တို့အနက်မှ တစ်ဦးမှာ မန်ယူအသင်း၏ပိုင်ရှင်သစ် ဖြစ်လာတော့မည်ဖြစ်သည်။

အယ်လ်ဂျာဆင်းမ်၏ကမ်းလှမ်းမှုကို မန်ယူအသင်းပိုင်ရှင် ဂလေဇာမိသားစုဘက်က အလုံးစုံလက်ခံထားပြီဖြစ်ပြီး အပြီးသတ်ကြေညာချက်ကို များမကြာမီတွင် ထုတ်ပြန်ပေးဖွယ်ရှိနေသည်ဟု တွစ်တာလူမှုကွန်ရက်စာမျက်နှာရှိ သတင်းရင်းမြစ်များကလည်း ဆိုသည်။

အယ်လ်ဂျာဆင်းမ်၏ကမ်းလှမ်းမှုကို မန်ယူအသင်းပိုင်ရှင် ဂလေဇာမိသားစုဘက်က လက်ခံလိုက်ပြီဟု သတင်းများထွက်ပေါ်လာပြီးသည်နှင့်တပြိုင်နက် အသင်း၏ရှယ်ယာဈေးနှုန်းများလည်း ချက်ချင်းပင် မြင့်တက်သွားခဲ့ပြီး ဇွန်လ ၅ ရက်နေ့က ရှယ်ယာတစ်ခုလျှင် အမေရိကန် ၁၈ ဒသမ ၃၄ ဒေါ်လာ သာ ပေါက်ဈေးရှိနေခဲ့သော မန်ယူရှယ်ယာများမှာ မနေ့က ရှယ်ယာတစ်ခုလျှင် အမေရိကန် ၂၀ ဒသမ ၀၈ ဒေါ်လာသို့ ဈေးပြန်တက်သွားခဲ့ပြီဖြစ်သည်။