မင်းထိန်တွင် လက်နက်ကြီးကျ၍ လူသေဆုံးပြီးနောက် နေရပ်စွန့်ခွါ ထွက်ပြေးသူများလာ

0
1418

မြိတ်ခရိုင်၊ပုလောမြို့နယ်၊ မင်းထိန်ကျေးရွာသို့ လက်နက်ကြီးကျကာ လူသေဆုံးပြီးသည့် နောက်တွင် နေရပ်(အိုးအိမ်)စွန့်ခွါထွက်ပြေးသူ များလာကြောင်း ဒေသခံများ ထံမှသိရသည်။

မင်းထိန်ကျေးရွာသို့ ပြီးခဲ့သည့် ဇွန်လ ၁ ရက် နေ့လယ်က ပုလောဘက်မှပစ်သည့် လက်နက်ကြီးကျည်လေးလုံး ရွာအတွင်း ကျရောက်ပေါက်ကွဲပြီး အသက် ၅၀ ကျော်အရွယ်အမျိုးသမီးတစ်ဦး ထိမှန်သေဆုံးကာ အသက် ၉၀ အရွယ်မိခင်ဖြစ်သူလည်း ယင်းဖြစ်စဥ်ကြောင့် နှလုံးရပ်သေဆုံးခဲ့ရသည်။

ယင်းအပြင် လက်နက်ကြီးထိမှန် ဒဏ်ရာရခဲ့သည့် ရွာသားတချို့လည်း ရှိခဲ့သည်။

လက်နက်ကြီးကျည် ရွာအတွင်း ထပ်မံကျရောက်မည်ကို စိုးရိမ်သဖြင့် လက်ရှိအချိန်တွင် ရွာသားများမှာ အိုးအိမ်စွန့်ခွါ ထွက်ပြေးနေကြပြီ ဖြစ်သည်ဟု ဒေသခံများ ကပြောသည်။

“ရွာသားတွေက တအားကြောက်ကုန်ကြပြီး ပြေးတဲ့သူတွေ ပြေးကုန်ကြပြီ”ဟု မင်းထိန်ဒေသခံ အမျိုးသား ကပြောသည်။

မင်းထိန်ရွာတွင် အိမ်ခြေသုံးရာကျော်ရှိပြီး စစ်ကောင်စီက ဆန်အပါအဝင် ရိက္ခာသယ်ယူမှုကန့်သတ်ခဲ့သဖြင့် ရွာသားသုံးပုံတစ်ပုံမှာ ယခင်လများကတည်းက အိုးအိမ်စွန့်ခွါ ထွက်ခွါသွားပြီးဖြစ်သည်။

“ခုထပ်ပြေးကြတော့ အိမ်ခြေထက်ဝက်လောက်တောင် မကျန်တော့ဘူး။ တတ်နိုင်တဲ့သူတွေက ပြောင်းကြတယ်။ တခြားနေရာမှာ ဆွေမျိုးလည်းမရှိ ပြောင်းဖို့လည်း မတတ်နိုင်တဲ့ လက်လုပ်လက်စားတွေတော့ နေကျန်ခဲ့ရတာပေါ့”ဟု မင်းထိန်ရွာတွင် နေထိုင်သည့် အမျိုးသားကပြောသည်။

မင်းထိန်ရွာသည် ပုလောမြို့အနီးတည်ရှိပြီး စစ်အာဏာသိမ်းကတည်းက ရွာအတွင်း တိုက်ပွဲမဖြစ်ခဲ့ဘူးသည့် ကျေးရွာတစ်ရွာဖြစ်သည်။

သို့သော် ယင်းရွာအနီးတဝိုက်ရှိ ပဝတ်ကုန်း၊ပဝတ်ဖျား၊မကျည်းကုန်း၊သင်္ကန်းတော၊ကဒဲ စသည့်ကျေးရွာများတွင်တော့ တိုက်ပွဲမကြာခဏဖြစ်လေ့ရှိပြီး ရွာသားအများစု နေထိုင်ခြင်းမရှိသည်မှာလည်း ကြာပြီဖြစ်သည်။

တိုင်းအတွင်း စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် ပုလောမြို့နယ်တွင်  တိုက်ပွဲအများဆုံးဖြစ်ပွါးနေပြီး နိုင်ငံရေး၊စစ်ရေးပဠိပက္ခကြောင့်လူသေဆုံးမှုနှင့်ဖမ်းဆီးခံရမှု အများဆုံးမြို့နယ်ဖြစ်သည်။