ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

0
1208

ယခုအပတ်ရွှေဈေးမှာ ဈေးအမြင့်တွင် အလှုပ်အခတ်နည်းနည်းဖြင့် ငြိမ်နေပြီး ထိုင်းဘတ်ဈေးလည်း အပြောင်းအလဲနည်းခဲ့သည်။

ဓာတ်ဆီဈေးမှာမူ ဖြည်းဖြည်းပြန်ကျလာသည်။

ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။

ဈေးအမြင့်တွင် ငြိမ်နေသည့် ရွှေဈေး

အခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် ကျပ်သိန်းသုံးဆယ်စွန်းစွန်းဖြင့်ဆက်တိုက်ငြိမ်နေသည်။

ပြီးခဲ့သည့်အပတ်က တစ်ကျပ်သားလျှင် သုံးဆယ်တစ်သိန်းကျပ်နီးပါးအထိ ထိုးတက်ပြီးနောက် အနည်းငယ်ပြန်ကျလာခြင်းဖြစ်သည်။

ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ်သိန်းသုံးဆယ်ငါးသောင်းကျပ်ဝန်းကျင် ပေါက်ဈေးရှိနေသည်။

 ဇွန်လ ၂ ရက်နေ့ ထားဝယ်ဈေးကွက်ပေါက်ဈေးအရ တစ်ကျပ်သားလျှင် သိန်းသုံးဆယ်လေးသောင်းဖြင့် ရောင်းချနေသည်။

ထိုင်းဘတ်ဈေးလည်း အပြောင်းအလဲနည်း

တနင်္လာနေ့ပေါက်ဈေးအရ  ထိုင်းငွေတစ်ဘတ်လျှင် ၈၆ ကျပ်နီးပါးရှိခဲ့ပြီး နောင်ရက်များတွင် ပြားဂဏန်းသာ အတက်အကျရှိခဲ့သည်။

ယခုအပတ် သောကြာတွင် တစ်ဘတ်လျှင် ၈၄ ကျပ်စွန်းစွန်း ပေါက်ဈေးရှိနေပြီး ထိုင်းငွေ ၁၁၈၄  ဘတ် လဲလျှင် မြန်မာငွေကျပ် တစ်သိန်းရမည်ဖြစ်သည်။

ကျရိပ်ပြ ဓာတ်ဆီဈေး

တနင်္သာရီတိုင်းအတွင်း ဓာတ်ဆီဈေးမှာ တရွေ့ရွေ့ ပြန်ကျလာသည်။

ယခုအပတ် ထားဝယ်ဈေးကွက်အတွင်း 92 ဓာတ်ဆီတစ်လီတာလျှင် ၁၉၉၅ ကျပ် မှ ၂၀၅၅ ကျပ်အကြား နှုန်းထားဖြင့် ရောင်းချခဲ့သည်။

အဆိုပါဈေးနှုန်းများမှာ လိုင်စင်ရှိဆီဆိုင်ကြီးများတွင် ရောင်းချရန် စစ်ကောင်စီက သတ်မှတ်ပေးထားသည့်နှုန်းထားများဖြစ်သည်။

စစ်ကောင်စီသတ်မှတ်နှုန်းမှာ မြေပြင်တွင်ရောင်းချနေသည့်ဈေးနှင့် အနည်းဆုံး ကျပ်ရာဂဏန်းမှ ထောင်ဂဏန်းအထိ ကွာခြားနေသည်။

ပန့်ခ်ဖြင့်ရောင်းချနေသည့် ပြင်ပဆိုင်ငယ်များတွင် မြို့ပေါ်နှင့် ကျေးလက်အပေါ်မူတည်ပြီး တစ်လီတာလျှင် ၂၃၃၀ ကျပ်မှ  ၃၂၀၀ ကျပ်ကျော်အထိ ရောင်းချနေသည်။

ဈေးကွက်သုံးသပ်ချက်

လာမည့်အပတ်ရွှေဈေးမှာ ကျရိပ်ပြလာနိုင်သော်လည်း ကျပ်သိန်းသုံးဆယ်အောက်ကျမည့် အနေအထားမတွေ့ရပေ။

ကမ္ဘာ့ရွှေဈေးမှာ တောက်လျောက်ကျနေပြီး ဇွန်လ ၃ ရက်နေ့တွင် တစ်အောင်စလျှင် ၁၉၄၈ ဒေါ်လာ ဈေးဖွင့်ထားသည်။

ပြီးခဲ့သည့်အပတ်ကလည်း တစ်အောင်စလျှင် ၁၉၄၇ ဒေါ်လာ ပေါက်ဈေးရှိခဲ့သည်။ မေလအစောပိုင်းကမူ တစ်အောင်စလျှင် ဒေါ်လာ ၂၀၀၀ ကျော်အထိ ဈေးဖွင့်ထားသည်။

ကမ္ဘာ့ရွှေဈေးထိုးကျနေချိန် ပြည်တွင်းရွှေဈေးမှာ အမြင့်ဈေးတွင်ရောက်နေသည့်အတွက် လာမည့်အပတ်တွင် ပမာဏတစ်ခုအထိ ကျလာနိုင်ကြောင်း ခန့်မှန်းရသည်။

ထိုင်းဘတ်ဈေးမှာ လက်ရှိနှုန်းထားအတိုင်းပင်အတက်အကျနည်းနည်းဖြင့် ဈေးဖွင့်နေမည်ဟု ခန့်မှန်းရသည်။

မိုခါမုန်တိုင်းအလွန် နိုင်ငံတကာ အထောက်အပံ့အချို့ဝင်လာသည့်အတွက် ကျပ်ငွေနှင့် ဒေါ်လာငွေလဲနှုန်းတွင် ကျပ်ငွေတန်ဖိုးကျမည့် အနေအထားဖြစ်သည်။

ထိုကြောင့် အမေရိကန်ဒေါ်လာငွေလဲနှုန်းမှာ အတက်ဘက်ရောက်နေပြီး ဇွန်လ ၂ ရက်နေ့ပေါက်ဈေးအရ အမေရိကန်တစ်ဒေါ်လာလျှင် ၂၉၃၀ ကျပ် ရှိနေသည်။

ထိုကြောင့်ပင် ထိုင်းဘတ်ဈေးလည်း လက်ရှိနှုန်းထားအတိုင်းပင် အပြောင်းအလဲနည်းနည်းဖြင့် ဈေးဖွင့်နေမည်ဖြစ်သည်။

ပြည်တွင်းစက်သုံးဆီဈေးမှာ ကမ္ဘာ့ရေနံပေါက်ဈေး၊ အမေရိကန်ဒေါ်လာငွေလဲဈေးနှင့် နိုင်ငံရေးအခြေအနေအပေါ် မူတည်နေသည်။

လက်ရှိကမ္ဘာ့စက်သုံးဆီပေါက်ဈေးမှာ တက်ရိပ်ပြနေပြီး ဒေါ်လာဈေးလည်း ဈေးအမြင့်တွင် ငြိမ်နေသည်။

မိုခါမုန်တိုင်းအလွန်  ပြန်လည်တည်ဆောက်ရေးကိစ္စ၊ ယူကရိန်း-ရုရှားစစ်ပွဲနှင့် ကမ္ဘာ့လုံးဆိုင်ရာ အားပြိုင်မှုများကြောင့် စက်သုံးဆီဈေးမှာ မတည်မငြိမ်ဆက်ဖြစ်နေမည်ဖြစ်သည်။

ထိုကြောင့် လာမည့်အပတ် စက်သုံးဆီဈေးမှာ တစ်လီတာလျှင် ကျပ်နှစ်ထောင်အပေါ်သို့ ပြန်ရောက်လာနိုင်ကြောင်း သုံးသပ်ရသည်။