မီးဖိုချောင်တိုက်ပွဲ

0
1246

ထားဝယ်မြို့ပေါ်ရပ်ကွက်နေ မဖြူဝင်းတို့မိသားစု၏ ထမင်းဝိုင်းကလေးမှာ ယခင်ကလိုမဟုတ်တော့။

ပင်လယ်စာနှင့် သား၊ငါးပေါများကြွယ်ဝသည့် တနင်္သာရီတိုင်းမှ ဒေသထမင်းဝိုင်းများမှာ အသား၊ငါး စသော ဆီပြန်ဟင်းများအပြင် အသီးအရွက်ကြော်တစ်ခွက် ၊ ဟင်းချိုတစ်ခွက်နှင့် မပါမဖြစ် ထားဝယ်ငပိသုပ်နှင့် တို့စရာများက နေရာယူထားစမြဲပင်။

ယခုမူ ထမင်းစားပွဲပေါ်တွင် မိသားစု စားလောက်ရုံ ဟင်းလေးတစ်ခွက်ဖြင့်သာ ထမင်းဝိုင်းက တိတ်ဆိတ်ခြောက်ကပ်နေသည်။

စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံအနှံ့ တော်လှန်ရေးတိုက်ပွဲများ ဖြစ်ပေါ်လာသလို အခြေခံလူတန်းစားများ၏ မီးဖိုချောင်များတွင်လည်း ဝမ်းရေးတိုက်ပွဲများ ပြင်းထန်လာနေသည်။

ကိုဗစ်နိုင်တင်း ရောဂါကပ်ဘေးနှင့် ယူကရိန်း-ရုရှားစစ်ပွဲတို့ကြောင့် အငတ်ဘေး ရင်ဆိုင်ရဖွယ်ရှိနေကြောင်း သတိပေးမှုများရှိနေချိန် မြန်မာနိုင်ငံတွင်တော့ အငတ်ဘေးကျရောက်နေသူ အများအပြားရှိလာနေပြီဖြစ်သည်။

စစ်တပ်အာဏာသိမ်းပြီးနောက်တွင် အထွေထွေကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်လာသော်လည်း ဝင်ငွေက တိုးမလာ။ နိုင်ငံရေး မတည်ငြိမ်မှုနှင့် ပဋိပက္ခဖြစ်စဉ်များကြောင့် အလုပ်အကိုင် ရှားပါးလာမှုနှင့်အတူ အလုပ်လက်မဲ့များလည်း တိုးလာနေသည်။

မဖြူဝင်းဆိုလျှင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement (CDM))တွင် ပါဝင်ခဲ့သူဖြစ်ပေရာ လက်ရှိအချိန်တွင် အလုပ်မရှိသဖြင့် ဝင်ငွေမရှိပေ။

ယောက်ျားဝင်ငွေ ကျပ်သုံးသိန်းခွဲခန့်နှင့် သားဝင်ငွေ ကျပ်တစ်သိန်းခန့်သာရှိရာ စုစုပေါင်း တစ်လလျှင် ကျပ်လေးသိန်းခွဲခန့်သာ ပုံမှန်ဝင်ငွေရှိသည်။

အာဏာမသိမ်းခင်ကဆိုလျှင် ယင်းဝင်ငွေမှာ မိသားစုတစ်စုအတွက် ကောင်းစွာလုံလောက်သည့် အခြေအနေတွင် ရှိသော်လည်း ယခုတွင်မူ စားလောက်ရုံမျှသာရှိသည်။

ပညာရေး၊ကျန်းမာရေး အပါအဝင် အခြားအထွေထွေစရိတ်များအတွက် ရှိတာရောင်းသုံးရသည့် အခြေအနေဖြစ်လာသည်။

မဖြူဝင်းတို့လောက်ပင် ပုံမှန်ဝင်ငွေမရှိကြသည့် မိသားစုများလည်း အများအပြားရှိနေသည်။

ထားဝယ်ဒေသ၏ နေ့စားလုပ်အားခမှာ အလုပ်အမျိုးအစားနှင့် ကျွမ်းကျင်မှုအပေါ် မူတည်ကာ ပျမ်းမျှ ခြောက်ထောင်ကျပ်ဝန်းကျင်မှ ကျပ်တစ်သောင်းဝန်းကျင်ရှိသည်။

သို့သော် နေ့စဉ်အလုပ်ရနိုင်မည့် အခြေအနေတွင်တော့ မရှိ။ အလုပ်ရှိသည့်ရက်တွင် ဝင်ငွေရှိသော်လည်း အလုပ်မရှိသည့်နေ့တွင် ဝင်ငွေမရှိတော့။

ရရှိသည့်ဝင်ငွေမှာလည်း စားလောက်ရုံသာရှိကြသည်။

တိုက်ပွဲဖြစ်နေသည့် ဒေသများဆိုပါက အလုပ်လုပ်၍ပင်မရ ရှိတာပစ်ထားပြီး ထွက်ပြေးနေကြရသည်။

ဝင်ငွေတိုးမလာသည့်အပြင် အကြောင်းအမျိုးမျိုးဖြင့် ပိုင်ဆိုင်သမျှတွေပင် ဆုံးရှုံးနေကြရသည်။ သို့သော် ကုန်ဈေးနှုန်းကတော့ မညှာမတာ ခပ်ကြမ်းကြမ်းတက်နေဆဲ။

စစ်အာဏာမသိမ်းမီက တစ်လုံးလျှင် ၁၀၀ ကျပ်ဝန်းကျင်ပေးဝယ်ရသည့် ကြက်ဥပင်လျှင် လက်ရှိအချိန်တွင် ၃၀၀ ကျပ်ဖြစ်သွားသည်။

ထားဝယ်ဒေသခံများ စားသုံးမှုများသည့် ပလာတူးငါးတစ်ကောင်ပင်လျှင် ၁၅၀၀ ကျပ် ပေးဝယ်နေရသည်။

ယခင်ကမူ သုံးကောင်မှ ကျပ်တစ်ထောင်ဝန်းကျင်။

အခြားမီးဖိုချောင်သုံး ပစ္စည်းများသည်လည်း ယခင်ထက် အဆပေါင်းများစွာ ဈေးခုန်တက်သွားသည်။

ထိုကြောင့်ပင် ဈေးတစ်ခေါက်သွားလျှင် ယခင်က ငါးထောင်တန်တစ်ရွက် ကိုင်သွားလေ့ရှိသည့် မဖြူဝင်းတစ်ယောက် အခုတော့ တစ်သောင်းတန်ငွေစက္ကူနှစ်ရွက်ကိုင်ပြီး သွားနေရသည်ဟု ဆိုသည်။

လက်ရှိတွင် ဟင်းတစ်ခွက်ချက်ရန်အတွက် လက်သုံးလုံးအရွယ်ငါးတစ်တုံးကိုပင် ငွေကျပ် ၉၀၀၀ ပေးဝယ်နေသည့်အတွက် ဟင်းအမယ်လျော့ချလိုက်ရကြောင်း မဖြူဝင်းက ဆိုသည်။

“အရင်ကဆိုရင် ထမင်းဝိုင်းမှာဆို စုံစုံလင်လင်နဲ့ စိုစိုပြေပြေစားရာကနေ အခုကျတော့ ဟင်းတစ်မျိုးဆို တစ်မျိုးပဲ စားနေရတာပေါ့။ အရင်တုန်းကလိုမျိုး ဖွယ်ဖွယ်ရာရာနဲ့ စုံစုံလင်လင် မစားရတော့ဘူး”ဟု ၎င်းက ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံသား ၁၅ သန်းခန့်မှာ ဝမ်းရေးအခက်အခဲကို အပြင်းအထန် ကြုံတွေ့ရင်ဆိုင်နေကြရကြောင်း ကုလသမဂ္ဂ၏ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်(WFP)က ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့်နှစ်က အခြေခံစားသောက်ကုန်ဈေးနှုန်းမှာ တစ်နှစ်အတွင်း ၆၂ ရာခိုင်နှုန်း မြင့်တက်လာသည့်အတွက် ဆန်နှင့် စားသုံးဆီကိုပင် ဝယ်ယူရန် လက်လှမ်းမမီကြတော့ဟု ဆိုသည်။

နေရာအနှံ့အပြားတွင် ဖြစ်ပွားနေသည့် ပဋိပက္ခများနှင့် နေရပ်စွန့်ခွာရမှုများပြားလာခြင်းကြောင့် ကုန်စည်စီးဆင်းမှုနှင့် ဈေးကွက်လည်ပတ်မှုအပေါ် ထိခိုက်စေပြီး ပြည်သူသန်းချီ၏ နေ့စဉ်ဝမ်းရေးကို ခြိမ်းခြောက်နေကြောင်း ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်(WFP)က ဖော်ပြထားသည်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းကလည်း မြန်မာနိုင်ငံရှိ လူဦးရေ ၁၁ သန်းခန့်မှာ ဆိုးရွားသည့်စားနပ်ရိက္ခာမလုံလောက်မှုနှင့် ရင်ဆိုင်နေရကြောင်း ပြောဆိုထားသည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလက ပြုလုပ်သည့် ကုလသမဂ္ဂစီးပွားရေးနှင့်ဘဏ္ဍာရေးဆိုင်ရာ ဒုတိယကော်မတီ အစည်းအဝေးတွင် ယင်းသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီလက်အောက်တွင် နိုင်ငံ၏ပြည်တွင်းထုတ်ကုန် GDP မှာ ၁၈ ရာခိုင်နှုန်းအထိ ကျဆင်းသွားပြီး၊ လူ့စွမ်းအားအရင်းအမြစ် အမြောက်အမြားမှာ နိုင်ငံအတွင်းမှ စွန့်ခွာသွားကြကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောသည်။

ယင်းကဲ့သို့ အခြေအနေမျိုးတွင် နိုင်ငံသားအများစုမှာ စားဝတ်နေရေး အကျပ်အတည်းများနှင့် နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်နေရသည်။

လောင်းလုံးမြို့နယ်မှ မချောသက်တို့ မိသားစုသည်လည်း အတက်ကြမ်းသည့် ကုန်ဈေးနှုန်းကြောင့် အစားအသောက်ကို ခြိုးခြံချွေတာနေရသည်။

“အရင်ကဆို အိမ်က ကလေးတွေကို စားတာနဲ့ပတ်သက်ပြီး မိဘအနေနဲ့ မပြောရက်ဘူး။အခုက ဒီဟာကို အခုစားရင် ဒါကိုက ညနေမှစားဆိုပြီး ပြောနေရပြီရှင်။အရင်လို ဖောဖောသီသီ လုပ်လို့မရတော့ဘူးလေ။ အခုက တော်တော်လေးလေး ကျပ်တည်းနေကြတာကိုး” ဟု မချောသက်က ပြောသည်။

ပြည်သူအများစုမှာ ထမင်းဝိုင်းအတွင်း ဟင်းအမယ်လျှော့ပြီး ချွေတာနေရသကဲ့သို့ ဈေးပေါသည့် ဆန်အမျိုးအစားကို ရွေးချယ်စားသောက်လာကြသည်။

ယခင်က ငွေကျပ်တစ်သောင်းခွဲဖြင့် ဝယ်စားနေရသည့် ၁၂ ပြည်ဝင် ဆန်တစ်အိတ်ဈေးက နှစ်ဆကျော်တက်လာသည်။

CDM လုပ်ထားသည့် မဖြူဝင်းတစ်ယောက်လည်း အာဏာမသိမ်းမီက ရွှေဘိုပေါ်ဆန်းမွှေးဝယ်ချက်နေရာက လက်ရှိတွင်မူ ဇီယာအုပ်စုဝင် ဂျပန်မဆန်ကို ပြောင်းချက်နေရပြီဖြစ်သည်။

“အရင်ကဆိုရင် ပေါ်ဆန်မွှေးဆန်နဲ့ ဆန်ရှည်ကို‌ရောစားတယ်။ အခုက ဘယ်ကလာ ပေါ်ဆန်းမွှေး ဝယ်စားနိုင်မှာလဲ။ ပေါ်ဆန်းမွှေးနားကို ကပ်လို့မနိုင်ဘူး”

ဆန်ချောအုပ်စုဝင်မဟုတ်သည့် ဂျပန်မဆန် ၁၂ ပြည်ဝင်တစ်အိတ်ကိုပင် ငွေကျပ်သုံးသောင်းခွဲစွန်းစွန်း ဈေးပေါက်နေသည်။

ထိုကဲ့သို့ ဝမ်းစာရေးအတွက်ပင် မချိမဆံ့ရုန်းကန်နေရချိန်တွင် ဝတ်စားဆင်ယဉ်မည့်ကိစ္စအပါအဝင် အခြားငွေထွက်ပေါက်များကို စိတ်မကူးနိုင်တော့ကြောင်း မချောသက်က ဆိုသည်။

“စားဖိုးပဲ ဦးစားပေးရတော့တာပေါ့။ အိမ်ရှင်မ အချင်းချင်းတောင် တီးတိုးပြောနေကြရတယ်။ အခုချိန်မှာ အဝတ်အစား ဝယ်ဖို့ထက် စားဖို့ပဲ ဦးစားပေးနေကြရတဲ့အကြောင်းပေါ့” ဟု မချောသက်က ပြောသည်။

စစ်အာဏာသိမ်းပြီးချိန်ကတည်း စတက်နေသည့် ကုန်ဈေးနှုန်းမှာ မရပ်သေးဘဲ တက်ကောင်းနေဆဲ။

အလုပ်အကိုင်ကလည်း တစ်နေ့ထက်တစ်နေ့ ပိုမိုရှားပါးလာနေသည်။ မိုးရာသီရောက်ပြီဆိုလျှင် ——— ကဲ့သို့သော အလုပ်များမှာ လုပ်၍မရတော့သဖြင့် အလုပ်အကိုင် ပိုမိုရှားပါးလာဦးမည်။

ထားဝယ်မြို့ခံ မဖြူဝင်းက ရေရှည်ထမင်းနပ်မှန်ဖို့ပင် စိုးရိမ်နေရပြီဟုဆိုသည်။

“ရေရှည်ဆိုရင် (ထမင်းနပ်မှန်ဖို့အရေး) ဘယ်လိုလုပ်ရမှန်းတောင် မသိတော့ဘူး ။ မိုးလည်းကျတောမယ်ဆိုတော့ အမျိုးမျိုးပဲ စဉ်းစားနေရတာပေါ့”