ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

0
2125

ယခုအပတ် ရွှေဈေးမှာ တဖြည်းဖြည်းတက်လာပြီး ထိုင်းဘတ်ဈေးမှာ အလှုပ်အခတ်နည်းနည်းဖြင့် ဈေးဖွင့်ခဲ့သည်။

ဓာတ်ဆီဈေးမှာမူ တစ်လီတာလျှင် ကျပ် ရာဂဏန်းအထိ အလှုပ်အခတ်ရှိခဲ့သည်။

ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။

သင်္ကြန်အပြီး တက်လာသည့် ရွှေဈေး

အခေါက်ရွှေမှာ သင်္ကြန်ကာလပြီးချိန်တွင် တက်ရိပ်ပြလာသည်။

ယင်းကာလမတိုင်မီက တစ်ကျပ်သားလျှင် နှစ်ဆယ့်ကိုးသိန်းလေးသောင်းဝန်းကျင် ပေါက်ဈေးရှိခဲ့သည်။

လက်ရှိတွင်မူ တစ်ကျပ်သားလျှင် ကျပ်သုံးသောင်းခန့်တက်လာပြီး တစ်ကျပ်သားလျှင် နှစ်ဆယ့်ကိုးသိန်းရှစ်သောင်း ဈေးဖွင့်ထားသည်။

ထိုင်းဘတ်ငွေဈေးလည်း အတက်အကျနည်းနည်းဖြင့် ဈေးဖွင့်ခဲ့ပြီး ငြိမ်နေသည်။

တနင်္လာနေ့ပေါက်ဈေးအရ  ထိုင်းငွေတစ်ဘတ်လျှင် ၈၂ ကျပ်စွန်းစွန်းရှိခဲ့ပြီး နောင်ရက်များတွင်လည်း အတက်အကျအနည်းငယ်ရှိသည်။

ယခုအပတ် သောကြာနေ့ပေါက်ဈေးအရ ထိုင်းငွေ ၁၂၀၅  ဘတ် လဲလျှင် မြန်မာငွေကျပ် တစ်သိန်းရမည်ဖြစ်သည်။

အတက်အကျရှိသည့် စက်သုံးဆီဈေး

တနင်္သာရီတိုင်း၏ စက်သုံးဆီဈေးမှာ နေ့စဉ်အတက်အကျရှိခဲ့သည်။

ယခုတစ်ပတ်အတွင်း ဓာတ်ဆီတစ်လီတာလျှင်  ၁၁၀ ကျပ်အထိ အလှုပ်အခတ်ရှိခဲ့သည်။

ယခုအပတ် ထားဝယ်ဈေးကွက်အတွင်း 92 ဓာတ်ဆီတစ်လီတာလျှင် ၂၁၃၅ ကျပ် မှ ၂၃၄၅ ကျပ်အကြား နှုန်းထားဖြင့် ရောင်းချနေသည်။

အဆိုပါဈေးနှုန်းများမှာ လိုင်စင်ရှိဆီဆိုင်ကြီးများတွင် ရောင်းချရန် စစ်ကောင်စီက သတ်မှတ်ပေးထားသည့်နှုန်းထားများဖြစ်သည်။

စစ်ကောင်စီသတ်မှတ်နှုန်းမှာ မြေပြင်တွင်ရောင်းချနေသည့်ဈေးနှင့် အနည်းဆုံး ကျပ်ရာဂဏန်းမှ ထောင်ဂဏန်းအထိ ကွာခြားနေသည်။

ပန့်ခ်ဖြင့်ရောင်းချနေသည့် ပြင်ပဆိုင်ငယ်များတွင် မြို့ပေါ်နှင့် ကျေးလက်အပေါ်မူတည်ပြီး တစ်လီတာလျှင် ၂၄၀၀ ကျပ်မှ  ၃၂၀၀ ကျပ်ကျော်အထိ ရောင်းချနေသည်။

ဈေးကွက်သုံးသပ်ချက်

လာမည့်အပတ်ရွှေဈေးမှာ အပြောင်းအလဲရှိလာနိုင်ပြီး အတက်အကျကွာခြားချက် ကြီးမားနိုင်ကြောင်း ခန့်မှန်းရသည်။

လက်ရှိကမ္ဘာ့ရွှေပေါက်ဈေးမှာ တစ်အောင်စလျှင် ၁၉၈၃ ဒေါ်လာရှိပြီး အကျဘက်ရောက်နေသည်။ ပြီးခဲ့သည့်အပတ်ကမူ တစ်အောင်စလျှင် ဒေါ်လာ ၂၀၀၀ ကျော် ဈေးပေါက်နေသည်။

ကမ္ဘာ့ရွှေဈေးကျနေသော်လည်း ပြည်တွင်းရွှေဈေးမှာ လစာတိုးမည်ဆိုသည့် ကောလာဟလသတင်းကြောင့် အတက်ဘက်ဦးတည်နေသည်။

ကမ္ဘာ့ရွှေစျေး ကျဆင်းနေသော်လည်း ပြည်တွင်းရွှေစျေးတက်နေမှုကြောင့် ပြည်တွင်းရွှေစျေးမှာ အတက်အကျ ကြမ်းနိုင်မည့် အခြေအနေရှိနေသည်။

အလှုပ်အခတ်မရှိငြိမ်နေသည့် ထိုင်းဘတ်ဈေးမှာ လာမည့်အပတ်တွင် အနည်းငယ် တက်ရိပ်ပြလာနိုင်သည်။

သို့ရာတွင် ထိုင်း-မြန်မာနယ်တစ်လျှောက်တွင် တိုက်ပွဲများခပ်စိပ်စိပ်ဖြစ်ပွားနေပြီး နယ်စပ်ကုန်သွယ်ရေးမှာ ကျဆင်းနေသည့်အတွက် အဆမတန် တက်နိုင်မည့် အနေအထားမရှိကြောင်း သုံးသပ်ရသည်။

ပြည်တွင်းစက်သုံးဆီဈေးမှာ ကမ္ဘာ့ရေနံပေါက်ဈေး၊ အမေရိကန်ဒေါ်လာငွေလဲဈေးနှင့် နိုင်ငံရေးအခြေအနေအပေါ် မူတည်နေသည်။

လက်ရှိကမ္ဘာ့စက်သုံးဆီပေါက်ဈေးနှင့် ဒေါ်လာဈေးမှာ တက်ရိပ်ပြနေသည်။

အမေရိကန်တစ်ဒေါ်လာလျှင် ၂၈၅၅ ကျပ် ပေါက်ဈေးရှိနေသည်။

ယူကရိန်-ရုရှားစစ်ပွဲနှင့် ကမ္ဘာ့ရေးရာကိစ္စများကြောင့် စက်သုံးဆီဈေးမှာ မတည်မငြိမ်ဖြစ်နေမည့် သဘောရှိသည်။

 ထို့အပြင် ပြည်တွင်းလျှပ်စစ်မီးပြတ်တောက်မှုဂယက်နှင့် ဈေးကွက်အတွင်း စက်သုံးဆီဝယ်လိုအားများခြင်းကြောင့် ဈေးအမြင့်တွင်ပင် ဆက်ရှိနေနိုင်သည်။