တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

0
2340

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဧပြီ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ

ထိုင်ဝမ်သမ္မတနဲ့ အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ တွေ့ဆုံ

ထိုင်ဝမ်သမ္မတ Tsai Ing-wen နဲ့ အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ Kevin McCarthy တို့ ကယ်လီဖိုးနီးယား ပြည်နယ်မှာ ဧပြီလ ၅ ရက်နေ့က တွေ့ဆုံခဲ့ကြပါတယ်။

ထိုင်ဝမ်အပေါ် ထောက်ခံမှုဟာ မယိမ်းမယိုင်ဘဲ ခိုင်မာနေပြီး အမေရိကန်တွေက ထိုင်ဝမ်လူထုကို အမြဲထောက်ပံ့ပေးနေမယ်လို့ အောက်လွှတ်တော် ဥက္ကဋ္ဌက ပြောကြားခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့ ထိုင်ဝမ်ရဲ့ ဆက်ဆံရေးဟာ အခိုင်အမာဆုံး အနေအထားမှာ တွေ့နေရတယ်လို့ ပြောကြားခဲ့ပါတယ်။

ထိုင်ဝမ်ကို သူ့ပိုင်နယ်လို့ပြောပြီး တရုတ်နိုင်ငံဘက်က စစ်ရေးအရ ခြိမ်းခြောက်နေတဲ့ အခြေအနေဟာ မလျှော့တွက်သင့်ဘူးလို့ ထိုင်ဝမ်သမ္မတကနေ ပြောကြားခဲ့တယ်။

ထိုင်ဝမ်ဟာ သီးခြား တစ်ဦးတည်း ရပ်တည်နေတာ မဟုတ်ဘူးလို့လည်း ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံ ဘက်ကတော့ ထိုင်ဝမ်သမ္မတရဲ့ အမေရိကန် ခရီးစဉ်ကို အပြင်းအထန် ကန့်ကွက်နေခဲ့ပြီးတော့ အရှေ့တရုတ်ပင်လယ်ပြင်ကို စစ်သင်္ဘောတွေ၊ ရေယာဉ်တွေကို ဖြန့်ကျဲစေလွှတ်ခဲ့ပါတယ်။

Ref: CNN

………………………………..

သက်ဆင်သမီး ဝန်ကြီးချုပ်ရာထူး ဝင်ပြိုင်မည်

ထိုင်းဝန်ကြီးချုပ်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ်လို့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့သမီး (ဖယ်ထုန်ထန်း ရှင်နာဝပ်) Paetongtran Shinawatra က ဧပြီလ ၅ ရက်နေမှာ အတည်ပြုပြောကြားလိုက်ပါတယ်။

အနိုင်ရမယ်ဆိုရင် ထိုင်းနိုင်ငံသား အားလုံးကို ငွေကြေးထောက်ပံ့မှုတွေနဲ့ နေ့စဉ်လုပ်အားခ တိုးမြှင့်ပေးမယ်လို့ ကတိပြုလိုက်တာပါ။

မေလ ၁၄ ရက်နေ့မှာကျင်းပမဲ့ ရွေးကောက်ပွဲကို အာဏာသိမ်းမှု နှစ်ကြိမ်အထိ ကြုံခဲ့ရတဲ့ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးမိသားစုကနေ ဝင်ရောက်ယှဉ်ပြိုင်မှုတစ်ခုဖြစ်ခဲ့ပါတယ်။

ဒါဟာ အာဏာသိမ်းထားတဲ့ စစ်တပ်ထံကနေ ဒီမိုကရေစီ အာဏာပြန်ရမလားဆိုတဲ့အချက်အပေါ် လူထုစိတ်ဝင်စားမှု မြင့်တက်နေတာပါ။

ယင်းလတ်ရဲ့ အစိုးရကိုဖြုတ်ချခဲ့တဲ့ ၂၀၁၄ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း စစ်တပ်အကြီးအကဲဟောင်း ပရာယွတ်ချာအိုချာ အစိုးရအဖွဲ့ကနေ နိုင်ငံကို ဦးဆောင်ခဲ့တာဖြစ်ပါတယ်။

ပရာယွတ်အနေနဲ့ ဝန်ကြီးချုပ်ပြန်ဖြစ်ဖို့ အနည်းစုအစိုးရ တရပ်အပေါ်အားထားဖို့ လိုအပ်နေပါတယ်။

ဒါပေမဲ့ ရွေးကောက်ခံစရာမလိုတဲ့ အထက်လွှတ်တော်က အမတ် ၂၅၀ ရဲ့ ထောက်ခံမှုကိုတော့ ရနိုင်ပါတယ်။

Pheu Thai အတိုက်အခံပါတီက လက်ရှိဝန်ကြီးချုပ် ပရာယွတ်အတွက် အကြီးမားဆုံး အတားအဆီး ဖြစ်နေခဲ့ပါတယ်။

Ref: The Gurdian

………………………………..

တိုင်းပြည်ကိုကာကွယ်လို့ ရာဇဝတ်မှုနဲ့ တရားစွဲခံရတာလို့ သမ္မတဟောင်းထရမ့်ပ် တုံ့ပြန်

တိုင်းပြည်ကို ဖျက်ဆီးမယ့်သူတွေ လက်ထဲက ကာကွယ်ဖို့ ကြိုးစားတာကနေ ရာဇဝတ်ပြစ်မှုအနေနဲ့ တရားပြန်စွဲခံရတယ်လို့ သမ္မတဟောင်းထရမ့်ပ်က တုံ့ပြန်လိုက်ပါတယ်။

သူ့ကို တရားစွဲတာဟာ တိုင်းပြည်ကို စော်ကားတာလို့ ပြောကြားခဲ့တာပါ။

လိင်ဖျော်ဖြေရေးမင်းသမီး Stormy Daniels ကို နှုတ်ပိတ်ခ ငွေပေးခဲ့တာနဲ့ ဆက်စပ်ပြီး လုပ်ငန်းဆိုင်ရာ လိမ်လည်မှုတွေအဖြင့် စွဲချက် ၃၄ ခုနဲ့ ထရမ့်ကို တရားစွဲခဲ့တာပါ။

ထရမ့်ကတော့ သူ့ဘက်က အပြစ်ကျူးလွန်တာ ဘာမှမရှိခဲ့တဲ့အကြောင်း သူ့ကိုထောက်ခံသူ ရာနဲ့ချီကို မိန့်ခွန်းပြောခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ဒီလိုအခြေအနေမျိုး တွေ့ရဖို့ တွေးတောင် မတွေးကြည့်မိခဲ့ဖူးပါဘူး။

ကျနော့်အနေနဲ့ အပြစ်ကျူးလွန်တာဆိုလို့ ဒီနိုင်ငံကို ဖျက်စီးဖို့ ကြိုးစားသူတွေထံကနေ ကာကွယ်ဖို့ ရဲရဲဝံ့ဝံ့ ကြိုးပမ်းခဲ့တာသာ ဖြစ်ပါတယ်ဆိုပြီး ချေပပြောကြားခဲ့ပါတယ်။

ထရမ်ပ့်က ရာဇဝတ်ကြောင်းအရ တရားစွဲဆိုခံရတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ပထမဆုံးသမ္မတ ဖြစ်လာခဲ့ပါတယ်။

Ref: EL PAIS

………………………………..

TikTok အသုံးပြုမှု သြစတြေးလျ အစိုးရပိတ်ပင်

သြစတြေးလျနိုင်ငံမှာ ဧပြီလ ၄ ရက်ကစပြီး အစိုးရပိုင် မိုဘိုင်းဖုန်း၊ ကွန်ပြူတာနဲ့ ပစ္စည်းအားလုံးမှာ TikTok အသုံးပြုမှုကို ပိတ်ပင်လိုက်ပါတယ်။

TikTok ကို ပိတ်ပင်တဲ့ နိုင်ငံတွေထဲမှာ Five Eyes လုံခြုံရေးမိတ်ဖက်နိုင်ငံတွေထဲက သြစတြေးလျနိုင်ငံက နောက်ဆုံးပါဝင်လာခဲ့တာပါ။

သြစတြေးလျအနေနဲ့ အခုလို TikTok ကို ပိတ်ပင်လိုက်တဲ့အတွက် သူ့ရဲ့ အကြီးဆုံးကုန်သွယ်ရေးမိတ်ဖက် တရုတ်နိုင်ငံနဲ့ သံတမန်ရေး တင်းမာမှုအတွက် အန္တရာယ်ရှိနိုင်ပါတယ်။

ဒါပေမဲ့ အစိုးရက ထုတ်ပေးထားတဲ့ ပစ္စည်းတွေအပေါ်မှာပဲ ကန့်သတ်ထားတာဖြစ်တယ်လို့ သြစတြေးလျဘဏ္ဍာရေးဝန်ကြီး Katy Gallagher ကပြောကြားထားပါတယ်။

TikTok ကို ပိတ်ပင်ထားတဲ့နိုင်ငံတွေက သြစတြေးလျ၊ ကနေဒါ၊ အမေရိကန်၊ ဗြိတိန်၊ နယူးဇီလန်နဲ့ EU တို့လည်း ပါဝင်နေပါတယ်။

Ref: Yahoo

………………………………..

ဖင်လန်က NATO အဖွဲ့ဝင် ဖြစ်လာ

ဖင်လန်နိုင်ငံဟာ ဧပြီလ ၄ ရက်မှာ မြောက်အတ္တလန်တိတ် သဘောတူစာချုပ် စစ်ရေး မဟာမိတ်အဖွဲ့ ဖြစ်တဲ့ (NATO) ရဲ့ ၃၁ နိုင်ငံမြောက် အဖွဲ့ဝင်အသစ်နိုင်ငံအဖြစ် တရားဝင် ဖြစ်သွားပါပြီ။

ဘယ်လ်ဂျီယန်နိုင်ငံ ဘရပ်ဆဲလ်မြို့က နေတိုးဌာနချုပ်မှာ ဖင်လန်နိုင်ငံခြားရေးဝန်ကြီးနဲ့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးတို့ တရားဝင်စာရွက်စာတမ်းတွေ ပေးအပ်ပြီး အဖွဲ့ဝင် ဝင်ခွင့်လုပ်ငန်းစဉ်ကို အပြီးသတ်ခဲ့တာပါ။

ဒါဟာ ဖင်လန်နိုင်ငံက သူနဂိုကိုင်စွဲထားတဲ့ မူဝါဒကို လုံးဝပြောင်းလဲပစ်လိုက်တာ ဖြစ်ပါတယ်။

နေတိုးဌာနချုပ်မှာ ဖင်လန်အလံလွှင့်တင်တဲ့ အခမ်းအနားမှာ နေတိုး အထွေထွေအတွင်းရေးမှူးချုပ်က ဖင်လန် တပ်ဖွဲ့တွေကိုလည်း အရေးပါပြီး စွမ်းဆောင်ရည် အလွန်မြင့်မားတဲ့တပ်ဖွဲ့တွေလို့ ချီးကျူး ဂုဏ်ပြုခဲ့ပါတယ်။

Ref: CNN

………………………………..

ဘင်္ဂလားဒေ့ရှ်ဈေးကြီး မီးလောင်မှုကြောင့် ဆိုင်ခန်း ၃၀၀၀ ကျော်ပျက်စီး

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒါကာမှာရှိတဲ့ အဝတ်အထည်စျေးကြီး မီးလောင်ကျွမ်းခဲ့ပါတယ်။

မီးဟာ ဧပြီလ ၄ ရက်နေ့ နေ့လည် ၁၂ နာရီကျော်လောက်ကနေ စတင်လောင်ကျွမ်းခဲ့ပြီး ၆ နာရီကျော်ကြာမှာ ထိန်းချုပ်နိုင်ခဲ့တာပါ။

မီးလောင်ကျွမ်းမှုကြောင့် ဆိုင်ခန်း ၃၀၀၀ ကျော် ပြာကျသွားခဲ့ရသလို ဘေးပတ်ဝန်းကျင် ဆိုင်ခန်းတွေလည်း အပူကြောင့် ပျက်စီးကုန်ကြပါတယ်။

မီးလောင်မှုကြောင့် လူအသေအပျောက် မတွေ့ရှိရပေမယ့် ဒဏ်ရာရရှိခဲ့သူ အများအပြားရှိခဲ့ပါတယ်။

Ref: Aljazeera

………………………………..

မလေးရှားနိုင်ငံမှာ သေဒဏ်ပေးတဲ့စနစ် ဖျက်သိမ်း

မလေးရှားနိုင်ငံမှာ သေဒဏ်စီရင်တဲ့ စနစ်ကို ပယ်ဖျက်ပြီး ဥပဒေစီရင်အရေး အပြောင်းအလဲတွေ လုပ်ဖို့ မလေးရှားပါလီမန်က ဆုံးဖြတ်လိုက်ပါတယ်။

သေဒဏ်စီရင်ထားသူတွေရဲ့ ပြစ်ဒဏ်တွေကို လျှော့ချပြီး မသေမခြင်း ထောင်ဒဏ်ကျခံဖို့ အပြစ်ပေးတဲ့ စနစ်ကိုလည်း ဖျက်သိမ်းလိုက်ပါတယ်။

မလေးရှားနိုင်ငံမှာ ၂၀၁၈ ခုနှစ်ကတည်းက သေဒဏ်စီရင်ခံတာကို ဆိုင်းငံ့ထားတာပါ။

ပြင်ဆင်ချက်အရ သေဒဏ်အစား ထောင်ဒဏ် နှစ် ၄၀ အထိ သတ်မှတ်ပြီး အရင်က မသေမချင်း အကျဉ်းချခံထားတဲ့ ပြစ်မှုကျုးလွန်သူတွေကိုလည်း ပြောင်းလဲ သတ်မှတ်မှာပါ။

တစ်သက်တကျွန်း ထောင်ဒဏ်ကတော့ မလေးရှား ဥပဒေအရ ထောင်ဒဏ် နှစ် ၃၀ ဆက်ရှိနေမှာ ဖြစ်ပါတယ်။

အရှေ့တောင်အာရှနိုင်ငံတချို့မှာ သေဒဏ်စီရင်တာတွေ တိုးပြီးပြုလုပ်နေတဲ့အချိန် မလေးရှားမှာ အခုလို စီရင်တာကို ပယ်ဖျက်လိုက်ခြင်းဖြစ်ပါတယ်။

Ref: BBC

………………………………..

လူ ၁၂ ဦးကို အဆိပ်ခပ်သတ်ပြီး မြေမြှုပ်ခဲ့ကြောင်း အင်ဒိုနီးရှားနတ်ဆရာ ဝန်ခံ

အင်ဒိုနီးရှားမှာ နတ်ဆရာတစ်ယောက်ရဲ့ ခြံဝန်းထဲက ရုပ်အလောင်းအများအပြား တူးဖော်တွေ့ရှိခဲ့ပြီးနောက် ဖမ်းဆီးခဲ့ပါတယ်။

အနည်းဆုံး လူ ၁၂ ယောက်ကို သတ်ဖြတ်မှုနဲ့ သူ့ကို စွဲချက်တင်ထားပြီး သူကလည်း လူသတ်ခဲ့ကြောင်း ဝန်ခံထားတာပါ။

အသက် ၄၅ နှစ်ရှိတဲ့ နတ်ဆရာ တိုဟာရီက မှော်အစွမ်းနဲ့ ငွေတွေ ပွားပေးမယ်ဆိုပြီး လူတွေကို အယုံသွင်းခဲ့တာပါ။

ငွေတွေ ပွားမလာတဲ့အပြင် ပေးထားတဲ့ ငွေတွေပါ ပြန်မရလို့ လူတွေက နတ်ဆရာအိမ်ကို လာတောင်းကြတဲ့အခါမှာ နတ်ဆရာက အဆိပ်ခတ်သတ်ခဲ့တာပါ။

အလောင်းတွေကို ၂ လောင်း၊ ၃ လောင်း အတူတူမြေမြှုပ်ထားပြီး ရေဘူးတစ်ဘူးစီ ထည့်ပေးထားတယ်။

သေဆုံးသူတွေဟာ အသက် ၂၅ နှစ်ကနေ ၅၀ ကြားအရွယ်ရှိသူတွေဖြစ်ပြီး ပြင်ပဒဏ်ရာ ရထားတဲ့ပုံတော့ မတွေ့ရဘူးလို့ သိရပါတယ်။

Ref: BBC

………………………………..

Moana အန်နီးမေးရှင်းဇာတ်ကားကို Live Action အဖြစ် ရိုက်ကူးထုတ်လုပ်ဖို့ စီစဉ်

အန်နီးမေးရှင်း ရုပ်ရှင်ဇာတ်ကား Moana ကို live action အဖြစ် ရိုက်ကူးထုတ်လုပ်ဖို့ စီစဉ်နေပြီလို့ မင်းသား The Rock က ကြေညာလိုက်ပါတယ်။

Moana ဇာတ်ကားက ရှေးဟောင်းပိုလီနီးရှားမှာ ဇာတ်အိမ်တည်ထားတာပါ။

မျိုးနွယ်စုကို ကယ်တင်ဖို့ ရွက်လွှင့်ကာ စွန့်စားခန်းထွက်တဲ့ ဆယ်ကျော်သက်မိန်းကလေးတစ်ဦးရဲ့ ဇာတ်လမ်းအကြောင်းပုံဖော်ထားတဲ့ ဇတ်ကားဖြစ်ပါတယ်။

မူရင်းအန်နီးမေးရှင်းဇာတ်ကားက ၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး ရုံတင်ငွေ အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော်ရရှိခဲ့တာပါ။

ဒီဇာတ်ကားသစ်က ရိုက်ကူးဖို့ ပြင်ဆင်နေဆဲဖြစ်ပြီး ထွက်ရှိမယ့်ရက်ကိုလည်း ထုတ်ပြန် ကြေညာထားခြင်းမရှိပါဘူး။

Ref: REUTERS

………………………………..

ဆမ်ဆောင်းကုမ္ပဏီ အမြတ်ငွေ ၉၆ ရာခိုင်နှုန်းကျဆင်း

ဆမ်ဆောင်း အီလက်ထရောနစ်ကုမ္ပဏီရဲ့ ပထမသုံးလပတ်ကာလအတွင်း လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အမြတ်ငွေဟာ ၉၆ ရာခိုင်နှုန်းအထိ ကျဆင်းသွားပါတယ်။

ဒီအတိုင်းအတာဟာ လေ့လာအကဲခတ်သူတွေ ခန့်မှန်ထားတာထက် ပိုမိုဆိုးရွားသွားခဲ့တာပါ။

တောင်ကိုးရီးယားကုမ္ပဏီရဲ့ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အမြတ်ငွေဟာ ဇန်နဝါရီလကနေ မတ်လအတွင်း ဝမ်ငွေ ၆၀၀ ဘီလီယံသာ ရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် အစောပိုင်းတုန်းက ဝမ်ငွေ ၁၄ ဒသမ ၁၂ ထရီလီယံအထိ ရရှိခဲ့ပြီး ဝမ်ငွေ ၈၀၀ ဘီလီယံကျော် ကျဆင်းခဲ့တာပါ။

ဆမ်ဆောင်းရဲ့ ဘဏ္ဍာငွေဟာ အရင်နှစ်က ရရှိခဲ့တဲ့ ဝင်ငွေထက် ၁၉ ရာခိုင်နှုန်းအထိ ကျဆင်းသွားဖွယ်ရှိတယ်လို့ ကုမ္ပဏီဘက်က ပြောကြားထားပါတယ်။

Ref: CNN

………………………………..